ငယ်နာမည်က မောင်ခင်၊
သူကတော့ သာသနာဘောင်ဝင်ပြီးလို့ ရဟန်းဖြစ်စရောက်တဲ့အခါ
အငယ်တန်း၊အလတ်တန်း၊ အကြီးတန်းတွေ ပထမကျော်အထိ အောင်မြင်ပြီးပြီ။
သူဟာ မြန်မာပြည်ပရိယတ္ထိစာမေးပွဲလောကမှာ အခက်ဆုံးလို့ နာမည်ကြီးတဲ့ မန္တလေးမြို့က
သကျသီဟ စာမေးပွဲမှာ စာသင်တန်းဝင်ဖြေတော့ ပထမဆုံးနှစ်မှာကျတယ်။
စာမေးပွဲကျတော့ သူက သကျသီဟ အသင်းလူကြီးတွေဆီသွားပြီး
“ဦးဇင်း…ဒကာကြီးတို့အသင်းက ကျင်းပတဲ့ စာသင်တန်းဝင်ဖြေတာ ကျတယ်။
ဒီနှစ်ကျချင်ကျပါစေ၊
နောက်နှစ်မှာတော့ ဒကာကြီးတို့ရဲ့စာမေးပွဲစာသင်တန်းမှာ ဦးဇင်း ပထမရလိမ့်မယ်”
ဆိုပြီး ကြုံးဝါးပြောဆိုခဲ့ပါတယ်။
အဲဒီလို ကြုံးဝါးခဲ့တဲ့ ဦးဇင်းငယ်ဟာ နောက်နှစ်မှာတော့ သူကြုံးဝါးတဲ့အတိုင်း
တကယ်ပဲ စာသင်တန်းမှာ ပထမစွဲပြီး အောင်တယ်။
အဲဒီနောက်နှစ်မှာ စာချတန်းဆိုတာကို ဖြေတော့လည်း
သကျသီဟစာမေးပွဲတလျှောက်လုံးမှာ
“ စာသင်တန်း၊ စာချတန်းဆက်တိုက် နှစ်ချင်းပေါက် သုံးကျမ်းပြီး” အဖြစ်နဲ့အောင်တယ်။
ဒီဦးဇင်းရဲ့ ထူးခြားတဲ့အောင်မြင်မှုကြောင့်
အသင်းလူကြီးတွေနဲ့ နာယက ဆရာတော်ကြီးတွေက တိုင်ပင်ပြီး
ရိုးရိုးစာချဘွဲ့မျိုးပေးလို့တော့ မတော်ဘူး၊
ဂုဏ်ထူးနဲ့ထိုက်တန်တဲ့ဘွဲ့ထူးတစ်ခု သတ်မှတ်ပြီးပေးသင့်တယ်ဆိုပြီး
“ဝဋံသကာ”(=အထွတ်အမြတ်)ဆိုတဲ့ ဘွဲ့ကို သတ်မှတ်ပေးရပါတယ်။
အဲဒီဦးဇင်းငယ်ဆိုတာ နောက်တော့
တိပိဋကဓရ၊ ဓမ္မဘဏ္ဍဂါရိက၊ မင်းကွန်းဆရာတော်ဘုရားကြီး
ဘဒ္ဒ န္တ
ထင်ရှားတဲ့ ကမ္ဘာ့ဂရင်းနစ် စံချိန်ဝင်တော်မူတဲ့ဆရာတော်ကြီးဖြစ်လာပါတယ်။
မခံချင်တဲ့စိတ်နဲ့ကြိုးစားခဲ့လို့ အောင်မြင်ခဲ့တဲ့အဖြစ်အပျက်တစ်ခုဖြစ်ပါတယ်။
စာမေးပွဲဆိုတာ တိုးတက်လိုသူတိုင်းအတွက် ဘဝတစ်လျှောက်လုံးမှာ
တွေ့နေရတဲ့အတားအဆီးတစ်ခုဖြစ်တယ်။
ဒီအတားအဆီးတွေကို ကျော်လွှားတဲ့အခါ
တစ်ကြိမ်မဟုတ်တစ်ကြိမ်တော့ ခြေလွတ်လက်လွတ်ဖြစ်တတ်ပါတယ်။
ဒါဟာသဘာဝဆိုတာ နားလည်ပြီး စိတ်ဓါတ်မကျဖို့လိုပါတယ်။
ငယ်စဉ်တုန်းက လဲကျလို့ ပြန်မထခဲ့ရင်း ဘယ်သူမှ လမ်းလျှောက်တတ်လာမှာမဟုတ်ပါဘူး။
လဲကျတိုင်း ပြန်ထခဲ့လို့သာ လမ်းလျှောက်တတ်လာသလို ပြေးတတ်လာကြတာပါ။
စာမေးပွဲကျဖူးပြီးထိပ်တန်းကိုရောက်လာတာနဲ့ပက်သက်ပြီး
မင်းကွန်းဆရာတော်ဘုရားဟာ အကောင်းဆုံးနမူနာတစ်ခုဖြစ်ပါတယ်။
ကဲ...လူကြီးမင်းလည်း စာမေးပွဲနဲ့ပက်သက်ပြီး
ကိုယ်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ကြုံးဝါးရဲပြီလား?
No comments:
Post a Comment