ကျနော် အမေရိကားကိုရောက်ပြီးလပေါင်းများစွာကြာလာတဲ့အခါ
မြန်မာအစားအစာကိုစားချိန်စိတ်မကြာခဏဖြစ်ပေါ်လာပါတယ်။
အဲဒီအချိန်မှာပင် မိတ်ဆွေတစ်ဦးက သူ့ရဲ့အမေက မြန်မာပြည်က ငါးခြောက်မျိုးစုံကို
လူကြုံနဲ့ပေးပို့လာတယ်လို့ပြောပါတယ်။
ပြီးတော့ ငါးခြောက်အထုပ်များစွာထဲက
အထုပ်လေးငါးခြောက်ထုပ်ကိုလည်း ထပ်ဆင့်လက်ဆောင်ပေးပါတယ်။
မြန်မာပြည်မှာနေစဉ်တုန်းကတော့ ငါးခြောက်ကို တန်ဖိုးထားပြီးစားရကောင်းမှန်းမသိခဲ့ပါ။
အကြောင်းမှာ ငါးခြောက်ဟာ သွေးတိုးရောဂါကို မြှောက်ထိုးပင့်ကော်လုပ်ပေးနိုင်တယ်လို့
သိထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
အမေရိကားမှာ ငါးခြောက်ပြားကို ဆီဆမ်းပြီး၊ထမင်းပူပူနွေးနွေးနဲ့စားရတာဟာ
ဘယ်လိုအရသာရှိမှန်းပြောရုံနဲ့မလုံလောက်တော့ပါ။
ကိုယ်တိုင်စားကြည့်မှသာသိနိုင်တော့မယ့်အရသာမျိုးဖြစ်နေပါတော့တယ်။
ကိုယ့်နိုင်ငံနဲ့အစားအသောက်လုံးဝခြားနားသွားတဲ့နိုင်ငံမှာနေထိုင်ရတဲ့အခါ
ငါးခြောက်ပြားအပေါ်ဖြစ်ပေါ်လာတဲ့ရသတဏှာအပေါ်
စွဲလန်းစိတ်ဖြစ်ပေါ်သွားပါတယ်။
ဒါကြောင့် ငယ်စဉ်တုန်းက သင်ကြားခဲ့ရတဲ့
ပင်ရင်းစကားပြေ လက်ရွေးစင်ထဲက
“မင်းတုန်းမင်းနှင့် ငါးခြောက်ပြား”
ဆောင်းပါးကို ပြေးသတိရမိပါတယ်။
+++++++++++++++
တစ်ခါတုန်းက မင်းသားတစ်ပါးရှိခဲ့ဖူးပါတယ်။
သူ့ရဲ့ငယ်နာမည်မှာ မောင်လွင်ဖြစ်ပါတယ်။
ငယ်ရွယ်စဉ် တုန်းက မောင်လွင်ဟာ စံကျောင်းဆရာတော်ဆီမှာ ပညာသင်ကြားခဲ့ရတယ်။
တစ်နေ့မှာ အင်းသားကြီး ငကြူက
ငါးခြောက်ပြားကြီး တစ်ပြား လာပြီးလှူတယ်။
ဆရာတော်က ငါးခြောက်ကို သိပ်ကြိုက်ပါတယ်။
ကျောင်းမှာကလည်း ငါးခြောက် ပြတ်လပ်နေချိန်ဖြစ်တော့
ဆရာတော်က မောင်လွင်ကို ကျက်သရေခန်းထဲမှာ သေသေချာချာ
သိမ်းခိုင်းလိုက်ပါတယ်။
နောက်တစ်နေ့ ဆရာတော် ဆွမ်းဘုဉ်းပေးတဲ့အခါ
မောင်လွင်ကို ငါးခြောက်ဖုတ်ခိုင်းတော့ ငါးခြောက်က ရှာမတွေ့တော့ဘူး။
ဆရာတော်က လက်ဆေးပြီး နှမ်းဆီမွှေးမွှေးနဲ့ ရောက်လာမယ့် ငါးခြောက်ဖုတ်ကို
စောင့်နေတာပေါ့။
မောင်လွင်မှာ ဘယ်လိုမှ ရှာဖွေ မေးမြန်း စုံစမ်းလို့မရဘဲ ဗျာများနေခိုက်
“ဟဲ့ ... ငလွင် မရသေးဘူးလား” လို့ မေးလိုက်တော့ ညှိုးညှိုးငယ်ငယ်နဲ့ပဲ
ငါးခြောက်ပြားကြီး ပျောက်ဆုံးသွားတဲ့အကြောင်း တင်လျှောက်ရတော့တယ်။
“ငလွင် ... လာခဲ့” လို့
ထားဝယ်ကြိမ်ကို ဆွဲပြီးခေါ်လိုက်တဲ့ ဆရာတော့်အသံက
ကျောင်းသားအားလုံးရဲ့ နှလုံးသားကို ကန်လန့်ဖြတ် ၀င်သွားပါသတဲ့။
“ဟဲ့ ... ငလွင် နင်ဟာ ဘုရင့်သား၊ အကြောင်းညီညွှတ်ရင်
နိုင်ငံကို အုပ်ချုပ်မင်းလုပ် ရမယ့်သူ၊
ဒီလိုလူက ငါးခြောက်ပြားလေး တစ်ချပ်ကိုတောင် လုံခြုံအောင် မစောင့်ရှောက်နိုင်ရင်
နိုင်ငံကို နင် ဘယ်လို လုံခြုံအောင် လုပ်နိုင်တော့မလဲ”
လို့ မေးပြီး အချက်ပေါင်းများစွာ ရိုက်နှက်ဆုံးမပါသတဲ့။
++++++++++++++++++++
မောင်လွင်ဟာ မင်းတုန်းမင်းဖြစ်လာပါတယ်။
မင်းတုန်းမင်းဟာ မင်းကောင်းမင်းမြတ်တစ်ပါးဖြစ်ခဲ့ပါသလား။
သမိုင်းစာမျက်နှာမှာ မင်းကောင်းမင်းမြတ်တစ်ပါးအဖြစ်ဖော်ပြထားတာမရှိခဲ့ပါ။
တိုင်းတစ်ပါးနဲ့ယှဉ်ပြိုင်တဲ့အခါ လက်နက်အင်အားမမျှတဘူး ဆိုတဲ့အကြောင်းပြချက်နဲ့
အောက်မြန်မာနိုင်ငံကို တိုင်းတစ်ပါးလက်ကိုထိုးအပ်လိုက်ရပါတယ်။
ညီတော်ကနောင်မင်းသားက လက်နက်မျိုးစုံစမ်းသပ်မှုမှာလည်း
အားမပေးတဲ့အပြင် ဘာသာရေးအကြောင်းပြချက်နဲ့
ပုန်ကန်ခြားနားမှာစိုးတယ်ဆိုတဲ့အကြောင်းပြချက်တွေကြောင့်
ပိတ်ပင်တားဆီးခဲ့ပါတယ်။
သဘောထားကြီးတဲ့မင်းတစ်ပါးဟုတ်ခဲ့ပါသလား?။
+++++++++++++++++
မင်းတုန်းမင်း ကိုဆုံးမခဲ့တဲ့ဆရာတော်ဟာလည်းတပည့်တစ်ယောက်ကို
မေတ္တာနဲ့ရိုက်ဆုံးမခဲ့တာဟုတ်ရဲ့လား။
ဒေါသမပါဘဲရိုက်နှက်ဆုံးမလို့ရပါသလားဆိုတဲ့အဖြေကတော့
မရနိုင်ဘူးလို့ဖြေရမယ်ထင်ပါတယ်။
ရသတဏှာပေါ်အခြေခံပြီးဖြစ်ပေါ်လာတဲ့ဒေါသကြောင့်သာ
ရိုက်နှက်ခဲ့ကြောင်းကတော့ ထင်ရှားပါတယ်။
အပြစ်တစ်ခုအပေါ်ရိုက်နှက်လိုက်ရုံနဲ့တပည့်တွေလိမ်မာမှာပဲဆိုတဲ့အတွေးနဲ့
လုပ်ရပ်ဟာ မှန်ကန်ပါသလား?။
+++++++++
မြန်မာစာမှာ ဒီအကြောင်းအရာကိုဆရာကသင်တော့
ကျနော်ဘဝင်မကျခဲ့ပါ။
ဘဝင်မကျကြောင်းကိုပြောပြချင်မိပါတယ်။
ကျနော်မပြောခင်မှာ အတန်းထဲက အောင်သန်းဦးဆိုတဲ့သူငယ်ချင်းက
ထပြောလိုက်ပါတယ်။
သူကလည်း သူ့ရှုထောင့်နဲ့သူ ဘဝင်မကျကြောင်းကိုပြောပါတယ်။
ဆရာကလက်မခံပါ။
မင်းရဲ့အတွေးအခေါ်ဟာ ဘေးချော်နေကြောင်းပြောပြီးပိတ်ပင်လိုက်ပါတယ်။
ထပ်ပြောမယ်လုပ်တော့ ဒုတ်ထောင်ပြပါတယ်။
ဆက်ပြောရင်အရိုက်ခံရမယ့်သဘောဖြစ်ပါတယ်။
အောင်သန်းဦးလည်းတိတ်သွားပါတယ်။
ကျနော်အပါအဝင် သူငယ်ချင်းတွေအားလုံးလည်း ဆက်ပြောဖို့
အရှိန်ပျက်သွားပါတယ်။
ဆရာက အတန်းပြောင်းခေါင်းလောင်းထိုးတော့ပြောသွားတဲ့စကားကတော့
“သံဃာနဲ့ဆရာကိုဘယ်တော့မှ စောဒကတက်ဖို့မကြိုးစားနဲ့။
ဘယ်တော့မှ မပြစ်မှားနဲ့” တဲ့။
ဆရာစကားအရ သံဃာနဲ့ဆရာဟာ အမြဲတမ်းမှန်သူတွေလို့ဆိုလိုရာရောက်ပါတယ်။
အဲဒီစကားဟာ မှန်ပါသလား?။
+++++++++
မြတ်ဗုဒ္ဓဟာ ကာလမသုတ္တန်မှာ
အတွေးအမြင်လွတ်လပ်ဖို့ဟောကြားခဲ့ဖူးပါတယ်။
“ဘာကိုမှ မယုံကြည်နဲ့။
ဘယ်သူ့ကိုမှ မယုံကြည်ပါနဲ့။
ကိုယ်တိုင်လုပ်ကြည့်ပြီးမှ မှန်တယ်။
အကျိုးရှိတယ်ဆိုမှ ယုံကြည်ပါ”
လို့ဟောပြောထားပါလျက်ကယ်နှင့်
ဗုဒ္ဓဘာသာဝင်တွေက အတွေးအမြင်လွတ်လပ်မှုကို
ဘာကြောင့်ပိတ်ပင်နေပါသလဲ?။
++++++++++++++++++
အတိတ်ဟာ အဝေးမှာကျန်ခဲ့ပါပြီ။
အတိတ်ဆိုတာ သင်ခန်းစာယူပြီးရင် မေ့ပစ်ရမယ့်အရာပါ။
ကျနော်တို့ဟာ “မင်းတုန်းမင်းနဲ့ငါးခြောက်ပြား”
ဖြစ်ရပ်မှန်အကြောင်းအရာအပေါ် ဘာသင်ခန်းစာရလိုက်ပါသလဲ။
မင်းတုန်းမင်းရှုတ်ခဲ့တဲ့အမှိုက်ကို သူ့သား သီပေါမင်း မရှင်းနိုင်ခဲ့ပါ။
(အဖေရှုတ်ခဲ့တာကို သားသမီးတွေရှင်းရမှာ ထုံစံဖြစ်ပေမယ့် မရှင်းနိုင်ခဲ့ရင်
ဘာဖြစ်သွားခဲ့သလဲဆိုတာကတော့ သမိုင်းစာမျက်နှာမှာ အထင်အရှားတွေ့ခဲ့ရပါတယ်။)
မင်းတုန်းမင်းနဲ့စံကျောင်းဆရာတော်အပေါ်အပြစ်တင်လိုခြင်းမရှိပါ။
သူတို့ရဲ့သမိုင်းကို သူတို့ကြိုက်နှစ်သက်သလို ရေးသားသွားခြင်းသာဖြစ်ပါတယ်။
ပုဂ္ဂလိကအကြောင်းကိုပြောလိုခြင်းမရှိပါ။
ကျနော်ပြောလိုရင်းအကြောင်းအရာက
ကျနော်တို့ပညာရေးစံနစ်ဟာ တစ်လမ်းသွားဖြစ်တာကြောင့်
ဝေဖန်ခြင်း၊သုံးသပ်ခြင်း၊ထောက်ပြခြင်းကိုပိတ်ပင်တားဆီးထားပါတယ်။
ကိုယ့်အတွေးအမြင်ကို ပိတ်ပင်တားဆီးခံရတဲ့အတွက်
ကျနော်တို့ရဲ့အတွေးအမြင်တွေ တိုးတက်သင့်သလောက်တိုးတက်ခဲ့ပါသလား?။
+++++++++++++++++
အမေရိကန်ကပညာရေးစံနစ်က လမ်းဖွင့်ပေးတဲ့စံနစ်ဖြစ်တယ်။
နှစ်လမ်းသွားစံနစ်ဖြစ်တယ်။
အတန်းထဲမှာ တပည့် ၂၅-ယောက်ရှိရင် အကြောင်းအရာတစ်ခုအပေါ်တွင်
အတွေးအမြင်၂၅-ခုထွက်ပေါ်လာအောင် လုပ်ပေးနိုင်တဲ့ပညာရေးစံနစ်ဖြစ်ပါတယ်။
ဆရာနဲ့တပည့် လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ကို
တရားဝင်ခွင့်ပြုထားတဲ့ပညာရေးစံနစ်လည်းဖြစ်တယ်။
++++++++++
ဆရာကောင်းဆိုတာဘာလဲ။
ဆရာကောင်းဆိုတာ တပည့်တွေကို ကိုယ့်ထက်တော်အောင်
သင်ပြနိုင်တဲ့သူတွေကိုခေါ်ပါတယ်။
အလားတူပါပဲ။
မိဘကောင်းဆိုတာ သားသမီးတွေကို
ကိုယ့်ထက်တော်အောင်၊တတ်အောင်ပြုစုပျိုးထောင်ပေးနိုင်တဲ့မိဘမျိုးကိုခေါ်ဆိုပါတယ်။
ဆရာကောင်းတွေ၊မိဘကောင်းတွေ ကျနော်တို့နိုင်ငံမှာ များသထက်များခဲ့မယ်
ဆိုရင်…..
2 comments:
စာဖတ်ပြီးတော့ ထမင်းပူပူနဲ့ ငါးခြောက်ပြားကို ဆီဆမ်းပြီး
စားချင်နေပါတယ်ဗျာ
ဘိုဖြူရေ...
အနေနီးမယ်ဆိုရင် ထမင်းပူပူနွေးနွေးနဲ့ငါးခြောက်ပြား
ဆီးဆမ်းပြီးသားကို ပို့ပေးချင်ပါတယ်။
လာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ်။
အောင်ဝင်းဟိန်း
Post a Comment