၁။
လူချင်းတူပါလျက် အချို့က ဉာဏ်ထိုင်းပြီး
အချို့ကဉာဏ်ကောင်းတာ ဘာကြောင့်ပါလဲ…။
အဖြေက…
မိမိမသိတာ ၊ မတတ်တာကို မေးမြန်းစုံစမ်းခြင်းမပြုတဲ့သူ
ဖြစ်ရာဘဝမှာဉာဏ်ထိုင်းတယ်။
မေးမြန်းစုံစမ်းခြင်း ရှိသူကတော့ ဖြစ်ရာ
ဘဝမှာ ဉာဏ်ကောင်းသတဲ့။
ဉာဏ်ကောင်းဖို့အတွက် တခြားကုသိုလ်နည်းလမ်းတွေကတော့
စာရေးခြင်း။
စာချခြင်း။
တရားဟောပေးခြင်း။
တရားပွဲတွေ ဖြစ်မြောက်အောင် ကျင်းပပေးခြင်း၊
စာအုပ်စာတန်းတွေ လှူခြင်း၊
ကိုယ်သိသမျှ စေတနာအပြည့်နဲ့ သင်ပေးခြင်း၊
+++++++++++++++++++++++++++++++++++++++++++
၂။
အစားအစာကို နှိုင်းချိန်မှုမရှိဘဲ
အစာစားဖို့ အသက်ရှင်နေတာဆိုတဲ့စိတ်မျိုးနဲ့
တအားစားသူများဟာ ရောဂါ အများကြီးဖြစ်တယ်။
ဖြစ်လိုက်ရင် အကြာကြီးခံရတယ်။
ရုပ်ကျပြီး အိုလွယ်တယ်။
အသက်တိုတယ်။
အကယ်၍ အသက်ရှင်ဖို့ရာ အစားစားတာပါလားဆိုတဲ့စိတ်နဲ့
ချင့်ချိန်ပြီးစားမယ်ဆိုရင်
ရောဂါအဖြစ်နည်းမယ်။
ဖြစ်ရင်လည်း ခဏပဲခံရမယ်။
အရွယ်တင်မယ်။
အသက်ရှည်မယ်။
+++++++++++++++++++++++++++++++++++++++++++
၃။
မေးသင့်တဲ့မေးခွန်းကို မေးရဲမှ အဖြေကို
ရှာနိုင်တဲ့အဆင့်ကို ရောက်မယ်။
စာအုပ်တစ်အုပ်မှာ တန်ဖိုးအရှိဆုံးအရာဟာ
မေးသင့်တဲ့မေးခွန်းပဲ။
+++++++++++++++++++++++++++++++++++++++++++
၎။
အခုခေတ်လူတွေက ဥပမာနဲ့ပြောရရင်
ကားမောင်းရင်းနဲ့ တစ်ဖက်က ဘရိတ်ကို
နင်းထားပြီးတော့ တစ်ဖက်က လီဗာကို
နင်းထားသလို ဖြစ်နေတယ်။
သွားလည်း သွားချင်တယ်။
ရပ်လည်း ရပ်ပစ်ချင်တယ်။
အဲဒါကြောင့် ပိုပြီးတော့ ပင်ပန်းတယ်။
+++++++++++++++++++++++++++++++++++++++++++
“ ငါ ဘယ်လို ပညာမျိုးကို တတ်ချင်သလဲ ”
( မေးသင့်တဲ့ မေးခွန်း )
+++++++++++++++++++++++++++++++++++++++++++
အကယ်၍ လူတစ်ယောက်ဟာ သူတကယ်လုပ်ချင်တာဘာလဲ…
လို့ တိတိကျကျသိပြီးတော့ ကိုယ်ဟာ ကိုယ်လည်း
နေ့စဉ်စိတ်ပါလက်ပါလုပ်နေတယ်ဆိုရင်
အခုန ပြောသလို ဘဝကြီးက အဓိပ္ပာယ်မဲ့သလိုမျိုး၊
ဘဝကြီးက Empty ဖြစ်နေသလိုမျိုး၊
ပျင်းစရာကောင်းတယ်ဆိုတာမျိုး၊ဟာ ဘယ်တော့မှ
မဖြစ်နိုင်ဘူး။
+++++++++++++++++++++++++++++++++++++++++++
နေရောင်ခြည်မှာ မှန်ဘီလူးတစ်ခုကိုထားကြည့်မယ်ဆိုရင်
အဲဒီမှန်ဘီလူးက နေရောင်ခြည်ကို စုပေးလိုက်တယ်။
တစ်နေရာထဲမှာ အလင်းရောင်တွေလာစုတဲ့အတွက်ကြောင့်
သူရဲ့အစွမ်းသတ္တိဟာ ပိုပြီးတော့
ထက်မြက်လာတယ်။
+++++++++++++++++++++++++++++++++++++++++++
၅။
ငါ ဘယ်လိုလူလဲ…
ငါ့စရိုက် ဝါသနာဟာ ဘာလဲ…
ငါ့ ပါရမီ ဓာတ်ခံဟာ ဘာလဲ…
ငါ ဘာကြောင့် လူဖြစ်လာတာလဲ…
ငါ ဘာကို လုပ်ဖို့ လူဖြစ်လာတာလဲ…
အဲဒါတွေကို ကိုယ့်ဟာ ကိုယ်သေသေချာချာ စဉ်းစားပြီးတော့
အဖြေကို ရအောင်လုပ်သင့်တယ်။
နောက်ပြီး အခြေအနေတွေ ဘယ်လောက်ပဲ ပြောင်းလဲသွားပါစေ။
ကိုယ့်ရဲ့တန်ဖိုးထားမှုနဲ့ ကိုယ့်ရဲ့ဦးတည်ချက်ကို
လက်လွတ်အဆုံးရှုံးမခံပဲနဲ့၊
ယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့ ကိုယ့်အလုပ်ကို ကိုယ်ဆက်လုပ်ရမယ်။
+++++++++++++++++++++++++++++++++++++++++++
၆။
လူ့တန်ဖိုး နဲ့လူ့ဂုဏ်သိက္ခာကို
တန်ဖိုးမထားတဲ့လူ့အသိုင်း
အဝိုင်းမှာ လူတွေဟာ
စိတ်အေးအေးချမ်းချမ်းမနေနိုင်ဘူး။
+++++++++++++++++++++++++++++++++++++++++++
အေးချမ်းနေတဲ့သူ၊
ကိုယ့်ဘဝကို ကိုယ်ကျေနပ်နေတဲ့သူဟာ
အများကို ဒုက္ခမပေးဘူး။
+++++++++++++++++++++++++++++++++++++++++++
ကိုယ်အင်အားဟာကိုယ်အတွင်းကနေ ထွက်လာပြီဆိုရင်
အဲဒီအင်အားဟာ တမျှင်းမျှင်းနဲ့ ထွက်နေအုံးမယ်။
မြေကြီးအောက်က စမ်းထိရောက်အောင် တူးထားတဲ့တွင်းရေကို
ခပ်သုံးမယ်ဆိုရင် ဘယ်လောက်သုံးသုံး
ဘယ်တော့မှ မခမ်းဘူး။
+++++++++++++++++++++++++++++++++++++++++++
၇။
ကိုယ့်ဘဝကို ကိုယ်တကယ်နှစ်နှစ်ကာကာ ကျေနပ်မှုရချင်ရင်
ရနိုင်ဖို့ တစ်နည်းပဲရှိတယ်။
အဲဒီနည်းက ကိုယ်ဘာကို နှစ်နှစ်ကာကာတန်ဖိုးထားသလဲ…
ကိုယ်တန်ဖိုးအထားဆုံးအရာဟာ ဘာလဲဆိုတာကို သိအောင်လုပ်။
ပြီးတော့ နေ့တိုင်းကိုယ်တန်ဖိုးထားတာကို အကောင်အထည်ဖေါ်ရင်း
နေသွားတာပဲ။
+++++++++++++++++++++++++++++++++++++++++++
၈။
ကိုယ့်မှာရှိတဲ့ အကောင်းဆုံးစိတ်ထားတွေ၊
အကောင်းဆုံးအသိဉာဏ်တွေ၊
ထွက်လာဖို့ဆိုရင် ကိုယ့်စိတ်ကို ကိုယ်သိပြီးနေတဲ့အလေ့အကျင့်ဟာ
အခြေခံ အဓိက လုပ်ရမယ့် အလုပ်ဖြစ်တယ်။
+++++++++++++++++++++++++++++++++++++++++++
အင်မတန်အဆင့်မြင့်တဲ့တရားထူး၊တရားမြတ်ရဖို့၊
ကိုယ်ကျိုးမပါပဲ လူ့လောကအကျိုးဆောင်ရွက်နိုင်ဖို့၊
ပါရမီဖြည့်ဖို့ဆိုတာမျိုးတွေ လုပ်နိုင်ဖို့ဆိုတာလည်း
ကိုယ့်စိတ်ကို အမှန်အတိုင်းသိနေဖို့ဆိုတဲ့
အခြေခံရှိမှ ဖြစ်တယ်။
+++++++++++++++++++++++++++++++++++++++++++
၉။
ဘာအတွက် အသက်ရှင်နေတာလဲ…
သေရမယ်ဆိုရင် တောင်မှ သေရဲပါတယ်လို့ ပြောရလောက်အောင်
တန်ဖိုးထားတာ ဘာရှိသလဲ…
ဒီကိစ္စအတွက်ဆိုရင်တော့ အသက်သေရလည်းပဲ
အသေခံလိုက်မယ်လို့ ပြောရလောက်အောင်
ကိုယ်တန်ဖိုးထားတဲ့အရာ ဘာရှိသလဲ…
အဲဒါကို မေးဖို့လိုတယ်။
အဲဒါကို ရအောင်ရှာဖို့လိုတယ်။
+++++++++++++++++++++++++++++++++++++++++++
၁၀။
ကိုယ့်ကိုယ်ကို အဆင့်အတန်းမြင့်တဲ့လူတစ်ယောက်လို့
မှန်မှန်ကန်ကန် မခံစားရတဲ့လူဟာ လူကြွားကြီးဖြစ်လာတယ်။
+++++++++++++++++++++++++++++++++++++++++++
ဘဝင်မြင့်သွားတာတို့၊
မာနကြီးသွားတာတို့၊ဆိုတာဟာ
အတွင်းမှာ empty ဖြစ်နေတဲ့သဘောကို
ထင်ဟပ်ပြတာပဲ။
Empty ဖြစ်နေတဲ့လက္ခဏာကို ပြတာပဲ။
+++++++++++++++++++++++++++++++++++++++++++
မာနကြီးတယ်ဆိုတာ ကိုက သူ့ကိုယ်သူ ယုံကြည်မှုမရှိဘူးဆိုတာကို
ပြနေတာပဲ။
+++++++++++++++++++++++++++++++++++++++++++
မာန်မာနကြီးကြီးနဲ့ နေပြလိုက်တာဟာ
အမှန်တော့ သူ့ရင်ထဲမှာ ကြိတ်ပြီးတော့
ဖြစ်နေတဲ့လူ အထင်မကြီးမှာ ကြောက်တဲ့စိတ်ကို
ဖုံးလိုက်တဲ့လုပ်နည်းလုပ်ဟန်တစ်မျိုးဖြစ်တယ်။
+++++++++++++++++++++++++++++++++++++++++++
၁၁။
စိတ်ဓာတ်အင်အားပျော့ညံ့တဲ့သူ၊
စစ်မှန်တဲ့သတ္တိမရှိတဲ့သူဟာ
သူတစ်ပါးကို အနိုင်ကျင့်တဲ့သူ ဖြစ်လာတယ်။
+++++++++++++++++++++++++++++++++++++++++++
သတိဟာ လူကို ပိုပြီးအသက်ဝင်စေတယ်။
သတိဟာ စိတ်ကို ပိုပြီးအားရှိစေတယ်။
+++++++++++++++++++++++++++++++++++++++++++
အပြေးပြိုင်ပွဲမှာ
နောက်တစ်ယောက်ကို ကိုယ်ကကျော်တက်သွားသလို
ကိုယ့်ကိုယ်ကိုယ် ပြန်ကျော်တက်သွားဖို့လိုတယ်။
+++++++++++++++++++++++++++++++++++++++++++
ကိုယ့်ကိုယ်ကို ပိုပြီးတော့ စိတ်ထားကောင်းတဲ့လူ၊
ပိုပြီးတော့ ပညာတတ်တဲလူ၊
ပိုပြီးတော့လုပ်ရည်ကိုင်ရည်မြင့်တဲ့လူ၊
ပိုပြီးတော့ အသိဉာဏ်ရှိတဲ့လူ၊
စသည်ဖြင့် ကိုယ်မှာကောင်းတဲ့အရည်အချင်းတွေ၊
အရည်အသွေးတွေ တိုးပွားအောင်
ကိုယ့်ဟာကိုယ်လုပ်နိုင်တာဟာ ကိုယ့်ရဲ့လွတ်လပ်မှုတစ်ခုပဲ။
+++++++++++++++++++++++++++++++++++++++++++
၁၂။
တွေ့ကြုံနေရတဲ့အခက်အခဲကို
ကိုယ့်ဘဝအတွက် အကောင်းဘက်ကို
ရောက်သွားဖို့ရာ အခွင့်အရေးတစ်ခုအနေနဲ့
မြင်တတ်ရင် ကိုယ့်ဘဝဟာ ကြာလေ တိုးတက်လေဖြစ်မယ်။
ကြာလေ အစဉ်ပြေလေ ဖြစ်မယ်။
ကြာလေ စိတ်ထားရင့်ကျက်လေ ဖြစ်မယ်။
ပိုပြီး စိတ်ဓာတ်အင်အားကြီးတဲ့သူ ဖြစ်လာမယ်။
ပိုပြီး လွတ်လပ်လေ ဖြစ်လာမယ်။
+++++++++++++++++++++++++++++++++++++++++++
ဖြစ်အောင်လုပ်မယ်ဆိုတဲ့သူအတွက်
ဖြစ်နိုင်တဲ့နည်းလမ်းကောင်းတွေ
တစ်မျိုးပြီးတစ်မျိုးတွေ့မှာ သေချာတယ်။
+++++++++++++++++++++++++++++++++++++++++++
ကိုယ့်ဘဝမှာ
ကောင်းတာတွေ၊ဖြစ်လာဖို့ဆိုတာ
ကိုယ့်ဟာကိုယ်ဆုံးဖြတ်ရမယ်။
….ရွေးချယ်ရမယ်။
အဲဒါကိုယ့်ရဲ့လွတ်လပ်မှု။
….တာဝန်ယူရမယ်။
အဲဒါကိုယ့်ရဲ့လွတ်လပ်မှု။
+++++++++++++++++++++++++++++++++++++++++++
(ဆရာတော်ဦးဇောတိက)
++++++++++++++++++++++++++++++++++++++++++++
No comments:
Post a Comment