တစ်ခါတုန်းက သြစတေးလျနိုင်ငံ(Australia)
မှာ မစ္စတာဘွတ်ကာ ဝန်ကြီးချုပ်ဖြစ်တဲ့အချိန်မှာပေါ့။
နိုင်ငံခြားဧည့်သည်တော်တွေရောက်ရှိနေတဲ့အတွက်
ဝန်ကြီးချုပ်ဟာ နိုင်ငံတိုးတက်နေတာကို ကားနဲ့လျှောက်လည်ပြပါတယ်။
သြစတေးလျနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံဖြစ်တာမို့ ဘယ်လိုမှန်မှန်ဆန်ဆန်တိုးတက်လာတာကို
နိုင်ငံခြားဧည့်သည်တော်များနဲ့သံတမန်ကိုလိုက်ပြပါတယ်။
ဒါပေမယ့် ဝန်ကြီးချုပ်ဟာ ကားစီးသွားပေမယ့် ကားခါးပတ်(seat belt)ကိုပတ်ဖို့မေ့နေပါတယ်။
အဲဒါကို မော်တော်ပီကယ်ကတွေ့သွားပါတယ်။
ဆိုရိုးတစ်ခုရှိပါတယ်။
မော်တော်ပီကယ်ဟာ ကျီးကန်းဆယ်ကောင်လောက်ကို မျက်စိလျင်သူတွေဖြစ်တယ်။
ဒါရိုက်ဘာကောင်းတစ်ယောက်ဖြစ်ချင်ရင်
မော်တော်ပီကယ်ဆယ်ယောက်လောက်ကိုမျက်စိလျင်ဖို့လိုပါတယ်။
ဝန်ကြီးချုပ် ကားခါးပတ်မပတ်တာတွေ့တဲ့အတွက်
မော်တော်ပီကယ်က ဒဏ်ငွေ (၁၂၀)ဒေါ်လာရိုက်တဲ့
တီကတ်(Ticket)တစ်စောင်ထုတ်ပေးလိုက်ပါတယ်။
နောက်တစ်နေ့ထုတ်သတင်းစာမှာ အဲဒီသတင်းဟာ သတင်းစာခေါင်းကြီးပိုင်းမှာပါလာပါတယ်။
ဒါဟာဘာကိုဖော်ပြသလဲဆိုတော့ သြစတေးလျနိုင်ငံ(Australia)ဟာ
ဥပဒေရဲ့အောက်မှာ လူတိုင်းရှိတယ်ဆိုတာကို
ကမ္ဘာကိုကြော်ငြာသလိုဖြစ်သွားပါတယ်။
စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းကိုလည်း ကြော်ငြာသလိုဖြစ်သွားတဲ့အတွက်
နိုင်ငံခေါင်းဆောင်တွေအနေနဲ့အကျိုးအမြတ်များစွာရသွားပါတယ်။
+++++++++++++++
ဒီလိုကိစ္စမှာ မြန်မာနိုင်ငံမှာသာဖြစ်ရင် ဘာဖြစ်မလဲလို့တစ်ဆက်ထည်းတွေးမိသွားပါတယ်။
ဖြစ်နိုင်တာတော့ အဲဒီမော်တော်ပီကယ် အလုပ်ပြုတ်ရင်ပြုတ်၊
မပြုတ်ခဲ့ရင်….
အဲဒီမော်တော်ပီကယ် နယ်ပြောင်းရဖို့ရှိတယ်။
(ဝန်ကြီးချုပ်သာ သဘောကောင်းရင်ပေါ့လေ။ )
ရဲချုပ်(ဟောင်း)တစ်ဦးနဲ့စကားပြောဖြစ်ခဲ့ဖူးတယ်။
အဲဒီရဲချုပ်က သူ့ကိုမသိပဲ ဖမ်းတဲ့မော်တော်ပီကယ်တစ်ယောက်ကို
နယ်ပြောင်းပစ်လိုက်တဲ့အကြောင်းကို အားရပါးရပြောတာကိုကြားခဲ့ရဖူးတယ်။
ဒါနဲ့ဆက်ပြောတာက မော်တော်ပီကယ်တိုင်းကိုပြောထားတယ်။
နေ့တိုင်း ကားဆယ်စီးကိုအနည်းဆုံးဖမ်းပေးရမယ်တဲ့။
ဆယ်စီးပြည့်အောင်မဖမ်းနိုင်တဲ့အကောင် နယ်ပြောင်းပဲ။
အပြစ်မရှိတာကိုရှိအောင်လုပ်တဲ့နောက်တော့ တရားဥပဒေဆိုတာ
ကားလမ်းပေါ်မှာဘယ်ရှိတော့မှာလဲ။
စာအုပ်ထဲမှာပဲ ရှိရင်ရှိမှာပေါ့လေ။
ဒါဟာ တစ်ချိန်က ကျနော်တို့မြန်မာနိုင်ငံရဲ့သရုပ်သဏ္ဍန်တစ်ခုဖြစ်ခဲ့ဖူးပါတယ်။
+++++++++++++++
ကျနော်ဟာ တရားအားထုတ်ဖူးပေမယ့်
မြန်မာနိုင်ငံမှာ တရားမျှတတာကိုမတွေ့ခဲ့ဖူးပါ။
ကိုယ်လိုချင်တာနဲ့ပေးတာတူရင် တရားမျှတတယ်လို့ပြောနိုင်တယ်။
ကိုယ်မလိုချင်တာကို မပေးတာလည်း တရားမျှတတယ်လို့ပြောနိုင်တယ်။
တရားချင်းတူရင် တရားမျှတတယ်။
တရားချင်းမတူရင် တရားမမျှပါ။
တရားမမျှရင် တရားမရှိတော့ပါ။
ခိုးတာကိုမကြိုက်ရင် သူများဆီကငွေကြေး၊ပစ္စည်းကိုမခိုးဖို့လိုပါတယ်။
ခိုးတဲ့နေရာမှာ မသိအောင်ယူတာပါဝင်သလို
လာဒ်ပေးလာဒ်ယူတာလည်း ပါဝင်မယ်လို့ထင်မိပါတယ်။
ကချင်တိုင်းရင်းသားတစ်ဦးပြောတဲ့စကားကိုအမှတ်ရမိပါတယ်။
မိုးကောင်း-ဖါးကန့်ကားလမ်းဟာ ခေတ်အဆက်ဆက် ရွံ့လမ်းဖြစ်ခဲ့တယ်။
ဝါးတားဂိတ်(ဝါးလုံးနဲ့တားပြီးငွေတောင်းတဲ့ဂိတ်)ပေါင်းများစွာရှိတယ်။
လွန်ခဲ့သော နှစ်နှစ်ဆယ်ပတ်ဝန်ကျင်က ကားတစ်စီး ထောင်၊သောင်းကျပ်ငွေယူပါတယ်။
တစ်နေ့ကို ကားပေါင်းရာနဲ့ချီပြီးအသွားအလာရှိပါတယ်။
ကားအတူစီးတိုင်းရင်းသားကချင်ကြီးက…
“ဆရာ၊ ဝါးတားဂိတ်တွေက ငွေတွေအရမ်းယူတယ်။
တစ်ဝက်ယူ၊တစ်ဝက်ကိုကားလမ်းပြန်ပြင်ပေးရင်တောင်
ဖါးကန့်-မိုးကောင်းကားလမ်းဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးကားလမ်းဖြစ်လာနိုင်တယ်။
တာဝန်ရှိသူတွေက လမ်းကြေးကောက်ပြီး မခိုးမယူဘူးဆိုရင်၊
လမ်းကိုတာဝန်သိသိပြင်ပေးမယ်ဆိုရင်တော့
ကျနော်တို့ ဖါးကန့်-မိုးကောင်းလမ်းဟာ ရွှေလမ်းဖြစ်ပြီပေါ့ဆရာ၊
အခုတော့ ရွံ့လမ်းကနေ မတက်ဘူး”တဲ့။
+++++++++++++++
ကိုယ့်ကို လေးလေးစားစားဆက်ဆံစေချင်
သူတစ်ပါးကိုလည်းလေးလေးစားစားဆက်ဆံဖို့လိုအပ်ပါတယ်။
ကျနော်တို့နိုင်ငံတွင် အထက်အောက်ဆက်ဆံရေးတွင်
ကိုယ့်ကို လေးလေးစားစားဆက်ဆံစေချင်ပေမယ့် အာဏာရှိပုဂ္ဂိုလ်တွေက
အောက်ကဝန်ထမ်းကိုလေးလေးစားစားဆက်ဆံရကောင်းမှန်းမသိခဲ့ပါ။
မိဘက သားသမီးကိုလေးလေးစားစားဆက်ဆံရကောင်းမှန်းမသိခဲ့ပါ။
ဆရာက တပည့်တွေအပေါ် လေးလေးစားစားဆက်ဆံရကောင်းမှန်းမသိခဲ့ပါ။
ဗုဒ္ဓတရားတော်အရ ကိုယ်ပေးတာကို ကိုယ်ပြန်ရတာပါပဲ။
စပါးစိုက်ရင် စပါးပြန်ရမှာပဲ။
ငရုတ်ပင်စိုက်ရင် ငရုတ်သီးပြန်ရမှာပဲ။
လိမ်တာမကြိုက်ရင် မလိမ်မိဖို့၊
ခိုးတာမကြိုက်ရင် သူတစ်ပါးပစ္စည်း၊ငွေကြေးကိုမခိုးမိဖို့၊
သတ်တာမကြိုက်ရင် သူတစ်ပါးကို မသတ်မိဖို့၊
အထူးသတိထားဖို့လိုအပ်ပါတယ်။
တရားမျှတတယ်ဆိုတာ ကိုယ်မကြိုက်တာကို ကိုယ်မပေးမိဖို့ပါ။
ကိုယ်ကြိုက်တာကိုလည်း ဘယ်သူ့ကိုမဆို ကိုယ်ပေးနိုင်အောင်အားထုတ်ဖို့လိုပါလိမ့်မယ်။