တစ်ခါတုန်းက ကိုသာအေးဆိုတဲ့
လူတစ်ယောက်ဟာ
တောကနေ မြို့တက်လာပြီး နွားနို့ရောင်းပါတယ်။
ရွှေတိဂုံဘုရား
အနားရောက်တော့ နွားနို့အိုးကို ချပြီး
ဘုရားကို အဝေးကနေ ထိုင်ကတော့ပါတယ်။
“အရှင်ဘုရား၊ တပည့်တော်ဟာ
တောကနေ မြို့တက်ပြီး နို့ရောင်းရပါတယ်၊
နွားနို့ကို အရှင်ဘုရားကို
ကပ်လှူချင်ပါတယ်။
ဒါပေမယ့် တပည့်တော်တို့မိသားစုက
ဆင်းရဲလှပါတယ်အရှင်ဘုရား။
ဒါကြောင့် နွားနို့ကို
တစ်နေ့ရောင်းမှ တစ်နေ့စားရပါတယ်အရှင်ဘုရား။
မိသားစု ဝမ်းရေးဖြစ်တဲ့နွားနို့ကို
မကပ်လှူနိုင်တာကို ခွင့်လွှတ်တော်မူပါ အရှင်ဘုရား”လို့ဘုရားကိုတိုင်တည်ပြီး
ဆုအမျိုးမျိုးတောင်းပြီး
ထလိုက်ပါတယ်။
နောက် နွားနို့အိုးကို
ထမ်းပါတယ်။
နောက်ကိုလှည့်ကြည့်လှည့်ကြည့်နဲ့
ရှေ့ကိုသွားတော့ ခလုတ်တိုက်ပြီးလဲပါတယ်။
ဒီတော့ နွားနို့အိုးဟာ
မှောက်ကုန်ပါတယ်။
နွားနို့တွေ မှောက်လို့ကုန်တော့မှ
ကိုသာအေး ပြန်ပြောလိုက်တာက…
“ တကယ်လို့ နွားနို့တွေ
မှောက်မယ်မှန်းသိရင်
ဘုရားကို
ကပ်လှူပါတယ်”တဲ့။
+++++++++++++++++++++++++++
ကျနော်တို့ဘဝမှာ
ရှေ့ကို ဘာဖြစ်မှန်းမသိတာတွေက အများကြီးပါ။
ငွေတွေ ဘယ်လောက်ရရင် ဘာကောင်းကျိုးတွေလုပ်လိုက်မယ်။
ဘာကုသိုလ်တွေ လုပ်လိုက်မယ်လို့
မျှော်လင့်ထားတာတွေလည်းအများကြီးပါပဲ။
ကောင်းမှုတွေလုပ်ဖို့ အချိန်တွေ ဆွဲနေတတ်ပါတယ်။
ကုသိုလ်လုပ်ဖို့
အချိန်မဆွဲသင့်ပါဘူး။
ကုသိုလ် လုပ်ခွင့်ရရင်
လုပ်လိုက်တာ အကောင်းဆုံးပါပဲ။
မသေချာတဲ့လောကကြီးမှာ
အသေအချာမျှော်လင့်တာတွေအတွက်
မဖြစ်လာတော့မှ
အဲဒီအတွက် ဘယ်လိုကောင်းမှုကုသိုလ်တွေ လုပ်လိုက်ရင်
အကောင်းသားလို့
မကြာခဏ တွေး ဖြစ်တတ်ကြပါတယ်။
အဲဒီလိုမဖြစ်ရအောင်
ကုသိုလ်ကောင်းမှုလုပ်ဖို့အခွင့်အရေးရတာနဲ့
မဆိုင်းမတွ လုပ်လိုက်ဖို့
မြင်သာထင်သာတဲ့
အဖြစ်အပျက်တစ်ခုကို တင်ပြလိုက်ပါတယ်။
1 comment:
ဟုတ်ပ..တကယ်လို့ဆိုတာတွေ နည်းလာတာနဲ့အမျှ ကျွန်တော်တို့တွေလည်း နောင်တတွေ ဝေးဝေးလာကြမှာပါ..တကယ်လို့တွေ ဝေးကြပါစေ :)
Post a Comment