သို့
ချစ်တဲ့အမေ
သားသတိရစွာဖြင့် စာရေးလိုက်ပါတယ်။
သားတို့နေတဲ့အိမ်နဲ့ အလုပ်လုပ်နေတဲ့နေရာဖြစ်တဲ့
စိမ်းလန်းသစ်ပင်မောလ်(Green Tree Mall)နဲ့လည်း နီးတယ်။
လှမ်းကြည့်ရင်တောင် မြင်ရတယ်။
လမ်းလျှောက်ရင် ငါးမိနစ်နဲ့ ဆယ်မိနစ် အတွင်း ရောက်ပါတယ်။
ကျနော်က ကျန်းမာရေးအတွက် နေ့တိုင်းလမ်းလျှောက်ချင်တယ်။
လုပ်ဖော်ကိုင်ဖက် ချင်းတိုင်းရင်းသားမှာက ကားရှိတယ်။
သူ့ကားနဲ့လိုက်ဖို့ ဖိတ်ခေါ်တာနဲ့ကားနဲ့လိုက်ဖြစ်သွားတယ်။
တစ်လဝန်ကျင်တော့ သူ့ကားကို စီးဖြစ်သွားပါတယ်။
သူများကားကို စီးရတာ ကြာလာတော့ အားနာလာတယ်။
သူများကို မှီခိုတဲ့အလုပ်မျိုးကို မလုပ်ချင်ဘူး။
လူဆိုတာ ကိုယ့်စိတ်နဲ့ကိုယ်နေကြတာဆိုတော့
မှီခိုမှုက သူများစိတ်နဲ့နေသလိုဖြစ်တာမို့ ကျနော် မကြိုက်ဘူး။
ပြီးတော့ သိပ်မကြာခင်မှာ အပြောင်းအရွေ့က ရှိလာမှာမို့
ကားက ဝယ်မှဖြစ်မှာဆိုတော့ ကားဝယ်ဖြစ်သွားခဲ့တယ်။
အခုတော့ ကိုယ့်ကားနဲ့ကိုယ် အလုပ်ကိုသွားနေပါပြီ။
ကားဝယ်လိုက်တာဟာ ပေးရတဲ့တန်ဖိုးနဲ့တန်အောင် စိတ်ချမ်းသာရပါတယ်။
စိတ်သွားတိုင်း ကိုယ်ပါတယ်လေ။
အင်ဒီယားနားကိုရောက်ပြီး ဘယ်မှလည်း မသွားရသေးဘူး။
ရောက်ရောက်ချင်း အလုပ်ဝင်လိုက်တာကလည်း
ဘယ်မှမသွားနိုင်တဲ့အကြောင်းတစ်ခု
ဖြစ်သလို ကားမရှိတာလည်း မသွားနိုင်တဲ့အကြောင်းတစ်ခုပါပဲ။
အလုပ်ချိန်က မောလ်စဖွင့်ချိန်ကနေ ပိတ်ချိန်အထိဆိုတော့
တစ်နေကုန်ပါပဲ။
မောလ်က နံနက် ၁၀:၀၀ နာရီကနေ ည ၉:၀၀ အချိန်ထိဆိုတော့
တစ်နေ့ကို ၁၁:၀၀နာရီလောက်ကို အလုပ်ထဲမှာ
ရှိနေတဲ့သဘောဖြစ်နေတယ်။
စားသောက်ဆိုင်ဆိုတော့ နံနက်ပိုင်းကို နာရီဝက်စောသွားမှ
ဆိုင်ဖွင့်ချိန်ဖြစ်တဲ့ ၁၀:၀၀ နာရီ
အဆင်သင့် ဖြစ်မှာလေ။
ဆိုင်ပိတ်ချိန်မှာလည်း နာရီဝက်နီးပါးလောက်ကတော့
သိမ်းဆည်းနေရတာနဲ့ကုန်သွားတာပါပဲ။
ဒီတော့ တစ်နေ့လုံး (၁၂:၀၀) ကုန်သွားတဲ့သဘောဖြစ်နေတာပါပဲ။
အလုပ်သွားချိန်မှာ ရေတစ်ခါ ချိုးတယ်။
အလုပ်ကပြန်လာတော့လည်း ချွေးတလုံးလုံးနဲ့ဆိုတော့ ရေတစ်ခါ
ချိုးရပြန်တယ်။
ရေမချိုးရင် နေလို့မကောင်းဘူး။
ပင်ပန်းလွန်းတာကြောင့် အိပ်လို့မပျော်တဲ့ညဆိုတာ
မရှိသလောက်ပါပဲ။
ပင်ပန်းလွန်းရင်း စားလို့ကောင်းမှာပဲလို့တွေးခဲ့ဖူးတယ်။
ဒါပေမယ့် စားလို့မဝင်ဘူး။
အလုပ်ရှင်က စားတာကို ကြိုက်တဲ့အချိန်မှာ
ကြိုက်သလောက်စားခွင့်ပြုပါတယ်။
နေတာကိုလည်း စရိတ်ငြိမ်း စီစဉ်ပေးတယ်။
စားသောက်ဆိုင်မှာလုပ်ရတဲ့အားသားချက်ဟာ
နေစရိတ်၊စားစရိတ် မကုန်ကျတော့တာပဲ။
ဒီတော့ လခကို စုဆောင်းလို့ရတယ်။
စုဆောင်းငွေ ရှိရင် ရည်ရွယ်ချက်ကို
အကောင်အထည်ဖော်လို့ရနိုင်တာပေါ့အမေ။
ဒီမှာက ငွေမရှိရင် လုပ်နိုင်တာ သိပ်မရှိသလိုပဲ။
အလကားရနိုင်တာ ဘာမှမရှိပါဘူး။
အားလုံးကို တန်ရာတန်ဖိုးပေးရတာချည်းပါပဲ။
အရာအားလုံးကိုလည်း ငွေကြေးနဲ့တန်ဖိုးဖြတ်တာရယ်၊
နိုင်ငံတော်ကို အလုပ်နဲ့တည်ဆောက်တာရယ်
ကို ဒီမိုကရေစီလို့ခေါ်သလားမသိပါဘူး။
မြန်မာနိုင်ငံရဲ့ ကြားဖြတ်ရွေးချယ်ပွဲမှာ
ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့
အင်အယ်လ်ဒီ ပါတီ(NLD)ဟာဝင်ပြိုင်တဲ့နေရာ ၄၄-နေရာမှာ ၄၃-နေရာ
အနိုင်ရတဲ့အတွက် ကိုယ်နဲ့တိုက်ရိုက်မဆိုင်ပေမယ့်
ပျော်နေတဲ့ပြည်သူပြည်သားတွေကို ကြည့်ပြီး
အပျော်တွေကူးစက်ပြီး အလိုလိုနေရင်း ပျော်မိပါတယ်။
အမေတို့လည်း ပျော်နေမယ်လို့ထင်မိပါတယ်။
လွတ်လပ်စွာ မနေရ၊ မပြောရ၊ မလုပ်ရတဲ့ဘဝမှာ နှစ်ပေါင်းများစွာ
နေထိုင်လာရတော့
လွတ်လပ်တော့မယ့်အရိပ်အယောင်တွေတွေ့ရတဲ့အချိန်မှာ
ဝမ်းမြောက်ဝမ်းသာ ဖြစ်မယ်ဆို ဖြစ်စရာပါပဲ။
ဒါပေမယ့်အမေရေ…
စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံဆိုတာ ရဖို့ခက်ခဲသလို
ရလာပြန်တော့လည်း
ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ဖို့လည်း မလွယ်လှဘူးဆိုတာ
ဒီမိုကရေစီနိုင်ငံမှာ နေဖူးတော့မှ သိလာရပါတယ်။
လူတိုင်း လူတိုင်း ချမ်းချမ်းသာသာနေထိုင်၊စားသောက်နိုင်ဖို့
လူတိုင်း လူတိုင်း ပင်ပင်ပန်းပန်း အလုပ်လုပ်ရလိမ့်မယ်။
တန်ရာတန်ကြေး ပေးမှ
တန်ရာတန်ကြေး ပြန်ရတယ်ဆိုတာ ဒီမှာက ပိုမှန်နေတယ်။
သားတို့လင်မယားနှစ်ယောက်ဟာ အလုပ်ပိတ်ရက်တစ်ခုမှာ
အိမ်နဲ့နီးနေတဲ့ ပြင်ပ ကမ္ဘာ (Outdoor World)ကို အလည်သွားပါတယ်။
ထူးဆန်းတဲ့နေရာတစ်ခုကိုရောက်သွားသလို ခံစားရပါတယ်။
တောလိုက်ပစ္စည်းအမျိုးမျိုးနဲ့
ငါးဖမ်းပစ္စည်းအမျိုးမျိုးကိုရောင်းတာပါ။
စိတ်ဝင်စားစဖွယ်အမျိုးမျိုးလုပ်ပြီးရောင်းတဲ့
နေရာလို့ပြောရမယ်ထင်တယ်။
ရုပ်ဝတ္ထုတွေ အရမ်းချမ်းသာတော့ သူများအသက်ကို
အပျော်သဘောမျိုးနဲ့
စိတ်ဖျော်ဖြေတဲ့အလုပ်ကို ငွေကြေးအကုန်အကျခံပြီးလုပ်နေတာကိုတော့
အံသြမိပါတယ်။
ကျနော် အရမ်းချမ်းသာလာခဲ့ရင်လည်း ဒီလိုမျိုးနဲ့တော့
အချိန်လည်းအကုန်မခံနိုင်ပါဘူး။ငွေလည်း အကုန်မခံနိုင်ပါဘူး။
အဲဒီအတွက် အမေ စိတ်မပူပါနဲ့။
သား ဝါသနာ မပါပါဘူး။
ကဲ…အမေရေ..သားကို စိတ်ချပါ။
ဘဝမမေ့ဘူးဆိုတာကို အာမခံပါတယ်။
အမေ ကျန်းမာရေးကို ဂရုစိုက်နော်။
အမေ့ကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
ကလပ်ဗေးလ်မြို့(Clarksville)
အင်ဒီယားနားပြည်နယ် (Indiana)
အမေရိကန်ပြည်ထောင်စု (USA)
၎-၆-၂၀၁၂
No comments:
Post a Comment