သို့
ချစ်တဲ့အမေ
သားသတိတရ စာရေးလိုက်ပါတယ်။
အမေ နေကောင်းလား။
အမေ ပြောခဲ့သလိုပါပဲ။
“ပြောင်းလဲဖို့လိုအပ်လာတဲ့အခါ ရဲရဲဝင့်ဝင့်
ပြောင်းလဲနိုင်ရမယ်”တဲ့။
ဟုတ်တယ်အမေ၊
ကျနော်ပြောင်းလဲဖို့လိုအပ်နေပြီ။
ကယ်လီဖိုးနီးယားမှာနေတာ ကောင်းတာရှိသလို
မကောင်းတာလည်း ရှိနေပါတယ်။
ကောင်းတာတွေက အတွေ့အကြုံသစ်တွေ အများကြီးရတာပါပဲ။
ဒီဒေသဟာ သမုဒ္ဒရာနဲ့နီးလို့လားမသိဘူး။
ရာသီဥတု အလွန်ကောင်းတယ်။
အေးတဲ့အခါ အလွန်အကျွံမအေးပါဘူး။
ပူတဲ့အခါမှာလည်း အလွန်အကျွံ မပူပါဘူး။
ရာသီဥတုမပြင်းထန်တော့ နေလို့ထိုင်လို့ကောင်းတယ်။
မကောင်းတဲ့အချက်ကတော့ လူနေများလွန်းလှတယ်။
ဒီမှာက လူနေမှုနေထိုင်စရိတ်တွေက ကြီးမြင့်လွန်းလှတယ်။
ပြီးတော့ လူနေများတော့ အလုပ်ကရှားပါးလှတယ်။
အလုပ်လက်မဲ့တွေ အမြင့်ဆုံးရောက်နေချိန်မှာဆိုတော့
ကယ်လီဖိုးနီးယားက ထိပ်ဆုံးကပြေးနေမယ်ထင်တယ်။
မိန်းမတစ်ယောက်လုပ်စာကို နှစ်ယောက်စားသလိုဖြစ်နေတော့
ရရစားစားဖြစ်နေတယ်။
ဒါကြောင့် ငွေမစုဆောင်းနိုင်ခဲ့ဘူးအမေ။
ငွေပိုမရှိတာဟာ ကျန်းမာနေတဲ့ကာလမှာ မသိသာပေမယ့်
မကျန်းမမာဖြစ်ခဲ့မယ်ဆိုရင်
ဘယ်လိုလုပ်မလဲ။
လူဆိုတာ နာခြင်းကင်းတဲ့သတ္တဝါ မဟုတ်ဘူးလေ။
ဒီတော့ အဲဒါတွေကို ထည့်တွက်ရတယ်။
နောက်တစ်ချက်က ငွေပိုမရှိတော့ နောက်တစ်ဆင့်ကို
ခုန်ကူးဖို့မဖြစ်နိုင်ဘူးလေ။
တစ်သက်လုံး သူများအခစားအလုပ်ချည်း
တော့ ဘယ်လုပ်နိုင်မလဲ။
အခု လုပ်ငန်းရှင်တွေဖြစ်တဲ့သူတွေမှာ
ကိုယ့်ထက် သာတာဆိုလို့ ငွေတစ်ခုတည်းရှိတာပါ။
ကျန်တဲ့အရည်အချင်းတွေမှာ ယှဉ်ရဲပါတယ်။
အမေရိကန်နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံဖြစ်တော့
အရာရာကို ငွေကဆုံးဖြတ်နေတယ်။
ကိုယ့်ထက်စောစော ရောက်နေတဲ့မြန်မာတွေက
ငွေပိုရှိတာ မဆန်းပါဘူး။
ငွေပိုရှိတော့ ရှိတဲငွေနဲ့
တန်တဲ့လုပ်ငန်းတွေ လုပ်နေကြတာလည်း မဆန်းပါဘူး။
ဆန်းတာက သူတို့ရဲ့စိတ်ဓာတ်တွေပဲ။
ရှိတဲ့ငွေထက်ပိုတဲ့ မာနတွေရှိနေကြတယ်။
ငါတို့မှ လုပ်နိုင်တယ်။ သူများတွေ
မလုပ်နိုင်ကြဘူးဆိုတဲ့စိတ်ဓာတ်မျိုးတွေပေါ့။
ပြီးတော့ ငါတို့က
အမေရိကန်လူမျိုးတွေဆိုတဲ့စိတ်ဓာတ်မျိုးတွေပေါ့။
နောက်တစ်ခုက
ကိုယ့်ထက်သာသွားမှာကို စိုးရိမ်တဲ့
မနာလို၊ဝန်တိုတဲ့စိတ်ဓာတ်တွေ
အထင်အရှားရှိနေကြတယ်။
ကိုယ်ဆက်ဆံတဲ့အသိုင်းအဝန်းတွေက
မြန်မာတွေမို့လားမသိဘူး။
မြန်မာတွေမှာ ဒီလိုစိတ်ဓာတ်မျိုးတွေကို
လူများစုမှာတွေ့နေရတယ်။
အံသြစရာပါပဲ။
ဒီနေရာက ကိုယ့်အတွက်
ဘူမိနက်သန်မဟုတ်မှန်းသိလာတယ်။
တစ်နှစ်ပြည့်လို့မစွံမှန်းသိရပြီ။
နောက်နှစ်တော့ ဟုတ်နိုးနိုးနဲ့
မစောင့်ချင်ဘူး။
ပြောင်းလဲဖို့လိုအပ်ပြီလို့ဆုံးဖြတ်တယ်။
မိန်းမကလည်း ဆုံးဖြတ်ချက်ကို
သဘောတူတယ်။
ဒီတော့ သူ့မရဲ့အလုပ်ရှင် လင်မယားကို
တစ်နေရာမှာ ချိန်းပြီးပြောတယ်။
“သူငယ်ချင်းက
ရှာပေးတဲ့အလုပ်တစ်ခုရလို့နောက်နှစ်ပတ်ကျော်မှာ ပြောင်းဖို့
အသိပေးတာပါ”လို့ကျနော်က ပြောလိုက်တယ်။
နွေခေါင်ခေါင် မိုးကြိုးပစ်သံကို
ရုတ်တရက်ကြားလိုက်ရသလို အံ့သြတုန်လှုပ်သွားကြတယ်။
မျက်နှာလည်းပျက်သွားကြတယ်။
“မရွေ့မပြောင်းနိုင်တဲ့အိမ်ထောင်ပရိဘောဂတွေကို
ဘယ်လိုလုပ်မလဲ” လို့မေးတယ်။
အော်…သူတို့တွေ အိမ်ခန်းငှားပေးတာ၊
အိမ်ထောင်ပရိဘောဂ ဝယ်နိုင်အောင် စီစဉ်ပေးတာဟာ
သဘောရိုးလို့ထင်ခဲ့မိတယ်။
အခုတော့ ကြိုတင်ကြံစည်ထားချက်တွေပါလားလို့ထင်လာမိတယ်။
အိမ်ခန်းငှားခက လခရဲ့၈၀%ပေးရတယ်။ ဈေးကြီးနေတယ်။
"မယူနိုင်တာ အားလုံး
လှူပစ်လိုက်မယ်"လို့ပြန်ဖြေလိုက်တယ်။
"ဒီလို လုပ်လို့ဘယ်ရမလဲ၊
ပြောင်းမယ်ဆိုရင် နှစ်လလောက်တော့
အသိပေးသင့်တာပေါ့"
လို့ဒေါသတကြီးပြောတယ်။
အလုပ်ဝင်တုန်းက အဲဒီကိစ္စကို
ကြိုတင်ပြောဆိုထားတာမရှိပါဘူး။
ဘယ်အလုပ်ရှင်မှလည်း အလုပ်သမားကို
အလုပ်ကထုတ်ပစ်ချင်တဲ့အခါ
ကြိုတင်ပြောဆိုတာမရှိပါဘူး။
အပြစ်အမျိုးမျိုး ရှာပြီး
အလုပ်ချိန်လျော့ပစ်တယ်။
ပုံမှန်ပေးတဲ့ လစာကို ရုတ်တရက်
လျော့ချပစ်တယ်။
အလုပ်သမားက မရပ်တည်နိုင်တော့
အလုပ်ကထွက်ပြီး အခြားအလုပ်ကို ရှာရတော့တာပါပဲ။
ဒီမှာက ထုံးစံဖြစ်နေပြီ။
အခုတော့
ဝင်ငွေကောင်းအောင်လုပ်ပေးနိုင်တဲ့ဝန်ထမ်းတစ်ယောက်က
ရုတ်တရက်ထွက်တော့
မခံမရပ်ဖြစ်သွားတဲ့သဘောလို့ထင်တယ်။
ကြည်ကြည်သာသာနဲ့ပြီးရမယ့်ကိစ္စဟာ
ဒေါသတွေနဲ့အဆုံးသတ်သွားတယ်အမေ။
ဟိုတုန်းက ကောင်းလား
ကောင်းရဲ့လုပ်ခဲ့ဖူးတာတွေကို
အဆိုးတွေနဲ့ တုန့်ပြန်ပါတယ်။
သိသာလွန်းလှပါတယ်။
ချက်ချင်းဆိုသလို အဆိုးသတင်းတွေ
လွှင့်ပါတယ်။
ကားရောင်းတဲ့ကိစ္စတွေကိုလည်း
ဘယ်သူမှမဝယ်အောင် လိုက်ဖျက်ပါတယ်။
သူတို့ခရတ်တစ်ကဒ်ရဲ့နာမည်နဲ့လုပ်ထားခဲ့တဲ့
တယ်လီဖုန်းလိုင်းနှစ်လိုင်းကိုလည်း
ကြိုတင်အကြောင်းကြားခြင်းမရှိပဲ ဖြတ်ပစ်လိုက်ပါတယ်။
ဖုန်းကန်ထရိုက်ကို သူ့သဘောနဲ့သူ
ဖျက်ပစ်လိုက်တာကို ကျနော်တို့ဆီက
အလျှော်တောင်းပါတယ်။
လခနဲ့နှိပ်ပစ်လိုက်ပါတယ်။
ခရီးသွားဖို့
လေယာဉ်လက်မှတ်ဝယ်ထားပြီးဖြစ်တဲ့အတွက် ပြဿာနာမတက်ချင်လို့
ကျနော်တို့ဖက်က အလျော့ပေးလိုက်ပါတယ်။
အဲဒီဖုန်းအတွက် ဒေါ်လာ ငါးရာ
ပတ်ဝန်ကျင် အဆုံးရှုံး ခံလိုက်ရပါတယ်။
ပြောရင်တော့
မကုန်နိုင်လောက်အောင်ပါပဲ။
ပြောမယုံ၊ ကြုံဖူးမှသိဆိုသလိုပါပဲ။
လူတွေ အကြောင်းကို
အများကြီးသိခွင့်ရလိုက်ပါတယ်။
အတွေ့အကြုံတွေ အများကြီးရလိုက်တာကို
အမြတ်လို့သဘောထားလိုက်ပါတယ်။
အမေ့ကို ရင်ဖွင့်ခွင့်ရတဲ့အတွက်
အထူးကျေးဇူးတင်ပါတယ်။
အမေ ကျန်းမာရေးကို ဂရုစိုက်ပါ။
အမေပြောခဲ့ဖူးသလို
"အစဉ်ပြေတာဖြစ်ဖြစ်၊ အစဉ်မပြေတာဖြစ်ဖြစ်၊
မမြဲတဲ့သဘောတရားဖြစ်တာမို့
သဘောထားမှန်မှန်ကန်ကန်နဲ့ ရင်ဆိုင်တတ်ဖို့က
ပိုအရေးကြီးပါတယ်"ဆိုတာကို
သားမမေ့ပါဘူးအမေ။
ချစ်တဲ့သား
အောင်ဝင်းဟိန်း
ဆန်ဟိုဆေးမြို့
(San Jose)
ကယ်လီဖိုးနီးယားပြည်နယ်
(California)
အမေရိကန်ပြည်ထောင်စု(USA)
၂-၂၉-၂၀၁၂
No comments:
Post a Comment