တစ်ခါတုန်းက
ကျနော်ဟာ ကချင်ပြည်နယ်၊ ဖါးကန့်မြို့နယ်တွင်
နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ဖူးပါတယ်။
ဆေးခန်းဖွင့်ပြန်တော့ ကချင်တိုင်းရင်းသားများစွာနဲ့ ဆက်ဆံရပါတယ်။
ကချင်များဟာ ရိုးသားပွင့်လင်းသူများ ဖြစ်ကြပါတယ်။
တစ်နေ့မှာတော့ ဆေးခန်းသို့ ကချင်တိုင်းရင်းသားကြီးတစ်ယောက်လာပါတယ်။
ချောင်းဆိုးပြီး ဖျားနေသောကြောင့် ဆေးခန်းလာပြခြင်း ဖြစ်ပါတယ်။
သူက ဆေးခန်းကို မကြာခဏလာတတ်သူဖြစ်သောကြောင့်
သူ့ကို ဆေးခန်းရှိ ဝန်ထမ်းအားလုံးက ခင်မင်နေကြပါတယ်။
သူ့နာမည်ကိုလည်း ကချင်ကြီး လို့သာ အားလုံးက ခေါ်ကြပါတယ်။
ကချင်ကြီးက
" ဆရာ၊ ငါ ဖျားနေတယ်။ ပြီးတော့ ချောင်းဆိုးနေတယ်။
ညဖက် ငါ အိပ်လို့မပျော်ဘူး။ အဲဒါ ငါ အမြန်ဆုံးပျောက်ချင်တယ်။
ညဖက် ငါ ကောင်းကောင်း အိပ်ပျော်ချင်တယ်"လို့ပြောပါတယ်။
ကျနော်က
" အနာသိရင် ဆေးရှိပါတယ်။
ကချင်ကြီး ဖြစ်နေတာ ငှက်ဖျားလား
ကြက်ဖျားလား သဲသဲကွဲကွဲ သိဖို့လိုမယ်နော်"လို့ နောက်လိုက်ပါတယ်။
ကချင်ကြီးက
"အခုငါဖြစ်တာတော့ ငှက်ဖျားဖြစ်မယ် ထင်တယ်နော်။
ကြက်ဖျား မဖြစ်တာတော့ ကြာပြီပဲ။
ကြက်ဖျားက ချောင်းဆိုးလို့လား" တဲ့။
ကျနော် နောက်လိုက်တာကို နောက်မှန်းမသိပဲ ရိုးရိုးသားသား ပြန်ဖြေနေပါတယ်။
ကျနော်က သူ့ကိုသေသေချာချာ စမ်းသပ်ပြီးနောက်
ဓာတ်ခွဲခန်းမှူးကို သွေးစစ်ဖို့ ညွှန်ကြားလိုက်ပါတယ်။
ဖါးကန့်ကို ရောက်လာခါစ ဓာတ်ခွဲခန်းမှူးအသစ်က
"ကချင်တွေက စကားပြောရင် ငါ ငါ နဲ့ပြောတယ်။
ကျနော် ကျနော် နဲ့မပြောတတ်ဘူးလား မသိဘူးနော်။
ရန်ကုန် နားနဲ့နားထောင်တော့ ရိုင်းနေသလို ဖြစ်နေတယ်။"လို
ပြောပါတယ်။
ဒီတော့ ကချင်ကြီး ပြန်ပြောလိုက်တာက...
"ဟုတ်တယ်ဆရာလေး။
ဒီဖါးကန့်နယ်မှာ ကျနော် ကျနော်လို့ ပြောတတ်တဲ့ကချင်ဆိုလို့
ငါတစ်ယောက်ထဲရှိတယ် ဆရာလေး" တဲ့။
ဆေးခန်းထဲမှာ ရှိတဲ့ လူနာတွေအားလုံးက ဝိုင်းရီကြတယ်။
ကျနော်တို့လည်း ပြုံးမိကြပါတယ်။
No comments:
Post a Comment