တစ်ခါတုန်းက
ဒေါ်ငွေခင်ဟာ အသက်(၇၀)နှစ်မြောက်မွေးနေ့ပွဲတစ်ခုကိုဖိတ်တယ်။
မုန့်ဟင်းခါးကျွေးတယ်။
အမေရိကန်မှာမုန့်ဟင်းခါးစားရတာဟာ တကယ့်ကိုရှားရှားပါးပါးအခွင့်အရေးတစ်ခုပါ။
နိုင်ငံခြားအစားအစာတွေ အလျှံပယ်စားနေရချိန်မှာ
မြန်မာမုန့်ဟင်းခါးစားရတာဟာ အခွင့်အရေးတစ်ခုလိုဖြစ်နေပါတယ်
မြန်မာပြည်ကိုလည်းလွမ်းမောစေပါတယ်။
ရံဖန်ရံခါစားရတာမို့ မုန့်ဟင်းခါးဟာ အလွန်အရသာရှိလှပါတယ်။
မုန့်ဟင်းခါးကိုစားရင်ထွေရာလေးပါးစကားတွေပြောဖြစ်ကြပါတယ်။
ဧည့်သည်များများဖိတ်ပုံမရပါဘူးထင်ပါတယ်။
လက်ရှိအိမ်မှာ ဧည့်သည်နည်းနည်းသာတွေ့ရတယ်။
ဖိတ်တဲ့ဧည့်သည်အချို့လည်းလာပုံမရဘူး။
စားစရာတွေကအများကြီးကျန်နေတာကိုကြည့်ပြီးခန့်မှန်းတာပါ။
အဲဒီမွေးနေ့ရှင်ကတစ်ချိန်တုန်းကတော့ရွှေထီးဆောင်းခဲ့တာကို
ပြောရတာ အတော်အာတွေ့နေပုံရပါတယ်။
သူမဟာ အကောင်ကြီးကြီး၊အမြီးရှည်ရှည်ပုဂ္ဂ္ဂိုလ်တစ်ဦးရဲ့ဇနီးဖြစ်ခဲ့ဖူးပါကြောင်း၊
သူမကိုယ်တိုင်ကလည်း အရာရှိကြီးဖြစ်ခဲ့ဖူးကြောင်းတွေကို အားပါးတရပြောပြပါတယ်။
ဘာကြောင့်အမေရိကန်ကိုရောက်လာတယ်ဆိုတာတော့ပြောမပြဘူး။
ရောက်လာပြီးမကြာခင်မှာ အိမ်တစ်လုံးဝယ်တယ်ဆိုတာတော့ပြောပြတယ်။
အဲဒီအိမ်မှာရေကူးကန်ရှိတဲ့အကြောင်းပြောပြတော့
ဘာကြောင့်အဲဒီအိမ်မှာမနေသလဲလို့မေးကြည့်မိတယ်။
အဲဒီအိမ်က အငှားချထားတယ်။
အခုသားနဲ့ချွေးမတွေရဲ့အိမ်မှာသူမရှိရင်မဖြစ်ကြောင်းတွေလည်းပြောပြပါတယ်။
အဲဒီကရတဲ့လခနဲ့အချိန်ပိုင်းအလုပ်လုပ်လို့ရတဲ့လခနှစ်ခုပေါင်းရင်
သူတို့မှာငွေတွေဘယ်လောက်ပိုင်ဆိုင်နေကြောင်းလဲပြောပြပါတယ်။
အတွင်းပစ္စည်းတွေဘယ်လောက်ပိုင်ဆိုင်ကြောင်းလဲအားရပါးရပြောပြပါတယ်။
သူရဲ့ပိုင်ဆိုင်မှုတွေ၊အောင်မြင်မှုတွေပြောအပြီးမှာတော့
တရားသံနဲ့အဆုံးသတ်လိုက်ပါတယ်။
မွေးနေ့ရှင်ဒေါ်ငွေခင်က
“တကယ်တော့ သေတော့လည်းဘာမှယူသွားလို့ရတာမဟုတ်ပါဘူး။
အားလုံးကိုထားခဲ့ရမှာပါပဲ” လို့
သံဝေဂရသံနဲ့ပြောပါတယ်။
အီလည်လည်အစားတွေကိုကျွေးပြီးအချဉ်နဲ့ပိတ်တဲ့သဘောလား။
မြန်မာအစားအစာကိုစားရပြီးမြန်မာတွေနဲ့စကားပြောခွင့်ရတော့
ကျနော်ကစကားများများပြောဖြစ်ပါတယ်။
“တစ်ခါတုန်းကပေါ့လေ၊
သုမေဓာရှင်ကရသေ့မဖြစ်ခင်သူဋ္ဌေးသားဘဝမှာ
စဉ်းစားတာတစ်ခုတော့ပြောချင်ပါတယ်။
အဲဒီသူဋ္ဌေးသားဟာ
မိဘ၊ဖိုးဖွားတွေချန်ထားတဲ့ပစ္စည်းဥစ္စာတွေအမြောက်အများကျန်ရစ်ခဲ့တယ်။
မြေပေါ်မြေအောက် ကုဋောပေါင်းမြောက်များစွာကျန်ရစ်ခဲ့တာပါ။
သုမေဓာ သူဋ္ဌေးသားက
"အော်…ငါ့ရဲ့အဖိုး၊အဖွားတွေဟာ ပစ္စည်းဥစ္စာအမြောက်အများကိုရှာဖွေတတ်ပေမယ့်
အဲဒီပစ္စည်းဥစ္စာတွေ သူတို့နဲ့အတူ ယူမသွားတတ်ခဲ့ဖူး။
အားလုံးကိုချန်ထားရစ်ခဲ့တယ်။
အဲဒီလိုပဲ ငါ့ရဲ့အမိ၊အဘတွေကလည်းအဖိုးအဖွားတွေထက်ပိုတဲ့ဥစ္စာငွေကြေးတွေကို
ရှာဖွေတတ်ခဲ့ပေမယ့် သေလွန်သွားတဲ့အခါ သူတို့နဲ့အတူယူမသွားတတ်ခဲ့ဘူး။
အားလုံးကိုချန်သွားခဲ့တယ်။
သူတို့တွေယူမသွားတတ်ခဲ့တဲ့ပစ္စည်း၊ဥစ္စာငွေကြေးတွေကို
ငါရအောင်ယူသွားမယ်ဆိုပြီးစဉ်းစားမိတယ်"
ဒါနဲ့ပဲ အိမ်တံခါးကိုဖွင့်၊ယူချင်တဲ့သူတွေယူကြဆိုပြီး
အားလုံးကိုလှူပြီးတောထွက်ခဲ့ပါတယ်။
လှူတာဟာ တမလွန်ဘဝပေါင်းများစွာအထိယူသွားတာနဲ့အတူတူပါပဲ။
အဖွားလည်း ချန်မထားခဲ့ချင်ရင် ဘုရားလောင်ထုံးကိုနှလုံးမူပြီး
ပိုင်ဆိုင်တဲ့အရာတွေအားလုံးကို လှူခဲ့လို့ရတာပဲ”
လို့စကားကိုအဆုံးသတ်လိုက်ပါတယ်။
ကျနော့်စကားအဆုံးမှာမွေးနေ့ရှင်က သံဝေဂရသွားတဲ့လေသံနဲ့
“အဖွားကလည်းအဖွားပိုင်ဆိုင်တဲ့ပစ္စည်း၊ဥစ္စာတွေကိုလှူဖို့ဆုံးဖြတ်ပြီးပါပြီ”
ဝမ်းသာအားရနဲ့ကျနော်မေးလိုက်မိတယ်။
“ဘယ်သူတွေကိုလှူဖို့ဆုံးဖြတ်လိုက်သလဲအဖွား”
လို့။
အဖွားပြန်ပြောလိုက်တဲ့စကားကတော့...
“အဖွားရဲ့တစ်ဦးတည်းသောမြေးလေးကိုပဲလှူဖို့ဆုံးဖြတ်လိုက်ပါပြီ”
တဲ့။
No comments:
Post a Comment