သားဖွားမီးယပ်ဘာသာရပ်ကို နောက်ဆုံးနှစ်အပိုင်း(ခ)တွင်သင်ကြားရပါတယ်။
ကျန်သောဘာသာရပ်ထက် ဒီဘာသာရပ်က ပိုပြီးပျော်စရာကောင်းတဲ့အချက်
တစ်ချက်က
ကိုယ်ဝန်ဆောင်မိန်းမတွေဟာ ပင်ပန်းကြီးစွာနဲ့ဆေးရုံကိုရောက်လာကြတယ်။
အချို့ဆိုရင် အော်ဟစ်ပြီးရောက်လာကြတယ်။
အချို့ဆိုရင် ငိုကြွေးပြီးရောက်လာကြတယ်။
တော်တော်နာကျင်တဲ့ဝေဒနာတစ်ခုဆိုတာကို နားလည်လာတဲ့အတွက်
မိခင်ကို အထူးကျေးဇူးတင်မိပါတယ်။
ငိုကြွေးသံ၊အော်ဟစ်သံတွေကြားက
သားသမီးတွေကိုအောင်မြင်စွာမွေးဖွားပြီးဆိုရင်
မိခင်ဟာချက်ချင်းပဲ နာကျင်တာကိုမေ့ပြီး
ကမ္ဘာပေါ်မှာ အလှဆုံးအပြုံးနဲ့သားသမီးကို
လှမ်းကြည့်တာကို သတိပြုမိတာကြောင့်ပျော်ရွှင်မိပါတယ်။
နောက်တစ်ချက်က
ကိုယ့်ရဲ့ကြိုးစားအားထုတ်ပြီးမွေးပေးလိုက်တာကြောင့်
လာတုန်းက တစ်ယောက်ထဲ။
ပြန်တော့ သုံးယောက်ဖြစ်သွားကြတယ်။
မိခင်ရယ်၊ သားသမီးရယ်၊ဖခင်ရယ်။
သားသမီးကိုဖွေ့ချီပြီးပြန်သွားကြတဲ့မိသားစုကိုကြည့်ပြီး
အလွန်ကြည်နူးရပါတယ်။
ဒါကြောင့်ဒီဘာသာရပ်ကိုကျနော်ကကြိုက်နှစ်သက်မိပါတယ်။
ကျနော့်သူငယ်ချင်းကိုအောင်နိုင်ဦးက ဘာကြောင့်မှန်းမသိပါ။
ဒီဘာသာရပ်ကိုမကြိုက်ပါ။
စာမေးပွဲမှာ မဖြေမဖြစ်ဘာသာရပ်ဖြစ်တဲ့အတွက်
ဆေးရုံကိုလာပေမယ့် စာကောင်းကောင်းမကျက်ဖြစ်တာများကြောင်းပြောပါတယ်။
စာမေးပွဲမှာမေးခွန်းတစ်ခုပါလာပါတယ်။
“သားဖွားတာ ဘယ်နှစ်မျိုးရှိသလဲ”
ဆိုတာကိုမေးပါတယ်။
သူ့ရဲ့အဖြေက
“သုံးမျိုးရှိပါတယ်။
တစ်။ မင်္ဂလာမဆောင်ခင် တစ်နှစ်အလိုမှာ မွေးရင်
အချိန်မရောက်ဘဲ မွေးဖွားခြင်း၊
နှစ်။ ယောက်ျားသေပြီး တစ်နှစ်အကြာမှာ မွေးရင်
နောက်ကျတဲ့မွေးဖွားခြင်း၊
သုံး။ ကိုယ့်မိန်းမ မဟုတ်ဘဲ အိမ်နီးချင်းမိန်းမက
မွေးရင် မှားယွင်းတဲ့မွေးဖွားခြင်းတို့ဖြစ်ကြပါတယ်လို့
ငါပြန်ဖြေခဲ့တယ်” တဲ့။
သူ့အဖြေကြောင့် ကျနော်တို့သူငယ်ချင်းတစ်စုပြုံးမိကြပါတယ်။
No comments:
Post a Comment