သို့
ချစ်တဲ့အမေ
သားသတိရစွာဖြင့် စာရေးလိုက်ပါတယ်။
အမေနေကောင်းလား၊
သားတို့လည်း နေကောင်းပါတယ်။
ငယ်ငယ်တုန်းက ကြီးပြင်းခဲ့တဲ့ပတ်ဝန်းကျင်နဲ့
အခုရောက်နေတဲ့ပတ်ဝန်းကျင်နဲ့က ပြောင်းပြန်လိုဖြစ်နေတော့
နေသားကျအောင် မနဲကြိုးစားနေရတယ်အမေ။
အမေတို့ဆီမှာနေ့ဆိုရင်
ဒီမှာက ည၊
အမေတို့ဆီမှာ ထမင်းစားနေရင်
ဒီမှာက ပေါင်မုန့်စားနေရတယ်။
ချက်ချင်းကြီး ပြောင်းရတာအစဉ်မပြေတော့
နေ့လည်စာကို ထမင်းစားပြီး ညဖက်ကိုတော့ ပေါင်မုန့်စားပြီး
လေ့ကျင့်နေလေရဲ့။
စားစရိတ်က မကြီးတော့ ဘာစားစား၊အစဉ်ပြေပါတယ်။
ဒါပေမယ့် လေ့ကျင့်ထားတော့ အခက်အခဲဖြစ်လာရင်
အစဉ်ပြေတာပေါ့လေ။
ကာရိုးလိုင်းနား(မြောက်)၊ဘာလင်တန်မြို့ ကိုနှစ်သက်ပေမယ့်
ပျော်ရာမှာမနေရပါဘူး။တော်ရာမှာနေရဆိုသလိုပါပဲ။
ပြောင်းဖို့ဖြစ်လာတယ်။
ပြောင်းဖို့အတွက်နေရာတွေ ရွေးချယ်တော့
ကျနော်တို့က ဝါရှင်တန်ဖြစ်ဖြစ်၊ နယူးရောက်ဖြစ်ဖြစ်
သွားချင်တယ်။
သူငယ်ချင်းက ကယ်လီးဖိုးနီးယားကိုသွားစေချင်တယ်။
သူအကြောင်းပြတာက အမေရိကန်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့မတူတော့
ဆွေမျိုး၊မိတ်ဆွေ မရှိတဲ့နေရာမှာနေဖို့ဆိုတာ မသင့်တော်ဘူး။
အခက်အခဲဖြစ်လာရင် တစိမ်းက ကူညီမှာမဟုတ်ဘူး။
ဒါကြောင့်
ဆွေမျိုးရှိရာနေရာကိုရွေးချယ်ဖို့လိုတယ်လို့အကြံပေးတယ်။
ကျနော်သဘောက ဘယ်နေရာနေနေ အခက်အခဲကဖြစ်နိုင်တာပါပဲ။
အဓိက က ကိုယ့်ဘာသာကိုယ်သာ ဖြေရှင်းရမှာပါ။
ဆွေမျိုး၊အသိမိတ်ဆွေတွေကို
အားကိုးလိုက်တာနဲ့သူတို့ရဲ့သြဇာသက်ရောက်မှုကို
လက်ခံလိုက်တာနဲ့အတူတူပဲ။
အရိပ်လိုချင်ရင် နေပူထဲကို
ဖြတ်လျှောက်ရမှာပဲ။
အခုတော့ အရိပ်လိုချင်လို့
အရိပ်အောက်ကို တန်းသွားရင်
လတ်တလောတော့ ကောင်းနိုင်ပါတယ်။
ကြာလာရင် အရိပ်ရဲ့အောက်မှာ
လောင်ရိပ်မိသွားနိုင်တယ်လို့တွေးမိတယ်။
ဒါကြောင့် ဆွေမျိုးရှိရာနေရာကို
မသွားချင်ဘူး။
နောက်ဆုံးကျတော့လည်း
သူငယ်ချင်းက ဒီနိုင်ငံမှာ
ဆယ်နှစ်ကျော်ကျော်နေလာခဲ့ပြီးဖြစ်တာကြောင့်
သူ့စကားဟာ
မှန်ကောင်းမှန်နိုင်တယ်ဆိုပြီး လက်ခံခဲ့တယ်။
ချွင်းချက်နဲ့လက်ခံတာပါ။
အဲဒီဆွေမျိုးအိမ်မှာ
သုံး၊လေးလထက်ပိုပြီးမနေဘူး။
အိမ်ခွဲထွက်မယ်ဆိုပြီး
မိန်းမနဲ့သဘောတူညီချက်ရယူခဲ့ပြီးမှလက်ခံခဲ့တာပါ။
အမေပြောခဲ့တဲ့စကားကို
ကျနော်မမေ့ပါဘူး။
ကျနော်တို့အမေရိကားကို
သွားမယ်လို့ပြောတော့
အမေကစိတ်အေးအေးလေးနဲ့အမှာစကားပြောပါတယ်။
“ စိတ်ချမ်းသာမှုကို ဘာနဲ့မှ မလဲပါနဲ့။
သေတော့ ဘာမှလည်းပါသွားတာမဟုတ်ပါဘူး။
စိတ်ချမ်းသာနေတာကိုက ကုသိုလ်ဖြစ်တယ်။
အဲဒီကုသိုလ်က နေရတဲ့ခဏမှာ
အကျိုး၊အမြတ်လို့မှတ်ယူနိုင်တယ်။
နောက်တစ်ခုက
တန်ရာတန်ကြေးမပေးပဲ ဘာကိုမှ မယူပါနဲ့။
အလကားရတဲ့အရာတွေဟာ အလကားပါပဲ။
ဘာတန်ဖိုးမှမရှိပါဘူး။
အဲဒီတန်ဖိုးမရှိတဲ့အရာတွေနဲ့အချိန်မကုန်စေနဲ့။
နောက်တစ်ခုက
ကိုယ့်မိသားစုကို ကိုယ်ချစ်လို့
တစ်အိုးတစ်အိမ်ထူထောင်ထားတာ၊
ဆွေမျိုးတွေနဲ့အတူမနေနဲ့။
မနေမဖြစ်လို့အတူတူနေရရင်လည်း
သုံး၊လေးလထက်ပိုပြီးမနေပါနဲ။
ဆွေမျိုး၊မိတ်ဆွေတွေနဲ့အကြာကြီး အတူ
နေတဲ့အခါ
ကိုယ့်အပူကလည်း သူတို့ဆီ
ကူးစက်တတ်သလို
သူတို့ရဲ့ အပူကလည်း
ကိုယ့်ဆီကူးစက်တတ်တယ်။
အဲဒီအခါ မိတ်ပျက်တတ်တယ်။
ဘယ်တော့မှ ဆက်ဆံလို့မရအောင်
စိတ်ပျက်စရာဖြစ်တတ်တယ်။
မိတ်ပျက်ပြီးမှ လမ်းခွဲရတာဟာ
နှစ်ဦးနှစ်ဖက်စလုံးအတွက်
နစ်နာစရာဖြစ်ပါတယ်။
အဲဒါကို ဘယ်တော့မှ မမေ့နဲ့သား…”
အမေ့စကားကို သားမမေ့ပါဘူး။
ဒါပေမယ့် သားမှာလည်း
ကိုယ့်အခက်အခဲနဲ့ကိုယ်မို့
မိန်းမရဲ့စကားကို နားထောင်ပြီး
မိန်းမအမျိုးများရှိရာ
ကယ်လီးဖိုးနီးယားကို
လေယာဉ်နဲ့ထွက်ခဲ့တယ်။
တကယ်လေယာဉ်လက်မှတ်ရတဲ့နေ့မှာ
နောက်ကျသွားတဲ့အတွက်
နောက်တစ်နေ့နံနက်စောစောမှာ
စောစောရောက်အောင်လာခဲ့ရတယ်။
အဲဒါလည်း မြန်မာပြည်မှာ
ကျနော်တစ်ခါဖြစ်ဖူးပါတယ်။
စစ်တွေကို တာဝန်နဲ့သွားဖို့အတွက်
အတူသွားမိတ်ဆွေကို
လေယာဉ်လက်မှတ်ဝယ်ခိုင်းလိုက်တယ်။
လက်မှတ်က သူကယူထားပြီးသွားမယ့်နေ့မှာ
လာပြီးဝင်ခေါ်တယ်။
မင်္ဂလာဒုံလေယာဉ်ကွင်းရောက်တော့
ကျနော်တို့စီးမယ့်လေယာဉ်က
ထွက်သွားပြီ။
ဖြစ်ပုံက အတူသွားမိတ်ဆွေက
လေယာဉ်ထွက်ချိန်ကို ကွင်းချိန်းလို့ထင်ပြီး
နောက်ကျမှ
ထွက်လာမိလို့လေယာဉ်နဲ့လွဲသွားတယ်။
ဘယ်သူ့ကိုတွေ့တွေ့၊ဘာတွေဘဲပြောပြော
အကျိုးမထူးပါဘူး။တာဝန်ယူမယ့်လူမရှိဘူး။
ဖြေရှင်းပေးမယ့်သူမရှိဘူး။
ဒါနဲ့ပဲ
ကျနော်တို့နောက်တစ်နေ့မသွားမဖြစ်တော့
မှောင်ခိုဈေးနဲ့လေယာဉ်လက်မှတ်ကို
အိတ်စိုက်ထပ်ဝယ်လိုက်ရပါတယ်။
အဲဒါကို မမေ့ဘူး၊
ဒါကြောင့်လိုက်ပို့ပေးသူကို
အတန်တန်သတိပေးခဲ့တယ်။
သူကလည်းအလုပ်များသူဖြစ်နေတယ်။
ကျနော်ကလည်း
ကားမမောင်းနိုင်ဘူးဖြစ်နေတယ်။
အချိန်ကပ်မှ သွားလည်းရတယ်လို့ပြောတယ်။
ဒေသခံဆိုတော့ ဟုတ်မှာပဲလေဆိုပြီး
ကပ်မှထွက်ဖြစ်တယ်။
ဟိုရောက်တော့ ကောင်တာကို ရှာမတွေ့ဘူး။
လေယာဉ်ကွင်းကလည်း ကြီးလိုက်တာ၊
ဘယ်သွားလို့ဘယ်လာရမှန်းမသိဘူး။
ကောင်တာကိုရောက်တော့
လေယာဉ်ကထွက်ချိန်ဖြစ်နေပြီ။
လုံခြုံရေးဂိတ်စစ်ဆေးမှာနဲ့ဆိုရင်
ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။
ကောင်တာမှာရှိတဲ့တာဝန်ခံကိုပြောပြတော့
ဒီနေ့အတွက်ကတော့ မဖြစ်နိုင်တော့ဘူး။
နောက်တစ်နေ့နံနက်စောစောထွက်မယ့်လေယာဉ်တစ်စင်းနဲ့စီစဉ်ပေးမယ်
ဆိုပြီး ချက်ချင်း
စလစ်ပြားတစ်ခုကိုကောက်ရေးပြီးပေးတယ်။
နောက်ကျကြေးအတွက်ငွေထပ်ပေးဖို့လိုသလားလို့လည်း
မေးရသေးတယ်။
ပါလာတဲ့ငွေက သုံးရင်းနဲ့
လုံးပါးပါးလာပြီ။
“ပေးစရာမလိုပါဘူး” လို့ပြောတော့
နောက်ကျလို့စိတ်ထဲကသိကအောက်ဖြစ်နေရင်းကိုက
ဝမ်းသာစိတ်ဖြစ်လိုက်တယ်။
သူတို့ဆီကဝန်ထမ်းတွေကို တာဝန်အပြည့်ပေးထားသလို
တာဝန်လည်းခံနိုင်ကြသကိုး။
ငါတို့ဆီနဲ့ကွာပါ့။လို့တွေးဖြစ်အောင်တွေးလိုက်မိပါတယ်။
နောက်တစ်နေ့တော့ စောနိုင်သမျှစောအောင် သွားလိုက်တယ်။
နှစ်ခါနောက်ကျရင် ကိုယ့်အပြစ်လုံးလုံးဖြစ်တော့မယ်။
လေယာဉ်ကွင်းကောင်တာကိုရောက်တော့
မနေ့က စာရွက်ကိုပေးလိုက်တယ်။
လေယာဉ်ခရီးစဉ်ကပြောင်းသွားတယ်။
မနေ့ကလက်မှတ်က ရလေး-ဒူဟန် (Raleigh-durham International
Airport)ကနေ
ချီကာကိုလေဆိပ် (Chicago International Airport )
မှာ ခရီးတစ်ထောက်နားပြီးမှ
ဆန်ဖရန်စစ္စကိုလေဆိပ် (San Francisco International Airport
)ကိုသွားမယ်။
ဒီနေ့တော့ ရလေး-ဒူဟန်လေဆိပ် (Raleigh-durham International Airport)ကနေ
ဘော်တီမိုးလေဆိပ် (Baltimore/Washington (BWI) International
Airport )မှာ
ခရီးတစ်ထောက်နားမယ်။ပြီးမှ
ဘော်တီးမိုးလေဆိပ်ကနေ ဆန်ဒီဂို(San Diego international
airport)
ပြီးတော့မှ ဆန်ဖရန်စစ္စကိုလေဆိပ် (San Francisco International
Airport )
ကိုသွားဖြစ်တယ်။
ဖိုးသူတော် လမ်းမှားလေ ဆန်ပိုရလေဆိုသလိုပါပဲ။
မြို့တော်တော်များများကို အခမဲ့ရောက်တော့ လင်မယားနှစ်ယောက်
ဘာမှန်းမသိပဲပျော်နေမိတယ်။
အမေရိကားကို ထွက်လာဖြစ်တဲ့အကြောင်းထဲမှာ
ခရီးထွက်တာကို ဝါသနာပါတာကြောင့်
အနယ်နယ်အရပ်ရပ်ကို ရောက်အောင်သွားမယ်ဆိုတဲ့
ရည်မှန်းချက်တစ်ခုလည်း ပါလာခဲ့ပါတယ်။
ဒါကြောင့်ပျော်မိခဲ့ပါတယ်။
ကဲ…အမေရေ
ယုံယုံလေး အလုပ်ဆင်းချိန်ရောက်ပြီမို့
ကျနော်ကားနဲ့သွားကြိုရအုန်းမယ်။
နောက်မှ အမေဆီကို အမေရိကန်အတွေ့အကြုံတွေကို
အားပါးတရပြောပြပါ့မယ်။
စာဖတ်ဝါသနာပါတဲ့အမေ စာဖတ်ဖို့ပြင်ထားပေတော့။
ချစ်တဲ့သား
အောင်ဝင်းဟိန်း
ဆန်ဟိုဆေးမြို့၊(San Jose)
ကာလီဖိုးနီးယားပြည်နယ်၊(California)
အမေရိကန်ပြည်ထောင်စု(USA)