တစ်ခါတုန်းက ရွာသားတစ်ယောက်ဟာ
ဘုန်းကြီးကျောင်းဝိုင်းအတွင်း သရက်ပင်မှ သရက်သီးများကို
လူအလစ်တွင် ဝင်ခိုးသည်။
နံနက်ဝေလီဝေလင်းတွင်မှ ဝင်ခိုးခြင်းဖြစ်သော်လည်း
သူခိုးရွာသားဟာ သိပ်မပူပန်ပါ။
အကြောင်းမှာ ကျောင်းဝင်းအရက်တောကြီးက အကျယ်ကြီးဖြစ်သောကြောင့်
သူ့ကို တွေ့ရန်မလွယ်ဘူးလို့ သိနေတဲ့အတွက် ဖြစ်ပါတယ်။
သူခိုးရွာသားဟာ အသင့်တွေ့ရတဲ့လှေကားကို သရက်ကိုင်းမှာ ထောင်လိုက်ကာ
လှေကားပေါ်မှ မတ်တပ်ရပ်ပြီး အကြီးဆုံး၊အကောင်းဆုံး၊ အလှဆုံးများကို
သေချာရွေးပြီး ခူးနေတယ်။
အဲဒီအချိန်မှာ ဘုရားဂုဏ်တော်ပွားရင်း လမ်းလျှောက်လာတဲ့ မဟာစည်ဆရာတော်ကြီးဟာ
သရက်ပင်မှာ လှေကားတစ်စင်းထောင်ထားတာကို တွေ့သွားတဲ့အတွက်
အနားသွားမော့ကြည့်လိုက်ရာ ဒကာ(သူခိုး)ကို တွေ့သွားပါတယ်။
ဆရာတော်ကြီးက ဘာမှမပြောဘဲ လှည့်ပြန်မယ်အပြုမှာ လှေကားမှ
“ ဂျွတ် ”ဆိုတဲ့အသံကြီးထွက်လာတယ်။
ဆွေးနေတဲ့ လှေကားခြေတစ်ချောင်းက ကျိုးကျတော့မယ်ဆိုတဲ့သဘောကို
ဆရာတော်ကြီးက သတိပြုမိလိုက်တယ်။
ရွာသားရဲ့ဘယ်နဲ့ညာမှာ စလွယ်သိုင်းပြီးလွယ်ထားတဲ့ ဧရာမလွယ်အိတ်ကြီး
နှစ်လုံးမှာလည်း ပြည့်ခါနီးလာပြီဖြစ်တဲ့အတွက် အလေးချိန်ကလည်း များသထက်များ
လာလေတော့ လှေကားအဟောင်းက မခံနိုင်တော့ဘဲ ကျိုးသွားခြင်းဖြစ်တယ်။
အဲဒီအခါ ဆရာတော်ကြီးက ကျိုးသွားတဲ့လှေကားခြေတစ်ချောင်းအောက်
အလျင်အမြန် ဝင်လိုက်ပြီးရင် ပုခုံးနဲ့ ထမ်းထားလိုက်ပါတယ်။
အလုံးချောချော သရက်သီးများအပေါ် အာရုံစိုက်နေတဲ့ ရွာသားမှာ
လှေကားကျိုးခြင်းကို မသိပါ။
ကျိုးနေတဲ့ လှေကားခြေထောက်မှာ ဆရာတော်ကြီးက
သူလိမ့်မကျစေဖို့ ထမ်းပေးထားခြင်းလည်း မသိပေ။
အတန်ကြာတဲ့အခါ အလုပ်ကြမ်းမလုပ်ရတဲ့အတွက်
နူးညံနေတဲ့ ဆရာတော်ရဲ့ပုခုံးသားများဟာ အိတ်နှစ်လုံးနဲ့ရွာသားရဲ့အလေးချိန်
ကို မခံနိုင်တော့ဘဲ ပေါက်ပြဲပြီးအရေပြားစုတ်ကာ သွေးတွေ ထွက်လာပါတယ်။
အဲဒီအခါကျတော့မှ မဟာစည်ဆရာတော်ကြီးက
“ ဟဲ့….ဒကာတော်၊
မလုံလောက်သေးဘူးလား၊
လှေကားထမ်းထားရတဲ့ ငါ့ပုခုံးတော့ ပေါက်ကုန်ပြီ ”
လို့လှမ်းပြောလိုက်တယ်။
အဲဒီအချိန်ရောက်မှ ရွာသားဟာ အောက်ကိုငုံ့ကြည့်လိုက်ရာ
ခြေတစ်ဖက်ကျိုးနေတဲ့ လှေကား၊
အဲဒီလှေကားကို ပုခုံးနဲ့ထမ်းကာ ရပ်နေတဲ့ဆရာတော်ကြီးကို တွေ့သွားပါတယ်။
ရွာသားမှာ သူ့အပြစ်အတွက် ကြောက်လန့်ခြင်း၊
ဆရာတော်ကြီးရဲ့ အနစ်နာခံမှုအတွက် အံ့သြလွန်းတဲ့အတွက်
ကြောက်ကြောက်နဲ့ တစ်လှမ်းခြင်းဆင်းလာပါတယ်။
ခွင်လွှတ်ခြင်းဟာ အပြစ်ပေးခြင်းထက် အောင်မြင်ပါတယ်။
ဟူသောစကားသည် မှန်ပေစွ။
ရွာသားသည် မြေပြင်ပေါ် ရောက်သည်နှင့် သရက်သီးအိတ်နှစ်အိတ်ကို
ဆရာတော်ရှေ့ချပြီးပြန်အပ်ကာ မျက်ရည်တွေကျလာပြီး
“ တပည့်တော် နောက်ကို ဘယ်တော့မှ မခိုးတော့ပါဘူးဘုရား ”
ဟု လျှောက်ထားပါတယ်။
ဆရာတော်က
“ ငါ့ကို ပြန်မပေးပါနဲ့၊
မယူပါဘူး၊
မင်းကုသိုလ်ရချင်ရင်တော့
ဘုရားကို သုံးလေးလုံး လှူသွားပေါ့ ”
ဟုသာပြောပါတယ်။
ရွာသားဟာ ဘုရားကို သရက်သီး လှူပြီးသည်နှင့်
ကျောင်းထဲမှ သုတ်ချေတင်ပါတော့တယ်။
ထိုရွာသားဟာ နောင်ဘယ်သောအခါမှ
ဆရာတော်ရဲ့
ကျောင်းထဲ သရက်သီးလာခိုးမည်မဟုတ်ချေ။
နူးညံ့သောမှိုပွင့်သည် ခက်မာသော မြေကို
ဖောက်ထွင်းနိုင်ပါတယ်။
နူးညံ့ပျော့ပြောင်းသော ရေဟာ
ခက်မာကြမ်းတမ်းသော ကျောင်ဆောင်ကျောက်ခဲများကို
သဲမှုန်လေးများဖြစ်သွားအောင် တိုက်စားနိုင်ပါတယ်။
အဲဒီလိုပါပဲ သူတော်စင်ရဲ့နူးညံ့သိမ်မွေ့တဲ့ နှလုံးသားဟာ
သူမိုက်ရဲ့ခက်ထန်ကြမ်းတမ်းတဲ့
နှလုံးသားကို နူးညံ့သိမ်မွေ့လာစေနိုင်ပါတယ်။
No comments:
Post a Comment