ဟိုးရှေးရှေးတုန်းက ဘုရင်တစ်ပါးမှာ
အင်မတန်ချောမောလှပတဲ့သမီးတော်တစ်ပါးရှိသတဲ့။
ဗေဒင်ဆရာတွေက
`ကမ္ဘာပေါ်မှာ ဘုရင်ကြီး ထက်ဥာဏ်ကောင်းတဲ့လူတစ်ဦးရှိလာလိမ့်မယ်။
အဲဒီလူက ပထမမှာ သမီးတော်ကို သိမ်းပိုက်လိမ့်မယ်။
အဲဒီနောက်တိုင်းပြည်တစ်ပြည်လုံးကို သိမ်းပိုက်လိမ့်မယ်´
လို့ဟောထားတယ်။
ဒီတော့ အာဏာကို လက်လွှတ်မှာကြောက်တဲ့စိတ်က
ဘုရင်ကြီးရဲ့ စိတ်ဓါတ်ကိုပျက်စီးသွားစေတယ်။
ဒါကြောင့် ဘုရင်ကြီးက သူ့သမီးကို ဘယ်သူနဲ့မှ မပေးစားချင်ဘူးတဲ့။
ဒါနဲ့ သတိုးသားလောင်းတွေအတွက် စမ်းသပ်ပွဲတစ်ခုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဘုရင်ကြီးက အိတ်ကလေးထဲကို ကျောက်ခဲစေ့ နှစ်စေ့ ထည့်လိုက်တယ်။
တစ်လုံးက အနီရောင် ကျောက်ခဲ၊
နောက်တစ်လုံးက အပြာရောင် ကျောက်ခဲ၊
ကျောက်ခဲအနီကို ဆွဲထုတ်လိုက်သူဟာ ခေါင်းဖြတ်ခံရမယ်။
ကျောက်ခဲအပြာကို ဆွဲထုတ်လိုက်သူဟာ
သမီးတော်နဲ့လက်ထပ်ခွင့်ပေးမယ်လို့ကြေညာလိုက်ပါတယ်။
အင်မတန် အန္တရာယ်များတဲ့စမ်းသပ်မှုပါပဲ။
ဒါပေမယ့် ကိုယ့်ကိုယ်ကို ကံကောင်းမယ်လို့ ယုံကြည်တဲ့လူငယ်တွေ
အများကြီးပေါ်ထွက်လာခဲ့တယ်။
ဖြစ်ချင်တော့ ကျောက်ခဲအနီပဲ ထွက်လာတော့
တစ်ယောက်ပြီးတစ်ယောက်
ခေါင်းဖြတ်ခံကြရတယ်။
တဖြည်းဖြည်းနဲ့ အရွယ်ရောက်လူငယ်တွေ နည်းသထက်နည်းလာတယ်။
နောက်ဆုံး ကံစမ်းချင်တဲ့ လူတစ်ယောက်မှ မရှိတော့ဘူးလို့ထင်ရတဲ့အချိန်မှာ
လူငယ်တစ်ယောက် ပေါ်ထွက်လာပါတယ်။
ပြည်သူပြည်သားတွေအများကြီးရဲ့ရှေ့မှာ
အဲဒီ လူငယ်က ကျောက်ခဲထည့်ထားတဲ့အိတ်ကလေးကို တောင်းတယ်။
ကျောက်ခဲစေ့ တစ်စေ့ကို အမြန်ဆွဲထုတ်ပြီး အနားမှာရှိတဲ့ မြစ်ထဲကို
တစ်အားလွှဲပြီး လွင့်ပစ်လိုက်တယ်။
လူငယ်က
“ စိုးရိမ်ကြောင့်ကျတဲ့စိတ်ကြောင့် သူ
ယူလိုက်တဲ့ကျောက်ခဲကို မကြည့်ရဲဘူး။
ကျန်ခဲ့တဲ့ ကျောက်ခဲကိုဘဲ ဘုရင်ကြီးနဲ့ လူကြီးမင်းများ ကြည့်ကြပါ။ ”
ကျန်ခဲ့တဲ့ ကျောက်ခဲကို ကြည့်လိုက်တဲ့အခါ ကျောက်ခဲအနီဖြစ်နေတာမို့
လူငယ်လေးလွှင့်ပစ်လိုက်တဲ့ ကျောက်ခဲဟာအပြာဖြစ်တယ်
လို့ယူဆရတော့မှာဖြစ်နေတာပေါ့။
အများပြည်သူတွေရဲ့ရှေ့မှာ ဆိုတော့ ဘုရင်ကြီးလည်း ဘာမှ မတတ်နိုင်တော့ပါဘူး။
`မင်းမှာ သစ္စာ၊ လူမှာ ကတိ´ဆိုတဲ့အတိုင်း
သူ့ထက် ဥာဏ်ကောင်းတဲ့လူငယ်ရဲ့လက်ထဲကို
သမီးတော်ကို အပ်လိုက်ရပါတော့တယ်။
အိတ်ထဲမှာ ကျောက်ခဲအနီ နှစ်လုံးစလုံး ထည့်ထားတာကြောင့်
ဘယ်သူမှအသက်ရှင်လျက်ကျန်ရစ်ဖို့ အခွင့်အလမ်းမရှိဘူး
ဆိုတာ ဘုရင်ကြီးတစ်ဦးပဲ သိတာပါ။
ကျနော်တို့ အဲဒီလိုတိုင်းပြည်အုပ်ချုပ်မင်းလုပ်သူမျိုးနဲ့
မကြုံရ၊မတွေ့ပါရစေနဲ့လို့
သေဆုံးသွားတဲ့လူငယ်တွေကိုယ်စား
ဆုတောင်းကြရအောင်လားခင်ဗျာ..........။
No comments:
Post a Comment