ကျနော်အလယ်တန်းကျောင်းသားဘဝတုန်းက
မရမ်းကုန်းမြို့နယ်မှာကျောင်းတက်ခဲ့တယ်။
ကျနော်တို့ကျောင်းက ဘူတာရုံနဲ့နီးတယ်။
အပေါင်းအသင်းကများတယ်။ ခဏခဏကျောင်းပြေးဖြစ်တယ်။
အိမ်ကထွက်လာတုန်းကတော့ ကျောင်းတက်ဖို့ပါပဲ။
အပေါင်းအသင်းနဲ့တွေ့တော့ ကျောင်းမတက်ဖြစ်တော့ပါ။
တစ်ပတ်မှာကျောင်းတက်ချိန်က ငါးရက်ရှိတယ်။
ကျနော်တို့ကျောင်းပြေးရက်က နှစ်ရက်၊တစ်ရံတစ်ခါ သုံးရက်။
ကျောင်းပြေးပြီး ရထားလက်မှတ်မပါပဲ စီးလို့လက်မှတ်စစ်ဖမ်းလို့
အင်းစိန်အချုပ်ထဲရောက်ဖူးပါတယ်။
အင်းယားကန်မှာ ကျောင်းပြေးပြီးရေကူးတဲ့အတွက်လည်း ရေနစ်ဖူးပါတယ်။
မြေနီကုန်းရုပ်ရှင်ရုံတွေအားလုံးမှာလည်း ရုပ်ရှင်ခိုးကြည့်ဖူးပါတယ်။
ကျောင်းပြေးတာကို အမေကမသိပါ။
ကြောက်ရမယ့်အဖေက စောစောစီးစီးကွယ်လွန်သွားတဲ့အတွက်
ကျနော့်အတွက် ကျောင်းပြေးရတာ အခက်အခဲမရှိခဲ့ပါ။
ကျနော်ကျောင်းပြေးပေမယ့် သူငယ်ချင်းများမသိအောင် စာခိုးကျက်တတ်တာမို့
စာမေးပွဲတိုင်းမှာ ကျနော်အောင်တယ်။
အတော်ဆုံးအုပ်စုမှာ ကျနော်အမြဲပါတယ်။
ကျောင်းပြေးပေမယ့် စာတော်သူဖြစ်တဲ့အတွက် ဆရာမတွေကချစ်ကြပါတယ်။
အတန်းပိုင်ဆရာမဖြစ်သူ ဒေါ်အင်ဂျလင်းဘသော်က ခုနစ်တန်းအောင်တော့
အခြားကျောင်းပြောင်းနေဖို့အကြံပေးတယ်။
သူငယ်ချင်းတွေကို ခင်တတ်သူမို့
ရှစ်တန်းမှာဆက်နေလျှင် အောင်ဖို့မခက်သော်လည်း ထူးချွန်ဖို့ခက်ခဲနိုင်ကြောင်းပြောတယ်။
ဆရာမစကားကို နားထောင်တဲ့အနေနဲ့ကျောင်းထွက်လက်မှတ်ကိုယူလိုက်တယ်။
အမေတောင်မသိလိုက်ပါ။
ကျောင်းထွက်လက်မှတ်ကိုပြပြီး ဆရာမရဲ့ အကြံပေးစကားကို
အမေကိုပြောပြလိုက်တယ်။
ကျောင်းပြောင်းပေးရင်ပြောင်း၊
မပြောင်းပေးရင် အလုပ်လုပ်မယ်လို့ပြောတော့အမေက
အလုပ်လုပ်ရမယ့်အရွယ်လားလို့ပြောပြီးကျောင်းပြောင်းဖို့
အဆက်အသွယ်ရှာပါလေတော့တယ်။
အမေရဲ့ကြိုးစားပေးမှုကြောင့် ကျနော်ဟာ T.T.C (တီ.တီ.စီ)လို့ခေါ်တဲ့
ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်းကိုပြောင်းခွင့်ရလိုက်ပါတယ်။
အခြားကျောင်းမှာ အတော်ဆုံးဖြစ်တဲ့ကျနော်ဟာ T.T.C မှာအညံ့ဆုံးဖြစ်နေပါတယ်။
အထူးသဖြင့် အင်္ဂလိပ်စာမှာ မလိုက်နိုင်လောက်အောင်ဖြစ်နေကြောင်းကိုတွေ့ရပါတယ်။
ကျောင်းပြောင်းမိတာမှားပြီလို့မကြာခဏတွေးမိပါတယ်။
ဘာဆက်လုပ်ရမှန်းလည်းမသိပါ။
နောက်ဆုတ်လို့လည်းမရတော့၊
ရှေ့တိုးဖို့ကလည်း အခက်အခဲပေါင်းများစွာ။
အရွယ်နဲ့မလိုက်အောင် စိတ်ရှုတ်၊စိတ်ညစ်ခဲ့ရပါတယ်။
ကျောင်းအုပ်ဆရာမကြီးဒေါ်သိန်းဟန်ရဲ့ဖိအားပေးမှုကြောင့် ရှေ့တိုးကြိုးစားခဲ့ရပါတယ်။
အဲဒီနှစ် ရှစ်တန်းစာမေးပွဲမှာ ဂုဏ်ထူးသုံးဘာသာထွက်သူ သုံးယောက်ထဲမှာ ကျနော်ပါခဲ့ပါတယ်။
ကျနော်အလွန်ကြောက်တဲ့အင်္ဂလိပ်စာ ဂုဏ်ထူးပါခဲ့ပါတယ်။
ဒါက အတိတ်ကာလက ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။
အခု အမေရိကန်နိုင်ငံကိုရောက်လာပါတယ်။
အမေရိကန်ဆိုတဲ့အတိုင်း ကန်ချက်ပြင်းထန်လွန်းလှပါတယ်။
အင်္ဂလိပ်စကားပြောမရတဲ့အတွက် အလုပ်လျှောက်လိုက်တိုင်း
အစဉ်မပြေတာကများလာပါတယ်။
အနေနီးသူတွေကတောင်
အထင်သေးအမြင်သေးစကားတွေပြောလာတဲ့အထိ အခြေအနေဆိုးခဲ့ပါတယ်။
ဘာဆက်လုပ်ရမလဲ။
နောက်ဆုတ်ဖို့ကလည်း သိပ်နောက်ကျသွားပြီ။
ရှေ့တိုးဖို့တစ်လမ်းသာရှိတော့တယ်။
အလုပ်ရှာတာလည်းကြာပြီ။
စကားပြောအခက်အခဲကြောင့် အလုပ်ကလည်းမရနိုင်။
ရှစ်တန်းကျောင်းသားဘဝကို ပြန်ပြောင်းသတိရလာမိတယ်။
ကြိုးစားဖို့မှ တစ်ပါးအခြားမရှိတော့။
No comments:
Post a Comment