Wednesday, April 3, 2013

"အမေ့ထံသို့ ပေးစာများ-၇၅..."



သို့
ချစ်တဲ့အမေ
သားသတိတရ စာရေးလိုက်ပါတယ်။
အမေ နေကောင်းလား။
ဒီ အေသင်မြို့ကို ရောက်လာကတည်းက
စာမရေးဖြစ်တာတောင် တော်တော်ကြာပြီ။
အမေ့ဆီကို စိတ်က စာတွေ အစောင်စောင်ရေးဖြစ်ပေမယ့်
တကယ့်လက်တွေ့ကျတော့ မရေးနိုင်ခဲ့ဘူး။
အမေ မကြာခဏပြောတဲ့စကားကို သတိရမိတယ်။
“တကယ်အလုပ်များလာပြီဆိုရင် ယားလို့တောင် မကုတ်အားပါဘူးကွယ်”
ငယ်ငယ်တုန်းက နားမလည်ခဲ့ဘူး။
လက်လှမ်းမီတဲ့နေရာဆိုရင် လှမ်းကုတ်တာများ၊
ဘာခက်တာမှတ်လို့။
လက်လှမ်းမမီရင်လည်း ထိုင်ပြီးကုတ်လိုက်ရုံလေးကို အမေတို့များ
စကားလုပ်ပြောတယ်လို့ထင်ခဲ့မိတယ်။
လက်နှစ်ဖက်စလုံး မအားခဲ့တာကို မတွေးဖြစ်ခဲ့ဘူး။
အခုလုပ်တဲ့အစားအစာလုပ်ငန်းက လက်အိတ်စွတ်ပြီး တစ်ချိန်လုံးလုပ်ရတဲ့အလုပ်ဖြစ်တော့
ယားချိန်မှာ ကုတ်ချိန်မရဘူး။
ကုတ်ချိန်ရပြန်တော့ ယားတာက ပျောက်သွားပြီ။
ဘာမှမမြဲဘူးဆိုတာ ဒီမှာလည်း မှန်နေပြန်တယ်။
တချိန်လုံးမတ်တတ်ရပ်ပြီးလုပ်နေတော့ ဒူးဆစ်အောက်ပိုင်းယားလို့က
မကုတ်နိုင်ပြန်ဘူး။
ပြောရင်ပိုတယ်ထင်စရာပါပဲ။
မြန်မာပြည်မှာသာ ဒီလောက်အလုပ်များများလုပ်ခဲ့ရင် သန်းကြွယ်သူဋ္ဌေးဖြစ်လောက်တယ်။
မြန်မာပြည်မှာတော့ ထိုင်ပြီးအလုပ်လုပ်ရတာ များပါတယ်။
သိပ်လည်း မပင်ပန်းလှဘူး။
ဒါတောင် ဒီဇင်ဘာလဆိုရင် အနားမယူလိုက်ရင် လူဖြစ်ကျိုးရှုံးတယ်လို့
အောင်းမေ့မိသေးတယ်။
တစ်နှစ်မှာ တစ်လလောက်တော့ နားသင့်တယ်လို့ တွေ့တဲ့သူကို
အမှန်တရားတစ်ခုလို ပြောမိသေးတယ်။
အခုတော့ အဲဒီအမှန်တရားလည်း မမှန်နိုင်တော့ပါဘူး။
“လူကို ဘာကမောင်းနှင်နေသလဲ” လို့အမေကမေးလာခဲ့ရင်
ပြောစရာစကားက တစ်လုံးထဲရယ်ပါ။
ငွေပေါ့အမေ။
ငွေက ကုတ်ပေါ်ခွပြီး လူကို မောင်းနှင်နေတာလေ။
ဒီမှာရှိတဲ့လူတိုင်းပါပဲ။
အထူးသဖြင့် အကြွေးရှိတဲ့လူတွေကိုပေါ့။
အကြွေးထဲမှာ အဆိုးဆုံးက အိမ်ကြွေးပေါ့။
အိမ်ကြွေးက အများအားဖြင့် နှစ်သုံးဆယ်အကြွေးလေ။
အိမ်ကို အကြွေးနဲ့ဝယ်ထားတဲ့လူတွေဆိုရင် မောလွန်းလို့လျှာထွက်နေတာတောင်
ပြေးနေရတုန်းပါပဲ။
မြင်းတစ်ကောင်က အမောဆို့ပြီး ပြုန်းကနဲလည်း သေသွားရင် လွတ်ကျွတ်သွားပေမယ့်
ဒီမှာရှိတဲ့လူက မကျွတ်ဘူးအမေရဲ့။
ဘဏ်က အကြွေးမဆပ်ဘူးဆိုတာနဲ့ ဝယ်ထားတဲ့အိမ်ကို လာသိမ်းသွားရော။
သေသွားတာတောင် အကြွေးဆပ်ဖို့တာဝန်က မသေဘူး။
ကျန်တဲ့မိသားစုတွေရှိရင် အဲဒီအကြွေးကို ဆပ်ပေတော့။
အသိမိတ်ဆွေတစ်ယောက်ဆိုရင် နှစ်ရှည်အကြွေးယူထားတာ
သူ့အသက် ရှစ်ဆယ်ပြည့်မှ အကြွေးကကျေနိုင်တယ်။
သူကလည်း အကြွေးကို ဆပ်နိုင်မယ်ထင်လို့ယူတာပဲ။
နှစ်ရှစ်ဆယ်အထိ နေရမယ်လို့ သူထင်ထားပုံရပါတယ်။
ဘဏ်ကလည်း သူ့ရဲ့ခရစ်တစ်ကဒ်ရဲ့အလားအလာကို ကြည့်ပြီး ချေးငှားတာပါ။
ဘဏ်က သေချာမှ ပေးတာများပါတယ်။
မမြဲတဲ့လောကကြီးမှာ အမေရိကန်ဆိုတဲ့နေရာမှာတော့
 ငွေကို အခြေခံပြီး မြဲတယ်လို့ ထင်နေကြပုံရတယ်။



ကျနော်တို့အခုရောက်နေတဲ့နေရာ ဂျော်ဂျီယာပြည်နယ်က မြို့တစ်မြို့ဖြစ်တဲ့ အေသင်မြို့လေးပါ။
ရာသီဥတုက ဖါးကန့်မြို့ရဲ့ရာသီဥတုနဲ့တူတယ်။
မိုးများပြီး အေးတယ်။
ဖါးကန့်ကတော့ တောင်ပတ်ပတ်လည်တွေ ဝိုင်းပြီး မိုးများပြီးအေးတယ်။
အေးတာကို နယ်ခံတစ်ဦးက အောက်က ကျောက်စိမ်းတွေကြောင့်လို့ပြောတာပဲ။
ဒီမှာက သမုဒ္ဒရာနဲ့နီးလို့ မိုးများပြီးအေးတယ်။
ဒီမှာတော့ နှင်းကျတာ မကြုံဘူးသေးဘူး။
အလုပ်အကိုင်ရှိတော့ နေလို့ကောင်းတယ်လို့ပြောရမယ်ထင်တယ်။
အလုပ်အကိုင်ရှိတော့ ငွေရှိတယ်။
ငွေရှိရင် အမေရိကန်ဟာ နတ်ဘုံနတ်နန်းပါပဲ။
လိုတိုင်းရတယ်လေ။
ငွေမရှိတဲ့အခါဆိုရင် နေချင်းညချင်း ငရဲပြည်ဖြစ်သွားတဲ့နေရာလို့ပြောရရင်
မလွန်ဘူးထင်တာပဲ။

ဒါဟာ အေသင်မြို့ရဲ့မြင်ကွင်းတစ်ခုပါ...

မြို့လေးက သေးသေးလေး။
ကားလမ်းတွေက ကျဉ်းကျဉ်းလေး။
ကားတွေက များလွန်းတော့ ကားတွေကို လုယက်မောင်းနေကြသလိုပဲ။
အမေရိကန်တစ်နံတလျားကို မောင်းခဲ့ပေမယ့် ဒီနေရာရောက်တော့
ကားမောင်းရမှာ ခပ်ကြောက်ကြောက်ပဲ။
အဝင်အထွက်က အမြဲတမ်းအရင်လိုနေကြပုံပဲ။
မှန်မှန်မောင်းတဲ့သူ မရှိသလောက်ပဲ။
ခပ်ကြမ်းကြမ်းမောင်းပြီဆိုရင် လှမ်းကြည့်လိုက်၊
မိန်းမငယ်တွေဖြစ်နေတာကို အများအားဖြင့် တွေ့ရတယ်။
သူတို့တွေ အမောင်းကြမ်းသလောက် ကျွမ်းကျင်ကြတယ်။
အသက်ရှစ်ဆယ်ကျော် အဖွားတွေလည်း ကားမောင်းလို့ကောင်းတုန်းပဲ။
အဖွားတွေဟာ ကိုယ့်ဘာသာကိုယ် ကားမောင်းတယ်။
ဈေးဝယ်ထွက်တယ်။
လိုချင်တာ၊ စားချင်တာကို ဝယ်တယ်။
ဘယ်သူ့ကိုမှ အားမကိုးတာကို တွေ့ရတယ်။
ကိုယ့်အားကိုယ်ကိုးပြီး နေကြဖို့ သက်သေပြနေတာလားလို့တောင် တွေးမိတယ်။
သူတို့ကို သူတို့ အိုတယ်လို့ထင်ပုံမရကြဘူး။



ကျနော်တို့ ဂျော်ဂျီယာပြည်နယ်က ဒီမြို့ကိုရောက်လာပုံကို ပြောရအုန်းမယ်။
မစ်ချီဂန်ပြည်နယ်မှာ တစ်နှစ်နီးပါးလောက် အလုပ်လုပ်ခဲ့တယ်။
စုဆောင်းငွေ အနည်းအကျဉ်းရလာတော့ ဝန်ထမ်းလုပ်ရတာ ငြီးငွေ့လာတာနဲ့
အလုပ်က ထွက်လိုက်တယ်။
ပြီးတော့ သူငယ်ချင်းကခေါ်တာနဲ့ မြောက်ပိုင်းကာရိုးလိုင်းနားကို ရောက်သွားတယ်။
ကာရီမြို့မှာ အိမ်ငှားပြီးနေတယ်။
တစ်လအကြာမှာပဲ တောင်ပိုင်းကာရိုးလိုင်းနားပြည်နယ်မှာ သင်တန်းတက်ဖို့ဖြစ်လာတယ်။
သူငယ်ချင်းက သတင်းပေးတာပါ။
တကယ်တန်း နှစ်ယောက်စလုံးသင်တန်းတက်ဖို့လုပ်တော့ သူငယ်ချင်းက
နှစ်ယောက်စလုံး သင်တန်းတက်ဖို့မလိုပါဘူးဆိုပြီး တားပြန်တယ်။
ကျနော်ရဲ့ဇနီးသည် ယုံယုံသာ တက်ပြီး ကျနော်က ကားမောင်းအကြိုအပို့လုပ်ပေးဖို့
ပြောလာပြန်တယ်။ သူ့ရဲ့အကြောင်းပြချက်က ငွေပိုကုန်တယ်ဆိုတယ်။
ကျနော့်ငွေပိုကုန်မှာကို သူစိုးရိမ်တာကို ကျေးဇူးတင်ပါတယ်။
ပညာသင်ဖို့ငွေကို သုံးတာဟာ ဖြုန်းတာမဟုတ်တဲ့အတွက်
ကျနော်ဘယ်တုန်းကမှ နှမြောတွန့်တို မဖြစ်ခဲ့ဘူးဘူး။
မရှိလို့သာ မသုံးနိုင်ခဲ့တာ ရှိရမယ်။
 ငွေရှိလို့ကတော့
ပညာကို ငွေနဲ့လှဲလှယ်ရတာကို တန်တယ်လို့ အမြဲတမ်းထင်ခဲ့တယ်။

ကမ္ဘာပေါ်မှာ ဒုတိယအချမ်းသာဆုံးဖြစ်တဲ့သူဋ္ဌေးကြီး ဝါရမ် ဘတ်ဖက်(Warren Buffett)ပြောခဲ့တဲ့စကားကိုပြေးသတိရမိတယ်။
“သူများတွေ ပြောတိုင်း လိုက်မလုပ်ပါနဲ့။
နားတော့ ထောင်ပါ။
ဒါပေမယ့် ကိုယ်ကောင်းမယ် ထင်တာကိုသာ လုပ်ပါ။
ဘာပဲပြောပြော ဒါဟာ ကိုယ့်ရဲ့ဘဝပါပဲ။
ဘာလို့ သူများတွေကို ထိန်းချုပ်ချယ်လှယ်ခွင့်ပေးရမှာလဲ”
သူဋ္ဌေးကြီးရဲ့အကြံပေးစကားကြောင့် ကျနော်သင်တန်းတက်ဖြစ်သွားတယ်။
သင်တန်းမပြီးခင်မှာပဲ အလုပ်ရလိုက်တာကြောင့် ကျနော့်ရဲ့ရွေးချယ်မှု မှန်တယ်လို့
ပြောနိုင်တယ်။
သင်တန်းမပြီးခင်မှာ အလုပ်ရတာကကိုက ထူးခြားမှုတစ်ခုပဲ။
အဲဒီအကြောင်းကို နောက်တော့မှ ပြောပြတော့မယ်နော်။
ကျနော့်စာကို အမေမျက်မှန်ထူထူတပ်ပြီး ဖတ်ရလို့ ညောင်းနေမှာ စိုးမိပါတယ်။

ဒါပါပဲ။
ချစ်တဲ့သား
အောင်ဝင်းဟိန်း
အေသင်မြို့၊ (Athens)
ဂျော်ဂျီယာပြည်နယ်၊ (Georgia)
အမေရိကန်ပြည်ထောင်စု။ (USA)
၎-၃-၂၀၁၃




Sunday, March 31, 2013

"သင့်အပြစ် မဖြစ်ပါစေနဲ့..."

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်...


တကယ်လို့ သင်ဟာ ဆင်းဆင်းရဲရဲ မွေးဖွားခဲ့တယ်ဆိုရင် 
သင့်အပြစ်မဟုတ်ပါဘူး။
ဒါပေမယ့် သင်ဟာ ဆင်းဆင်းရဲရဲ သေဆုံးသွားတယ်ဆိုရင်တော့
 ဒါဟာ သင့်ရဲ့အပြစ်ပါပဲ။

ဘီလ်ဂိတ် (Bill Gates)
( ကမ္ဘာ့ အချမ်းသာဆုံးပုဂ္ဂိုလ်)

Friday, March 29, 2013

"အမေ့ထံသို့ ပေးစာများ-၇၄..."




သို့
ချစ်တဲ့အမေ
သားသတိတရ စာရေးလိုက်ပါတယ်။
အမေ နေကောင်းလား။
မြောက်ပိုင်းကာရိုးလိုင်းနားကတော့ ရာသီဥတုကောင်းတယ်လို့ပြောရမယ်။
မစ်ချီဂန်လောက် မဆိုးဘူးလို့ပြောရင် ပိုမှန်မယ်။
ကျနော်တို့နေတဲ့ကာလမှာ တစ်ရက်ပဲ နှင်းကျတယ်။
နောက်တစ်နေ့ နေရောင်ခြည်လာတော့ နှင်းတွေအားလုံးပျောက်ကုန်တယ်။
မစ်ချီဂန်မှာဆိုရင် ဘယ်ရမလဲ။ နှင်းကျပြီးဆိုရင် ရက်ပေါင်းများစွာ နှင်းလွင်ပြင်ဖြစ်နေတယ်။
တမြို့လုံးကို ထုံးသုတ်ထားသလိုကို ဖြစ်နေတယ်။
အလွန်အေးတဲ့နေရာကနေ အအေးသက်သာတဲ့နေရာကို ပြောင်းလာရတော့
နေလို့ထိုင်လို့ကောင်းနေတယ်။
တစ်နေ့မှာတော့ မဖြစ်မနေ အပြင်ထွက်ဖို့ဖြစ်လာတယ်။
ရာသီဥတုကိုလည်း မကြည့်ဖြစ်လိုက်ဘူး။
ကားတွေကလည်း ရှင်ပြုသလို ဖြေးဖြေးလေးသွားနေကြတယ်။
ဘာဖြစ်လို့ပါလိမ့်။
သိပ်မကြာလိုက်ပါဘူး။
သိလိုက်ရတယ်။
မိုးတွေရွာတယ်။ မိုးတွေက မြေပြင်ပေါ်လည်းရောက်ရော ရေခဲတွေဖြစ်သွားတယ်။
မိုးသီးကိုတော့ မြန်မာပြည်မှာ မကြာခဏတွေ့ခဲ့ဖူးပါတယ်။
မိုးသီးတွေလည်း မဟုတ်ဘူး။
ရွာချလိုက်တာကတော့ မိုးရေတွေပဲ။
ကားမှန်ပေါ်ရောက်တော့ ရေခဲဖြစ်သွားတာရော။
ဝိုက်ပါဆိုတဲ့မှန်မှာ တပ်ဆင်ထားတဲ့မိုးရေသုတ်တဲ့ကိရိယာလည်း မလှုပ်နိုင်အောင်
ရေခဲတွေက မြင်ကွင်းကို ပိတ်လိုက်တယ်။
ကားကရှေ့ကို ဘာမှမမြင်ရတော့ဘူး။
လမ်းဘေးက မျဉ်းဝါကိုကြည့်ပြီးမောင်းနေရတယ်။
ဖြေးဖြေးလေးပဲမောင်းရတယ်။လမ်းတွေလည်းရေခဲပြင်ဖြစ်သွားတော့
အရမ်းကို ချော်နေတယ်။ ကားလေးတွေဆိုရင် စလစ်ဖြစ်ပြီး လမ်းလယ်ခေါင်မှာ ချာလပတ်လည်နေတယ်။
တစ်ခါမှ မကြုံဖူးတော့ ထူးဆန်းနေတယ်။
လန့်လည်းလန့်တာပေါ့။
ဒီဒေသကလူတွေအဖို့တော့ ဖြစ်နေကျထင်ပါတယ်။
ဖြေးဖြေးမောင်းနေတယ်။
တစ်ကားနဲ့တစ်ကားလည်း နားလည်မှုတွေနဲ့ဖြေးဖြေးမောင်းဖို့အချက်ပြကြတယ်။
နောက်မှာလည်း ကားတန်းက အရှည်ကြီးမို့ အန္တရာယ်ကိုကြောက်ပြီး ရပ်နေလို့လည်း မရဘူး။
ရှေ့တိုးမရ၊နောက်ဆုတ်လို့မရနဲ့မို့
တကယ့်ကို ကျဉ်းထဲကြပ်ထဲကို ရောက်နေသလို ခံစားရတယ်။
ဒီအချိန်ကျမှ အပြင်ထွက်လာတာကိုလည်း နောင်တရမိပါရဲ့။
ဘာဘဲဖြစ်ဖြစ် နောက်ဆုံးတော့လည်း သွားချင်တဲ့နေရာကိုရောက်သွားတာပါပဲ။
အတွေ့အကြုံသစ်တစ်ခုတိုးလာတယ်လို့ မှတ်ယူလိုက်တော့ အမြတ်ထွက်ပါတယ်။

+++++++++++++++

ကျနော်တို့ရောက်ရောက်ချင်းနေ့မှာပဲ သွားကြည့်ဖြစ်တဲ့ ဝါရှင်တန်ဒီစီက အလုပ်ကို
သူငယ်ချင်းရဲ့အမျိုးသမီးသူငယ်ချင်း(Girl-friend)ကလက်ခံလိုက်တယ်။
ဒီတော့ မြောက်ပိုင်းကာရိုးလိုင်းနားက သူ့ရဲ့ဆူရှီးအလုပ်က လစ်လပ်သွားတယ်။
ပိုင်ရှင်ကလည်း လူလိုနေတာနဲ့ ယုံယုံက ဆူရှီးအလုပ်ကို လုပ်ခဲ့ဖူးတာမို့ လက်ခံလိုက်တယ်။
ပိုင်ရှင်ဖြစ်သူဟာ ဟောင်ကောင်က ပြောင်းရွေ့လာတဲ့ တရုပ်အမျိုးသမီးတစ်ယောက်ပါ။
လာတုန်းက အင်္ဂလိပ်စာနဲ့စကားကို လုံးဝမတတ်ဘူးလို့ သူမကပြောပြဖူးတယ်။
သဘောထားက ကောင်းတယ်။
သူမမှာ ဆူရှီးဆိုင် နှစ်ဆိုင်ရှိတယ်။
တစ်ဆိုင်ကိုတော့ သူမ ကိုယ်တိုင်လုပ်တယ်။
နောက်တစ်ဆိုင်ကိုတော့ လူငှားထားတယ်။
ဟိုတုန်းကတော့ သူငယ်ချင်းနဲ့ပတ်သက်နေတဲ့အမျိုးသမီးက လုပ်တယ်။
သူမက ဝါရှင်တန်ကိုပြောင်းသွားတော့ လူလိုလာတာနဲ့ ယုံယုံက ယာယီဝင်လုပ်တယ်။
ကျနော်ကတော့ ကားမောင်းပြီး ကြိုပို့လုပ်ပေးတယ်။
အားတဲ့အချိန်မှာ ယုံယုံကို ဝင်ကူညီပေးတယ်။ဒါကလည်း ပိုင်ရှင်အမျိုးသမီးက ခွင့်ပြုလို့ပါ။
အဲဒီပိုင်ရှင်ကပြောတယ်။ “ဝင်ကူညီရင်းနဲ့ တတ်အောင် သင်ပေါ့။
တတ်မြောက်လာတဲ့အခါ အလုပ်ရှာပေးမယ်” လို့ပြောတယ်။
အထဲကိုဝင်လုပ်နိုင်အောင် ယူနီဖောင်းကို ထုတ်ပေးတယ်။
ယူနီဖောင်းမပါပဲနဲ့ လုပ်ငန်းခွင်ထဲကို ဝင်လုပ်လို့မရဘူးလေ။
ကာလီဖိုးနီးယားမှာ နေတုန်းက အလုပ်ရှာမရတာနဲ့
အားတဲ့အချိန်မှာ မိန်းမကို ဝင်ကူညီဖို့ ပိုင်ရှင်ကိုပြောဖူးတယ်။
ဒါပေမယ့် ပိုင်ရှင်က ခွင့်မပြုဘူး။
ဒါနဲ့ပဲ မိန်းမကိုလည်း ကူညီခွင့်မရခဲ့ဘူး။
သင်ယူလေ့လာခွင့်လည်း မရခဲ့ဘူး။
အဲဒီတုန်းက ပိုင်ရှင်က မြန်မာအမျိုးသမီးတစ်ဦးပါ။
လင်မယားနှစ်ယောက်စလုံး တတ်မြောက်သွားပြီး သူ့မဆီက
အလုပ်ထွက်သွားခဲ့ဖူးတာရှိတော့ ဒီလိုအဖြစ်မျိုးထပ်ကြုံမှာ စိုးရိမ်ပုံရပါတယ်။
အဲဒီပိုင်ရှင်ပြောတဲ့စကားတစ်ခွန်းက မှတ်သားစရာ ကောင်းပါတယ်။
“ဆူရှီးအလုပ်ဟာ တတ်မြောက်သွားရင် အမေရိကန်မှာ အလုပ်မရှားဘူး။
အခြားဝန်ထမ်းတွေလို အချိန်ပိုင်းသာလုပ်ခွင့်ရတာမျိုးမဟုတ်ပဲ
အချိန်ပြည့်လုပ်ခွင့်ရတဲ့အလုပ်ဖြစ်တယ်။ ပြီးတော့ ကြိုးစားပြီးလုပ်ရင် အလုပ်ပြုတ်ဖို့မရှိဘူး။
ဒါကြောင့် တတ်မြောက်ထားသင့်တဲ့အလုပ်ဖြစ်တယ်” တဲ့။
ဒီလိုကောင်းမွန်လှတဲ့ အကြံပေးစကားကို နီးစပ်တဲ့မိတ်ဆွေတွေက မပြောပဲ
တစိမ်းမိန်းမတစ်ယောက်ဆီကကြားရတော့ ဘာဘဲဖြစ်ဖြစ် သူမကို ကျေးဇူးတင်မိပါတယ်။
တတ်မြောက်ချင်ပြန်တော့ သင်ပေးမယ့်လူမရှိဘူး။
အလုပ်ရှာသူတွေကလည်း သင်ပေးရမယ့် အလုပ်သမားကို မလိုချင်ဘူး။
ဒါနဲ့ပဲ အခြားအလုပ်တွေကို ရှာလိုက်၊ရလိုက်၊ ပြုတ်လိုက်နဲ့သံသရာလည်နေခဲ့တယ်။
အခုကျတော့ သဘောကောင်းလှတဲ့ပိုင်ရှင်နဲ့တွေ့ပြီး သင်ယူလေ့လာခွင့်ရခဲ့တယ်။
အခွင့်အရေးရတုန်းကောင်းကောင်းမွန်မွန်သင်ယူလေ့လာခဲ့ပါတယ်။
ကျနော့်ရဲ့ဆရာမကတော့ ကျနော့်မိန်းမဖြစ်နေတယ်။
အိမ်မှာတော့ သူမက အိမ်ရှင်မကောင်းတစ်ယောက်ပဲ။
အိမ်အလုပ်တွေကို အားလုံးသိမ်းကြုံးလုပ်တယ်။
ဘာမှကျနော့်ကို မခိုင်းဘူး။
အလုပ်မှာတော့ သူမက ဆရာမကြီး။
ဆိုဒ်ဂျော့(side job) လို့ခေါ်တဲ့နောက်ပိုင်းအလုပ်တွေအားလုံးကို သိမ်းကြုံးခိုင်းတော့တာပဲ။
ကျနော်ကလည်း အလုပ်သင်ဆိုတော့ အားလုံးကို လုပ်ပေးရတယ်။
ပြန်မပြောရဲဘူး။
အလုပ်နဲ့အိမ်ကို လုံးဝခွဲခြားပစ်လိုက်တယ်။
အဲဒါလည်းကောင်းပါတယ်။
ပညာဆိုတာ ကိုယ့်ကိုယ်ကို ကိုယ်နှိမ့်ချပြီးသင်မှ တတ်မြောက်တဲ့သဘောရှိတယ်လို့
အမေ ဆုံးမခဲ့ဖူးတယ်လေ။
အတွေ့အကြုံတွေကြောင့်လည်း မာနချပြီးသင်ကြားဖို့ ပိုပြီးသဘောပေါက်လာခဲ့ပါတယ်။
နှစ်ပတ်အတွင်းမှာ တော်တော်တတ်မြောက်လာတယ်လို့ဆရာမက ပြောတယ်။
အဓိက ကတော့ စိတ်ပါပဲ။
တတ်မြောက်ချင်စိတ်ရှိလာတဲ့အခါ တတ်မြောက်လာတာ သဘာဝပါပဲ။
ဖြစ်ချင်စိတ်ရှိလာရင် ဖြစ်တတ်တာဟာလည်း သဘာဝပဲမဟုတ်လား။
ဆူရှီးနဲ့ပတ်သက်ပြီး တတ်မြောက်ချင်စိတ် ဖြစ်လာတဲ့အကြောင်းက နှစ်ခုရှိတယ်။
တစ်ကြောင်းက အလုပ်လက်မဲ့များလှတဲ့အချိန်မှာ အလုပ်ရှာရတဲ့ဒုက္ခက ကြီးမားလှတယ်။
ရလာပြန်တော့လည်း အချိန်ပြည့်မဟုတ်ပဲ အချိန်ပိုင်းသာ ရတယ်။
ဆရာဇော်ဂျီကဗျာထဲကလို ဘဲအုပ်က တစ်ရာ နှစ်ရာ
မဗေဒါက တစ်ပင်ထဲလိုဖြစ်နေတယ်။
အလုပ်တစ်ခုထဲကို လုပ်ချင်သူတွေက တစ်ရာနှစ်ရာ မကဖြစ်နေတယ်။
ကြာလာတော့အလုပ်ရှာရ၊စောင့်ရတဲ့ဒုက္ခကို ငြီးငွေ့လာတယ်။
ဒီတော့ အချိန်ပြည့်အလုပ်ရနိုင်တယ်ဆိုတဲ့ဆူရှီးအလုပ်ကို စိတ်ဝင်စားလာတယ်။
နောက်တစ်ကြောင်းက သူငယ်ချင်းကြောင့်လို့ပြောနိုင်တယ်။
သူငယ်ချင်းရဲ့တွန်းအားကြောင့်တော့ မဟုတ်ဘူး။
သူ့ရဲ့ဖိအားကြောင့် ဆူရှီးကို စိတ်ဝင်စားလာတယ်။
သူက ဆူရှီးလုပ်နေတာ ဆယ်နှစ်ကျော်ပါပြီ။
ဒါနဲ့ပဲ အိမ်တွေ၊ကားတွေ၊ နဲ့တော်တော်ကြီးပွားလာတယ်လို့ပြောနိုင်တယ်။
သူကပြောတယ်။ “မင်း ဆူရှီးကို မလုပ်နိုင်ပါဘူး” တဲ့။
“ဘာကြောင့်လဲ” လို့မေးတော့လည်း သူမဖြေဘူး။
ကျနော်က ထပ်မေးလိုက်တာက “မင်းအလုပ်က ဆရာဝန်ထက်တောင် ခက်နေလို့လားကွာ” ပေါ့။
ဒီတော့သူကဖြေတယ်။ “ဆရာဝန်အလုပ်က ဘာခက်လို့လဲ။
ဆယ်တန်းမအောင်တဲ့သူငယ်ချင်းတစ်ယောက်တောင်
သူ့နယ်မှာသူ ဆရာဝန်လုပ်နေတယ်လေ” တဲ့။
ဒီမှာက မြန်မာပြည်က ဆရာဝန်တွေလို ပေါ့ပေါ့လေးလုပ်လို့မရဘူး” တဲ့။
ကျနော်က နောက်နေတယ်ထင်လို့ သူ့မျက်နှာကို လှမ်းကြည့်လိုက်တယ်။
သူအတည်ပြောနေတာတွေ့တော့ အံသြသွားမိတယ်။
လုပ်ငန်းတိုင်းမှာ အောင်မြင်ဖို့အတွက် လုပ်ငန်းဆိုင်ရာ အသိပညာနဲ့ကျွမ်းကျင်မှု 
လိုအပ်တယ်ဆိုတာ လက်ခံပါတယ်။
ဒါပေမယ့် ဒီအလုပ်ဟာ ဆရာဝန်ပညာရပ်ထက်ခက်ခဲတယ်ဆိုတဲ့စကားကို
လက်ခံဖို့ခက်ခဲနေတယ်။
“လုပ်ကြည့်မှပဲ သိနိုင်မှာမို့ ငါးနှစ်လောက်တော့ ကြိုးစားဖို့ 
အချိန်ယူချင်တယ်” လို့ပြန်ပြောလိုက်တယ်။
ဒါနဲ့ပဲ ဒီအလုပ်ကို လုပ်ဖို့ ဆုံးဖြတ်ချက်ချမိသွားတယ်အမေ။
ကျနော့်ကို ကျနော် ယုံကြည်ပါတယ်။
ဒီလုပ်ငန်းမှာ အောင်မြင်ခဲ့ရင် အရင်ဆုံးကျေးဇူးတင်ရမယ့်သူက သူငယ်ချင်းဖြစ်လိမ့်မယ်။
ဘာကြောင့်ဆိုတော့ အမေပြောခဲ့ဖူးသလို ကျေးဇူးရှင် နှစ်မျိုးရှိတယ်မဟုတ်လား။
ဘာဘဲဖြစ်ဖြစ် သူသည်လည်း ကျေးဇူးရှင်တစ်မျိုးထဲမှာ ပါပါလိမ့်မယ်။
ဒါပဲနော် အမေ။
အမေ ကျန်းမာရေးကို ဂရုစိုက်ပါနော်။
ချစ်တဲ့သား
အောင်ဝင်းဟိန်း
ကာရီမြို့၊
မြောက်ပိုင်းကာရိုးလိုင်းနား၊
အမေရိကန်ပြည်ထောင်စု။
၃-၂၉-၂၀၁၃





လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com