တစ်ခါတုန်းက တာချီလိတ်မြို့မှာနေစဉ်
အိမ်နီးချင်းအိမ်တစ်အိမ်တွင်
မူကြိုကျောင်းသားလေးတိုင်းအောင်ကျော်ဆိုတဲ့ယောက်ျားလေးနဲ့
အကျွမ်းတဝင်ရှိလှပါတယ်။
တိုင်းအောင်ကျော်ဟာ စကားအလွန်တတ်တဲ့ကလေးလဲဖြစ်တယ်။
အမေးအမြန်းလည်းအလွန်ထူပါတယ်။
ဆေးခန်းတွင် လူမရှိရင် ဆေးခန်းဖက်ကူးလာပြီးသူသိချင်တာကို လာရောက်မေးလေ့ရှိတယ်။
ကျနော့်ရဲ့ဇနီးကလည်း တိုင်းအောင်ကျော်ကို အလွန်ချစ်ပါတယ်။
တိုင်းအောင်ကျော်ရဲ့မိခင်ဟာ အမျိုးသမီးအဝတ်အစားများကိုရောင်းသူဖြစ်တယ်။
မိန်းမအရုပ်များတွင် အင်္ကျီးဝတ်ပေးပြီးစတိုင်းအင်္ကျီကိုရောင်းနေတတ်တော့
တိုင်းအောင်ကျော်က ကူညီပေးရတတ်ပါတယ်။
ကျနော်ရဲ့ဇနီးသည်က နေ့တိုင်း ငှက်ကလေးများကိုအစာကျွေးလေ့ရှိပါတယ်။
ငှက်စာကျွေးရင်းတရံတစ်ခါမှာ
အိမ်ဘေးနားက ကြက်သားအုပ်မ,ကဆန်များကိုလာစားလေ့ရှိပါတယ်။
တိုင်းအောင်ကျော်က ဆန်များကိုလိုက်ကျွေးတတ်ပါတယ်။
တစ်နေ့တော့ ငှက်စာကျွေးရင်းနဲ့ တိုင်းအောင်ကျော်က
ကြက်မနဲ့ကြက်ကလေးများအစာလာစားတာကိုတွေ့ပြီးမေးခွန်းတစ်ခုကိုမေးပါတော့တယ်။
“ဦးဦးဆရာ၊ကြက်မမှာ နို့(ရင်သား) ဘာဖြစ်လို့မရှိတာလဲ”
ဗုဒ္ဓေါ….ဘာဖြေရမှန်းမသိရိုးအမှန်ပါ။
မဖြေမချင်းမေးနေပါတော့တယ်။
နောက်တော့ စိတ်ကူးတည့်ရာတစ်ခုခုဖြေလိုက်ဖို့လိုလာပါတယ်။
ကျနော်ပြန်ဖြေလိုက်တာက
“ ကြက်ဖမှာ လက်မရှိလို့ပေါ့ကွ”
No comments:
Post a Comment