သို့
ချစ်တဲ့အမေ
သားသတိရစွာဖြင့်စာရေးလိုက်ပါတယ်။
အမေနေကောင်းလား။
အမေပြောသလိုပဲ။
လူဆိုတာ ကိုယ့်ဘဝကို ကိုယ်ရွေးချယ်ဆုံးဖြတ်ရတယ်။
သူများရွေးချယ်ဆုံးဖြတ်တာကို ခံဖို့မလိုအပ်ဘူး။
ကိုယ့်ဘာသာ ကိုယ်ရွေးချယ်၊ဆုံးဖြတ်လိုက်လို့
ဖြစ်လာသမျှကို ကောင်းကောင်း၊ဆိုးဆိုး ခံနိုင်ရည်ရှိတယ်။
လက်ခံနိုင်တယ်။
ကယ်လီးဖိုးနီးယားမှာ တစ်နှစ်နေကြည့်တယ်။
ငွေကြေးမစုဆောင်းနိုင်ခဲ့ဘူး။
ဒီအတိုင်း ဆက်နေသွားရင် မိုက်မဲရာ ကျလိမ့်မယ်။
ရေရှည်ကို ကြည့်ရင် ဆက်မနေသင့်တဲ့နေရာတစ်ခုမှန်းသိလာတယ်။
ဒါကြောင့် ဒီနေရာက ခွာဖို့ဆုံးဖြတ်ဖြစ်တယ်။
မိန်းမကို တိုင်ပင်ကြည့်တော့လည်း မိန်းမက သဘောတူတယ်။
ပထမအစီအစဉ်အရ
အရင်ဆုံးလုပ်ရမယ့်အလုပ်ကတော့ ကားကိုရောင်းဖို့ပါပဲ။
အကယ်လို့ ကားရောင်းလို့မရရင် ဒုတိယအစီအစဉ်အရ
ကားကို
အင်ဒီယားနားကို
မောင်းသွားဖို့လုပ်ရမယ်။
ကားမောင်းသွားရင်တော့ မိုင်ပေါင်းက
နှစ်ထောင်သုံးရာကျော်တော့ရှိတယ်။
အခက်အခဲရှိပေမယ့် လုပ်ရင်တော့
မလုပ်နိုင်စရာ မရှိပါဘူး။
အစဉ်ပြေချင်တော့ ကားဝယ်သူနဲ့တွေ့တယ်။
ရောင်းဖြစ်လိုက်တယ်။
ဝယ်ခဲ့တဲ့ဈေးနှုန်းလောက်မရပေမယ့်
အဲဒီနီးပါးလောက်ရခဲ့တယ်။
သူမကလည်း ကားကိုလိုချင်တယ်။ သူမဟာ
မိန်းမနဲ့လုပ်ငန်းတူမိတ်ဆွေလည်းဖြစ်တယ်။
သူ့ကိုကျေးဇူးတင်တဲ့အနေနဲ့
အိမ်ထောင်ပရိဘောဂတွေကို
သူ့လိုချင်သရွေ့ပေးဖို့ မိန်းမက
ဆုံးဖြတ်တယ်။
သူမယူနိုင်တဲ့အိမ်ထောင်ပရိဘောဂကိုမှ
အခြားလူတွေကို လှူဒါန်းလိုက်တယ်။
အဝတ်အစားအများအပြားကိုတော့ good will
ကိုလှူဒါန်းလိုက်တယ်။
နေတဲ့အချိန်မှာ
ကောင်းကောင်းနေမယ်ဆိုတဲ့စိတ်ကူးကြောင့်
အိမ်ထောင်ပရိဘောဂအတော်များများ
ကိုဝယ်ဖြစ်လိုက်တယ်။
ရုပ်ဝတ္ထုတွေအလွန်ပေါများတဲ့နိုင်ငံဖြစ်တာမို့
ငွေနည်းနည်းနဲ့ ပစ္စည်းများများရတယ်။
ပြောင်းဖို့လုပ်တော့ သယ်လို့ကလည်း မရ။
မဖြစ်မနေသယ်ယူသွားရင်ရပေမယ့်
သယ်ယူစရိတ်က
ဝယ်ယူစရိတ်ထက်ပိုများနေတာကြောင့်
လှူဒါန်းဖို့သာ ဆုံးဖြတ်လိုက်ကြပါတယ်။
မိတ်ဆွေအချို့ ပစ္စည်းတွေကို
ပြန်ရောင်းဖို့တိုက်တွန်းပါတယ်။
သွားရမယ့်ရက်က အတိအကျ
သတ်မှတ်ပြီးပြီမို့ စိတ်ရှုတ်မခံချင်တော့ပါ။
လှူဒါန်းတာက ပိုပြီး စိတ်ရှင်းပါတယ်။
လှူဒါန်းလိုက်တော့ ကိစ္စကလည်း
မြန်မြန်ဆန်ဆန် ပြီးစီးသွားပါတယ်။
ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ဟာ
အမေရိကန်နိုင်ငံကိုရောက်တဲ့တစ်နှစ်ပြည့်နေ့ဖြစ်တယ်။
တစ်နှစ်ပြည့်တဲ့ အဲဒီနေ့မှာပဲ
ကယ်လီဖိုးနီးယားကနေ အင်ဒီယားနားကို လေကြောင်းခရီးနဲ့
ခရီးထွက်ဖို့ဖြစ်လာပါတယ်။
ဆန်ဖရန်စစ္စကိုလေဆိပ်ကနေ
လေယာဉ်စီးရပါတယ်။
လေယာဉ်ထွက်ခွာချိန်က နံက်၁၀း၄၀နာရီဖြစ်တယ်။
အတွေ့အကြုံအရ နောက်မကျလေအောင်
နံက် ၇၀၀နာရီကထဲက အိမ်ကနေ ထွက်ခဲ့ပါတယ်။
အိမ်ကနေ လေဆိပ်ကို
တစ်နာရီနီးပါးမောင်းရပါတယ်။
အိမ်ခန်း(အပတ်မန့်)က မန်နေဂျာက
လိုက်ပို့ပါတယ်။ အစစအရာရာ အစဉ်ပြေပါတယ်။
လေဆိပ်က ပေါင် ၅၀
ရှိတဲ့အိတ်လေးလုံးသယ်ခွင့်ပေးပါတယ်။
အဲဒီအိတ်လေးလုံးကလည်း မြန်မာပြည်က
သယ်လာတဲ့အိတ်တွေဖြစ်ပါတယ်။
ဒီမှာဝယ်တဲ့ပစ္စည်းအများစုကို
လှူဒါန်းဖြစ်ပါတယ်။
မိန်းမက အကောင်းဖက်ကတွေးဖြစ်ပါတယ်။
"အမေရိကန်နိုင်ငံမှာ
အိပ်ထဲကငွေမစိုက်လိုက်ရဘဲ
တစ်နှစ်နေဖြစ်တာကတော့ အမြတ်တစ်ခုလို့
ယူဆပါတယ်" တဲ့။
"လုပ်ငန်း အတွေ့အကြုံလည်း အများကြီးရလိုက်တယ်။
ပညာလည်း အများကြီးရလိုက်တယ်။
လူတွေအကြောင်းလည်း အများကြီးသိခွင့်ရလိုက်ပါတယ်။
ကိုယ်အထင်တကြီးရှိခဲ့တဲ့ဆွေမျိုးတွေရဲ့
အကြောင်းကိုလည်း
အမှန်အတိုင်းသိခွင့်ရလိုက်တယ်။
အဲဒါတွေကတော့
ငွေနဲ့ဝယ်လို့မရတဲ့အမြတ်တွေလို့မှတ်ယူပါတယ်"တဲ့။
လေယာဉ်က သတ်မှတ်ထားတဲ့အချိန်အတိုင်း
ဆန်ဖရန်စစ္စကိုနိုင်ငံတကာလေဆိပ် (San
Francisco(SFO)
International airport မှ နံက် ၁၀း၄၀-နာရီအတိအကျမှာ
ထွက်ခွာဖြစ်ပါတယ်။
မိုင်ပေါင်းနှစ်ထောင်ကျော်ခရီးမှာ
ဆန်ဒီရေဂို နိုင်ငံတကာ လေဆိပ်(San
Diego international airport) မှာ တစ်ထောက်နားပါတယ်။
ခရီးသည်အများစုဟာ ဆင်းသွားကြပါတယ်။
နာရီဝက်လောက်လေယာဉ်ပေါ်မှာ
ထိုင်စောင့်ရပါတယ်။
နောက်မကြာခင်မှာပဲ လေယာဉ်က
ထွက်ဖြစ်လာပါတယ်။
နောက်လေဆိပ်ကတော့ ဖိုးနစ် နိုင်ငံတကာ
လေဆိပ်(phoenix international airport) ဖြစ်ပါတယ်။
ဒီလေဆိပ်မှာ လေယာဉ်ပြောင်းစီးရပါတယ်။
နောက်မကြာခင်မှာပဲ ဆက်ထွက်ဖြစ်ပါတယ်။
သတ်မှတ်ထားတဲ့ည၈:၅၅-နာရီမှာ
လူဝစ်ဗေး နိုင်ငံတကာလေဆိပ် (Louisville (SDF) international
airport) ကို
ဆိုက်ရောက်လာပါတယ်။
ကျနော်တို့ကို မိတ်ဆွေရဲ့သူငယ်ချင်း
ဖြစ်တဲ့ လုပ်ငန်းရှင် ကိုဝိန်းကလာကြိုပါတယ်။
သူဟာ
ကျနော်တို့ရဲ့လုပ်ငန်းရှင်အသစ်လည်း ဖြစ်ပါတယ်။
ညစာကိုလည်း စီစဉ်ပေးသလို
ညအိပ်ဖို့၊နေဖို့နေရာလည်း စီစဉ်ပေးပါတယ်။
သူငယ်ချင်းရဲ့ကူညီပေးမှုကြောင့်
အစစအရာရာ အဆင်ပြေလှပါတယ်အမေ။
ကဲ…အမေရေ စာလည်းရှည်သွားပြီထင်တယ်။
နားဦးမယ်နော်
ချစ်တဲ့သား
အောင်ဝင်းဟိန်း
ကလပ်ဗေးလ်မြို့(Clarksville)
အင်ဒီယားနား(Indiana)
အမေရိကန်နိုင်ငံ(USA)
၃-၁၀-၂၀၁၂
1 comment:
အမေကိုချစ်တဲ့ အကိုရေ
စာတွေဒီထပ်မက တွေးနိုင်
ရေးနိုင်ပါစေလို့ 
Post a Comment