ကျနော်ဟာ ဓါတ်ပုံရိုက်ရတာကို ဝါသနာပါသူဖြစ်ပါတယ်။
ပုံကောင်းများရအောင် အကြိမ်ပေါင်းများစွာ အားထုတ်ရပါတယ်။
ကျနော်ရဲ့ဝါသနာကို သိနေတဲ့ သူငယ်ချင်း ကိုခင်မောင်ဝင်းက
ပိုးတုံးလုံးအိမ်တစ်ခုကို ယူလာခဲ့ပါတယ်။
ဓါတ်ပုံရိုက်ဖို့ဖြစ်ပါတယ်။
ကျနော်လည်း ဝမ်းသာသွားပါတယ်။
ပိုးတုံးလုံးထဲက လိပ်ပြာလေး အပြင်ထွက်လာပုံအဆင့်ဆင့်ကို
ဓါတ်ပုံရိုက်ဖို့ပြင်ဆင်လိုက်ပါတယ်။
ပိုးအိမ်လေးဟာ တဖြည်းဖြည်း ပွင့်အာစပြုလာပါတယ်။
အတွင်းမှ လိပ်ပြာလေးမှာ အပြင်ထွက်နိုင်ဖို့
နာရီပေါင်းများစွာ အားထုတ်ရုန်းကန်နေရပါတယ်။
အဲဒီလို ရုန်းကန်နေတာဟာ အချိန်ကြာလာတော့
ကျနော်က တစ်ခုခုမှားနေပြီလို့ ယူဆလာမိပါတယ်။
ဓါတ်ပုံရိုက်ဖို့အတွက် အချိန်ကြာကြာစောင့်နေရတဲ့အတွက်
စိတ်မရှည်နိုင်အောင်လည်း ဖြစ်တာလည်းပါလိမ့်မယ် ထင်ပါတယ်။
ပိုးတုံးလုံးထဲက လိပ်ပြာလေးဟာ
တောင်ပံကိုတစ်ဖျတ်ဖျတ်ရိုက်နေတာကိုက ကြာလွန်းလှပါတယ်။
ပိုးချည်မျှင်များက တောင်ပံနဲ့ တစ်ကိုယ်လုံးမှာ ရစ်ပတ်နေတာကြောင့်ဖြစ်ပါတယ်။
ကျနော်ရဲ့မြန်မြန် အပြင်ထွက်လာစေချင်တဲ့ စေတနာကြောင့်
ကပ်ကြေးတစ်လက်ယူပြီး ပိုးချည်မျှင်များကို ဖြတ်ပေးလိုက်ပါတယ်။
ကျနော်အထင်မှာ ပိုးတုံးလုံးလေးဘဝကနေ လိပ်ပြာလေးဟာ
တောင်ပံခတ်ပြီးထပျံသွားလိမ့်မယ်လို့ယူဆနေမိပါတယ်။
ဒါပေမယ့် ကျနော်ထင်သလို ဖြစ်မလာခဲ့ပါ။
လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါး၊
သွက်လက်စွာ ပျံသန်းသွားနိုင်တဲ့ လိပ်ပြာလေးဖြစ်မယ့်အစား
လိပ်ပြာလေးရဲ့တစ်ဆတ်ဆတ်တုန်နေတဲ့တောင်ပံဟာ
တစ်ဖြည်းဖြည်းနဲ့ ရပ်ဆိုင်းသွားပါတော့တယ်။
လိပ်ပြာလေးဟာလည်း မကြာခင်မှာ သေဆုံးသွားပါတော့တယ်။
ကျနော်စိတ်မကောင်းဖြစ်ရပါတယ်။
တကယ်ဆိုတော့ တဖြည်းဖြည်းနဲ့ပွင့်အာလာတဲ့ ပိုးအိမ်ထဲက
ကိုယ့်အားကိုယ်ကိုးပြီး
ရုန်းကန်လှုပ်ရှားဖို့သဘာဝကဖန်တီးထားခဲ့ပါတယ်။
ဒီလို ရုန်းကန်လှုပ်ရှားအားထုတ်တဲ့အခါမှသာ
တောင်ပံအရင်းနားက ကြွက်သားများသန်စွမ်းလာမှာဖြစ်ပါတယ်။
ဒီ့ပြင် ကိုယ်ခန္ဓာထဲရှိ အရည်များဟာတောင်ပံဆီကို ရောက်ရှိစေပါတယ်။
သနားတဲ့အတွက် ပိုးအိမ်ကို ကပ်ကြေးနဲ့ခွဲဖွင့်ပေးလိုက်တာဟာ
အမှန်တော့ သနားရာမရောက်ပဲ ရက်စက်ရာရောက်ပါတယ်။
ဘဝမှာ ကိုယ်တိုင် ကြိုးစား၊ လှုပ်ရှား၊ ရုန်းကန်ရတာဟာ
ဘဝရဲ့လိုအပ်ချက်လည်းဖြစ်ပါတယ်။
No comments:
Post a Comment