တစ်ခါတုန်းက အဖိုးအိုတစ်ယောက်ဟာ
တောင်ဝှေးကိုထောက်ပြီး တလှုပ်လှုပ်နဲ့ လမ်းလျှောက်နေပါတယ်။
တစ်နေ့မှာတော့ လမ်းဆုံလမ်းခွ လမ်းနှစ်ခွကိုရောက်လာပါတယ်။
တစ်ခုသောလမ်းကတော့အရိပ်အာဝါသကောင်းတယ်။
ဖြောင့်ဖြူးသာယာတယ်။
နောက်တစ်လမ်းကတော့ အရိပ်အာဝါသ မကောင်းပါ။
ဖြောင့်ဖြူးညီညာခြင်း မရှိပါ။
ဆူးညှောင့်အပြည့်နဲ့ ဖြစ်တယ်။
အဖိုးအိုဟာ သာယာတဲ့လမ်းဘက်ကို သွားဖို့ ဟန်ပြင်လိုက်ပါတယ်။
အဲဒီအခိုက် သေမင်းတမန်နတ်သား ဟာ ဘွားကနဲပေါ်လာပြီး…
“ အို လူသား အဖိုးအို၊
လမ်းကောင်းကိုသွားဖို့ ဂိတ်ကြေးပါရဲ့လား ”
“ ဘာကို ဆိုလိုပါသလဲ၊ အသင်နတ်သား ”
“ ကောင်းပြီး အဖိုးအို၊
နားထောင်ပါလော့၊
သင်ဟာ ရတနာသုံးပါးကို ယုံယုံကြည်ကြည်နဲ့ ဆည်းကပ်ခဲ့ပါရဲ့လား ”
“မေ့လျော့နေတဲ့အတွက် မဆည်းကပ်ခဲ့မိပါ ”
“ သင်ဟာ မိဘတို့ကို လုပ်ကျွေးခဲ့ပါရဲ့လား ”
“ မေ့လျော့နေတဲ့အတွက် မလုပ်ကျွေးခဲ့ပါ ”
“ ရှိစေဦးတော့၊
ဒါနဝတ်တစ်ခုခု နေ့စဉ်ပြုခဲ့ပါရဲ့လား ”
“ မေ့လျော့နေတဲ့အတွက် မပြုခဲ့မိပါ ”
“ သင်ဟာ သီတင်းသီလကိုကော စောင့်သုံးခဲ့ပါရဲ့လား ”
“ မေ့လျော့နေတဲ့အတွက် မစောင့်သုံးခဲ့ပါ ”
“ ရှိစေဦးတော့၊
ဘာဝနာတစ်ခုခုကိုကော ပွားရှုခဲ့ပါသလား ”
“ မေ့လျော့နေတဲ့အတွက် မပွားရှုခဲ့မိပါ ”
“ အို လူသားအဖိုးအို၊
သင့်မှာ ဂိတ်ကြေးမပါတဲ့အတွက်
ဒီလမ်းကောင်းပေါ်မှာ သွားခွင့်မရှိပါ။
ဆူးအပြည့်ရှိတဲ့ လမ်းကိုသာ သွားပါလေလော့ ”
မျက်မှောက်အကျိုး၊
တမလွန်အကျိုးကို လိုလားသူဟာ
ကုသိုလ်ကောင်းမှုကို မမေ့မလျော့ပြုဖို့လိုပါတယ်။
ကုသိုလ်ကောင်းမှုဟာ
သံသရာခရီးအတွက်
ဂိတ်ကြေးဆိုတဲ့ ရိက္ခာထုတ်ဖြစ်ပါတယ်။
No comments:
Post a Comment