ကျနော်တို့တောရွာဟာ မွန်ပြည်နယ်ထဲမှာရှိပါတယ်။
မော်လမြိုင်နဲ့ရေး မီးရထားလမ်းဘေးမှာလည်း ရှိနေတဲ့ရွာလေးတစ်ရွာဖြစ်ပါတယ်။
တစ်ချိန်တုန်းက အမဲရောင်နယ်မြေဖြစ်တာမို့ ကျီးလန့်စာစာဖြစ်ခဲ့ပါတယ်။
စစ်တပ်နဲ့သူပုန်တပ်တွေကြားမှာ ရွာသားတွေကတော့ မြေဇာပင်ပါပဲ။
အဲဒီအတွက်ကြောင့်လည်း ကျနော်တို့မိဘများဟာ တောရွာကလေးကနေ ရန်ကုန်မြို့ကိုပြောင်းရွေ့အခြေချနေထိုင်ဖြစ်သွားခဲ့ပါတယ်။
ကျနော်တို့မိသားစုကတော့ အစောဆုံးပြောင်းရွေ့နေထိုင်သူများဖြစ်တာကြောင့်
နောက်ပြောင်းရွေ့သူများဟာ ကျနော်တို့အိမ်မှာနေထိုင်ပြီးမှ အခြားကိုပြောင်းရွေ့ကြပါတယ်။
ကျနော်တို့ငယ်စဉ်က အိမ်မှာ အယောက်နှစ်ဆယ်ပတ်ဝန်ကျင်ကတော့ အမြဲတမ်းရှိနေတတ်ပါတယ်။
ကျနော်တို့မိသားစုက ခုနှစ်ယောက်ရှိတာမို့ ဖေဖေရဲ့လုပ်ခလစာတစ်ခုထဲနဲ့
လူသုံးဆယ်ဝန်ကျင်ကိုကျွေးထားနိုင်တဲ့အချိန်တစ်ချိန်ရှိခဲ့ဖူးပါတယ်။
လာရောက်သူတွေထဲမှာ ယောကျာ်းအရေအတွက်ထက် မိန်းမအရေအတွက်က များပါတယ်။
ငယ်သေးချိန်မို့ လူများတာကိုပျော်ခဲ့ဖူးပါတယ်။
အလုပ် သက်သာတဲ့အတွက်ကြောင့်ဖြစ်တယ်။
လာရောက်ကြတဲ့သူတွေထဲမှာ ကိုအေးဖေဆိုတဲ့ ၂၅-နှစ်ဝန်ကျင်ရှိသူတစ်ယောက်ကတော့
အမေရဲ့နှစ်ဝမ်းကွဲမောင်တော်ပါတယ်။
သူက ရန်ကုန်မြို့ကိုရောက်လာပြီး၊သုံးလေးလကြာတဲ့အထိ
အလုပ်ကမရတော့ အမကိုအားနာလာပါတယ်။
မိုးလင်းတာနဲ့အလုပ်ရှာထွက်သွားပါတယ်။
မိုးချုပ်မှ ပြန်လာတဲ့ရက်တွေလည်းရှိလာပါတယ်။
အမေက “ အလုပ်ကရှာရင် ခက်တတ်တယ်။
အေးအေးဆေးဆေးရှာပါ။ ငါ့တို့မိသားစုကို အားမနာပါနဲ့။”
လို့အားပေးပေမယ့် သူကတော့မနားမနေအလုပ်ရှာပါတယ်။
တစ်နေ့တော့ ဝမ်းသာအားရပြောတယ်။
“ အမ ကျနော်အလုပ်ရလာပြီ၊
လခလည်းကောင်းတယ်။
ခဏပဲလုပ်ရတယ်။
အလုပ်ကတော့ ညအလုပ်ပါပဲ။”
“ ဟဲ…ဘာအလုပ်လဲ။သေသေချာချာပြောမှပေါ့ ”
အမေကတိတိကျကျမေးတော့ သူကောင်းကောင်းမဖြေချင်ပါ။
အမေက သုံးလေးကြိမ်မေးတော့မှ မိလ္လာကျုံးရတဲ့အလုပ်ဖြစ်ကြောင်းကို
မပြောချင်ပြောချင်နဲ့ပြောလာပါတယ်။
“ အမဆီမှာ ကျနော်စားရတာ အားနာလာလို့
ရရာအလုပ်ကို လုပ်ဖို့ကျနော်ဆုံးဖြတ်လိုက်ပြီ။”
“ ငါ့ကိုအားနာလို့ ကိုယ့်အတွက် မသင့်တော်တဲ့အလုပ်တော့မလုပ်ပါနဲ့ကွယ်။
မင်းတစ်ယောက်ကို ကျွေးထားရလို့ ငါ့အဖို့ပိုပြီးအပန်းမကြီးတော့ပါဘူး
ငါ ကျွေးထားနိုင်ပါတယ်။
မင်းရဲ့အလုပ်တစ်ကိုရွေးရင် သမ္မာအာဇီဝလည်းကျဖို့လိုတယ်။
ပြီးတော့ကိုယ့်အတွက် အန္တရာယ်လည်းကင်းဖို့လိုတယ်။
ကိုယ့်ကျန်းမာရေးအတွက်ကောင်းဖို့လည်းလိုတယ်။
ကုသိုလ်၊ပညာ၊ငွေကြေးဥစ္စာရတဲ့အလုပ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။
အဲဒါနဲ့ချိန်ဆကြည့်ပေါ့။
လုပ်ချင်စိတ်ရှိရင် အလုပ်ကမရှားပါဘူး။
စိတ်ရှည်တယ်ဆိုရင် ကိုယ်နဲ့သင်တော်တဲံအလုပ်တစ်ခုက ရလာမှာပါ”
လို့အမေကစိတ်ရှည်ရှည်ရှင်းပြပါတယ်။
“ ကျနော်က တောမှာ လယ်ပဲလုပ်ခဲ့ရတော့ ဘာပညာမှ မတတ်ဘူး။
ဒါဟာ ကျနော်နဲ့သင့်တော်တဲ့အလုပ်ဖြစ်မယ်ထင်ပါတယ်။”လို့ပြောတယ်။
အမေအတန်တန်တားပါသေးတယ်။
သူကလည်းသူ့စိတ်ကူးနဲ့သူဆိုတော့ အမေရဲ့စကားကို နားမဝင်နိုင်ပါ။
အဲဒီအလုပ်ကို လုပ်ဖြစ်သွားပါတယ်။
အလုပ်ကိုလုပ်ပြီးမကြာခင်မှာပင် အိမ်ပြောင်းသွားပါတယ်။
တစ်လကြာတော့ အိမ်လာလည်တယ်။ အရက်နံ့ရနေပြီ။
အမေက “ဘာကြောင့် အရက်သောက်ရသလဲ”
လို့မေးတော့
“မစင်ရဲ့အနံ့အသက်ကို မခံနိုင်လို့သောက်ရတယ်။
လုပ်တဲ့လူတိုင်းသောက်ကြရတယ်။”
လို့ပြောတယ်။
နောက်နှစ်လအကြာမှာလာတော့ သူ့ရဲ့ကိုယ်ခန္ဓာမှာ
အရေပြားအနာများအနှံ့အပြားဖြစ်နေပါတယ်။
မစင်ရဲ့အနံ့အသက်ကလည်း စွဲနေတာကို သတိပြုမိပါတယ်။
သူဟာ တဖြည်းဖြည်းအလာကျဲသွားတယ်။
နောက်လအတန်ကြာတော့ ကိုအေးဖေတစ်ယောက်
ကွယ်လွန်သွားကြောင်းကိုသာကြားရတယ်။
သူရွေးချယ်တဲ့လမ်းကို သူလျှောက်သွားရတဲ့သဘောဖြစ်နေပါတယ်။
+++++++
အခု ကျနော်အမေရိကားကို မမျှော်လင့်ပဲရောက်လာခဲ့ပါတယ်။
သုံးလကျော်ပြီး အလုပ်ကမရသေး။
အနီးနေသူတွေက ရရာအလုပ်လုပ်ဖို့ ဖိအားအမျိုးမျိုးပေးကြတယ်။
အမေရိကန်ရဲ့လူနေမှုစံနစ်ထင်ပါရဲ့။
အလုပ်မရွေးပါဘူးဆိုလည်း အလုပ်ရှားနေတဲ့ခေတ်ဖြစ်တာမို့
အလုပ်ကလွယ်လွယ်ကူကူမရနိုင်ခဲ့ပါ။
ကိုအေးဖေကို သွားသတိရမိပါတယ်။
ရရာအလုပ်ကို လုပ်သင့်ပါသလား?
No comments:
Post a Comment