Saturday, December 17, 2011

" တကယ်လို့ ထင်တဲ့အတိုင်းမဖြစ်ခဲ့ရင်..."




ဂျော့ဘားနတ်ရှောဟာ နိုဗယ်ဆုရတဲ့စာရေးဆရာတစ်ဦးဖြစ်ပါတယ်။

သူဟာတစ်ချိန်က ဝင်ငွေမရှိလို့အကြီးအကျယ်အခက်အခဲဖြစ်ခဲ့ဖူးတယ်။

စာရေးတာကိုဝါသနာပါတော့

ဘာဘဲဖြစ်ဖြစ် တစ်နေ့ကိုစာတစ်မျက်နှာနှုန်းနဲ့မှန်မှန်ရေးသားခဲ့ပါတယ်။

ကိုးနှစ်တိုင်အောင်ကြာမြင့်ခဲ့ပါတယ်။

တစ်ရက်မှ မပျက်ကွက်ခဲ့ပါဘူး။

အဲဒီအတွင်းသူရဲ့ဝင်ငွေဟာ ဒေါ်လာ-၃၀သာရခဲ့ပါတယ်လို့သူပြောခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာသူဟာ ထင်ရှားတဲ့စာရေးဆရာဖြစ်လာပါတယ်။

အဲဒီနိုဗယ်ဆုကိုရပြီးတဲ့နောက်ပိုင်းမှာ

နာမည်ကျော်ကြားတဲ့လူတွေကိုဖိတ်ကြားတဲ့ဧည့်ခံပွဲတစ်ခုကိုတက်ရောက်ဖြစ်ပါတယ်။

အဲဒီဧည့်ခံပွဲကို အလွန်ချောမောလှပတဲ့ရုပ်ရှင်မင်းသမီးတစ်ယောက်လည်းတက်ရောက်လာခဲ့ပါတယ်။

အဲဒီမင်းသမီးက ဂျော့ဘားနတ်ရှောကိုတွေ့တဲ့အခါ ရင်းနှီးတဲ့သဘောနဲ့ပြောလိုက်တာက

“ရှင်လို ဥာဏ်ပညာကြီးတဲ့လူတစ်ယောက်နဲ့

ကျမလိုချောမောလှပတဲ့လူနှစ်ယောက်သာညားခဲ့မယ်ဆိုရင်

ကျမတို့ရဲ့သားသမီးတွေဟာ

ဥာဏ်ပညာကြီးပြီးချောမောလှပနေမှာသေချာတယ်နော်”လို့ပြောတယ်။

ဂျော့ဘားနတ်ရှောပြန်ပြောလိုက်တာက…

“မင်းထင်သလိုမဟုတ်ပဲ

ငါ့လိုရုပ်ဆိုးပြီး မင်းလိုဥာဏ်တုံးတဲ့သားသမီးဖြစ်လာရင်ဘဲနဲ့လုပ်မလဲ”တဲ့။

" ကိုယ့်သမိုင်းကိုကိုယ်ရေးတာပါ..."



တစ်ခါတုန်းက သပိတ်ရောင်အသားအရည်နဲ့မိန်းမငယ်လေးဟာ

နီဂရိုးအမေရဲ့လက်ကိုဆွဲပြီး ပန်းခြံအနီးကဖြတ်သွားပါတယ်။

"အမေ...သမီးလေ ဟောဟိုပန်းခြံထဲကစားချင်တယ်အမေ"

"မကစားရဘူး"

"ဘာဖြစ်လို့မကစားရတာလဲအမေ"

"အဲဒီပန်းခြံမှာ နီဂရိုးတွေမကစားရဘူးတဲ့သမီးရယ်"

အမည်းမလေးက

"သမီးတို့လည်းလူတွေပဲဟာ၊

ပန်းခြံထဲမှာ ဘာဖြစ်လို့ပေးကစားရတာလဲ"

အမေက

"အေး သမီးကစားချင်ရင် သမီးစာများများဖတ်ပေါ့၊

သမီးစာတော်အောင်လုပ်ပေါ့။

အဲဒီအချိန်ဆိုရင် သမီးကိုပေးကစားလိမ့်မယ်လို့အမေယုံကြည်ပါတယ်"

နောက်တစ်နေ့ သမီးငယ်လေးက အမေကိုပူဆာပြန်တယ်။

"အဲဒီဆိုင်မှာ သမီးရေခဲမုန့်စားချင်တယ်"

"မစားရဘူးသမီး"

"ဘာဖြစ်လို့ရေခဲမုန့်မစားရတာလဲအမေ"

"နီဂရိုးဖြစ်လို့တဲ့ကွယ်၊

သမီးစားချင်ရင် စားများများဖတ်ပါ။

စာတော်အောင်ကြိုးစားပေါ့ကွယ်၊

သမီးဟာ အတော်ဆုံးလူတစ်ယောက်ဖြစ်လာတဲ့အခါ

ရေခဲမုန့်တွေအများကြီးစားရတဲ့အပြင်

ဟောဟိုအိမ်ဖြူတော်အထိရောက်နိုင်တယ်။ကြားလား"

တစ်နေ့မှာ အမေးအမြန်းထူတဲ့အမည်းမလေးဟာ

"အမေ၊

သမီးတို့ဟာ ဘာကြောင့်ဘတ်စ်ကားရဲ့နောက်ခန်းကစီးရတာလဲဟင်"

"နီဂရိုးဖြစ်လို့ပေါ့ကွယ်။

သမီးစာများများဖတ်ပါ။

သမီးစာတော်လာတဲ့အခါ

သမီးဟာ ကိုယ်ပိုင်ကားအကောင်းစားကားစီးနိုင်ပါလိမ့်မယ်။

သမီးမှာထူးချွန်လာရင် သမီးသွားချင်တဲ့ဘယ်နေရာမဆိုသွားနိုင်တယ်။

ဒါတင်မကဘူး။ အိမ်ဖြူတော်အထိရောက်အောင်သွားနိုင်ပါတယ်သမီးရယ်"

မိခင်ဟာ အမည်းမလေးရဲ့နှလုံးသားထဲကို စာများများဖတ်ဖို့၊

စာတော်အောင်ကြိုးစားဖို့ကိုရိုက်သွင်းပေးခဲ့ပါတယ်။

အတော်ဆုံးဖြစ်ဖို့၊အကောင်းဆုံးဖြစ်ဖို့အားပေးတိုက်တွန်းခဲ့တယ်။

ဒီလိုနဲ့အဲဒီအမည်းမလေးဟာ အသက်၁၉-နှစ်မှာဘွဲ့ရခဲ့တယ်။

သူမဟာ ၂၂-နှစ်မှာ PhD ဆိုတဲ့ဒေါက်တာဘွဲ့ကိုရခဲ့ပါတယ်။

ပြီးတော့ သူမဟာ ရုရှားဘာသာ၊စကားကို အလွန်တော်သူ၊ထူးချွန်သူလည်းဖြစ်လာခဲ့ပါတယ်။

သမ္မတဘုရှ် (senior)လက်ထက်မှာရုရှားစကားကျွမ်းကျင်သူအဖြစ်ခေါ်ပြီး

ရုရှားနဲ့သံတမန်ရေးရာကိစ္စမှာ တာဝန်ပေးခြင်းခံရပါတယ်။

သမ္မတဘုရှ်(junior)လက်ထက်မှာ အမေရိကန်နိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီးဖြစ်လာခဲ့ပါတယ်။

သူမရဲ့နာမည်ကတော့ ကွန်ဒိုလီဆာရိုက်(
Condoleezza Rice ) ပဲဖြစ်ပါတယ်။

သူမဟာ ကံကောင်းတာထက်

လူမှန်၊နေရာမှန်၊အချိန်မှန်ကြောင့်ထိပ်တန်းကိုရောက်လာခဲ့တာပါ။

++++++++++++++++++

ဘယ်သူမဆို စာများများဖတ်ဖို့လိုအပ်ပါတယ်။

စာတွေဖတ်ရင်းနဲ့ စာတွေက

ကိုယ်လျှောက်ရမယ့်လမ်းကို လမ်းညွှန်ပေးနိုင်ပါတယ်။

ပြီးတော့ စာတော်အောင်ကြိုးစားဖို့လိုအပ်ပါတယ်။

စာတော်သူတွေအတွက် လူမှန်၊နေရာမှန်၊အချိန်မှန်တစ်ခုဟာ

ရောက်လာစမြဲပါပဲ။

ကိုယ့်မှာ အရည်အချင်းရှိရင် ဘယ်နေရာရောက်ရောက်

အကောင်းဆုံးလုပ်ဆောင်နိုင်ပါတယ်။

ကိုယ့်ရဲ့သမိုင်းကိုကိုယ်ကောင်းကောင်းရေးနိုင်ပါတယ်။

++++++++++++++++++

ကိုယ့်မှာ အရည်အချင်းကောင်းတွေမရှိခဲ့ရင်...

ကိုယ့်မှာ စေတနာကောင်းတွေမရှိခဲ့ရင်...

အကြောင်းကြောင်းကြောင့်ထိပ်တန်းကိုရောက်တာတောင်

ကိုယ့်ရဲ့ရာထူးနဲ့ထိုက်တန်အောင်

အကောင်းဆုံးတွေကို မလုပ်ဆောင်နိုင်တာတွေကို

သမိုင်းစာမျက်နှာမှာ အများကြီးတွေ့နိုင်ပါလိမ့်မယ်။





Friday, December 16, 2011

" သတင်းထောက်..."


တစ်ခါတုန်းက
မြစ်ကူးတံတားပေါ်တွင် အမျိုးသမီးတစ်ယောက်ရပ်နေတယ်။
သူမရဲ့ဂနာမငြိမ်တဲ့အမူအရာအရ သူမဟာမြစ်ထဲခုန်ဆင်းကာ
ကိုယ့်ကိုယ်ကိုယ် သတ်သေရန်ကြံရွယ်နေတာထင်ရှားနေတယ်။
သူမရဲ့အနီးကို သတင်းထောက်တစ်ဦးရောက်လာတယ်။
ပြီးတော့ သတင်းထောက်က
သူမရဲ့အနီးအနားမှာခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်ပြီး
လက်မှာပတ်ထားတဲ့နာရီကိုခဏခဏကြည့်နေတယ်။
အဲဒီအမျိုးသမီးကိုဘာအကူအညီမှမပေးပါ။
ဘာမှလည်းဖြောင့်ဖြစကားမပြောပါ။
နောက်ဆုံးသတင်းထောက်ဟာ စိတ်မရှည်တဲ့လေသံနဲ့
ကိုယ့်ကိုယ်ကိုယ်သတ်သေရန်ကြံရွယ်နေတဲ့အမျိုးသမီးကို
စကားပြောလာပါတယ်။
သတင်းထောက်ပြောလိုက်တာက...
" ခင်ဗျား အခု ခုန်ချရင်ခုန်ချ၊
ခုန်မချဘူးဆိုရင် ဒီနေ့ညနေထုတ်သတင်းစာမှာ
ခင်ဗျားအကြောင်းပါလာမှာမဟုတ်ဘူးနော်"တဲ့။

" ဘုရားကြိုက်အောင်နေ..."



တစ်ခါတုန်းကမောင်ဆင့်ဆိုတဲ့တောသားလေးတစ်ယောက်ရှိတယ်။

ရိုးသားတယ်။အရွယ်ရောက်လာတော့ကိုရင်ဝတ်တယ်။ကိုရင်ဘဝကိုပျော်ပိုက်ပေမယ့်

ဖခင်က လယ်လုပ်ရင်းပိုးထိတော့ ကိုရင်ကထွက်လိုက်ရတယ်။

အကိုကြီးတော့ အဖအရာဆိုသလိုမိခင်နဲ့ညီမလေးတွေကိုလုပ်ကျွေးဖို့ဖြစ်လာတယ်။

သူများဆီမှာ သူရင်းငှားလုပ်တော့မိသားစုတွေ စားရရုံအနိုင်နိုင်ပါပဲ။

မိသားစုကိုအဝတ်တောင်ကောင်းကောင်းမဆင်နိုင်ရှာကြပါဘူး။

မစိုးရိမ်ဆရာတော်ဘုရားကြီးရဲ့မွေးနေ့နီးလာရင်တော့

မောင်ဆင့်က အခြားလှူစရာမရှိတော့

လုပ်အားလှူဖို့ဆရာတော်ဘုရားကျောင်းကိုနှစ်တိုင်းရောက်ပါတယ်။

ရောက်တိုင်းလည်းကျောပြောင်နဲ့အဝတ်မဆင်နိုင်ပါဘူး။

ဆရာတော်ဆီမှာ နှစ်စဉ်လာပြီးဝေယျာဝစ္စတွေသိမ်းကြုံးလုပ်နေတော့

ဆရာတော်ဘုရားကသတိပြုမိတယ်။

အဝတ်တွေမရှိမှန်းသိလို့ ကျောင်းမှာပိုတဲ့အဝတ်တွေ စွန့်လိုက်တယ်။

နောက်နှစ်လာပြန်တော့လည်းကျောပြောင်နဲ့ပါပဲ။

အဝတ်အစားတွေကိုညီမလေးတွေကိုပေးလိုက်လို့မဝတ်ရရှာမှန်း

ဆရာတော်ကသိတော့

“ဟဲ့…မောင်ဆင့်၊ နင်မချမ်းသာချင်ဘူးလား”

လို့ဆရာတော်ကမေးတယ်။

ချမ်းသာချင်ပါတယ်ဘုရား၊ဒါပေမယ့်

အဝတ်နှစ်ထည်ရှိပြီးထမင်းနှစ်နပ်မှန်မှန်စားနေရရင်

တပည့်တော်အတွက်လုံလောက်တယ်လို့ထင်ပါတယ်ဘုရား”

လို့ပြန်လျှောက်တယ်။

ဆရာတော်က အနီးမှာရှိတဲ့စိပ်ပုတီးတစ်ကုံးကိုယူပြီး

“အေး…ရော့မောင်ဆင့်၊ "အရဟံ"ဆိုတာကိုပဲ နေ့စဉ်နေ့တိုင်းစိပ်၊ကြားလား”

ဆရာတော်ချီးမြှောက်တာကိုသိရတော့ မောင်ဆင့်ကပျော်သွားတယ်။

အဲဒီပုတီးကုန်းနဲ့အချိန်တိုင်းလိုလို အရဟံကိုစိပ်ဖြစ်လာပါတယ်။

နံက်စောစောအလုပ်မသွားခင်စိပ်ဖြစ်တယ်။

ညအိပ်ရာဝင်ရင်စိပ်ဖြစ်တယ်။

နောက်တစ်နှစ်ဆရာတော်ဆီမောင်ဆင့်ကျောပြောင်ပြောင်နဲ့ရောက်တော့ဆရာတော်ကမေးတယ်။

“မောင်ဆင့်၊ထူးပြီးလား”

“မထူးသေးပါဘုရား”

ဆရာတော်ရဲ့ထွေးခံကိုဆေးကြောဖို့ဆရာတော်အနားကိုမောင်ဆင့်ရောက်လာတော့

ဆရာတော်က မောင်ဆင်ရဲ့တင်ပါးကိုလက်ဝါးနဲ့ဖြန်းကနဲရိုက်လိုက်တယ်။

မောင်ဆင့်က “အမလေး” လို့အော်တယ်။

ဆရာတော်က မောင်ဆင့်ကိုပြောတယ်။

“မောင်ဆင့်မင်းဟာကလိုသေးတာကိုး၊

အရဟံဆိုတဲ့ဘုရားဂုဏ်တော်ကို နှလုံးသားထဲစွဲဝင်အောင်စိပ်၊”

ဒီတော့မောင်ဆင့်က အလုပ်လုပ်ရင်းနဲ့ပါစိပ်ဖြစ်လာတယ်။

လယ်ထွန်ရင်းလည်းစိပ်၊

စပါးစိုက်ရင်းလည်းစိပ်၊

ကောက်ရိတ်သိမ်းရင်းလည်းစိပ်၊

လည်ပင်းမှာပုတီးစိပ်ကိုဆွဲထားပြီးကိုပါးစပ်ကတစ်ချိန်လုံး “အရဟံ”လို့ရွတ်နေဖြစ်ပါတယ်။

နောက်တစ်နှစ်ဆရာတော်မွေးနေ့ကိုမောင်ဆင့်ကျောပြောင်ပြောင်နဲ့ရောက်လာပြန်တယ်။

ဒီတစ်ခါတော့ဆရာတော်ကမမေးတော့ဘူး။

အနားရောက်လာတာနဲ့အမှတ်တမဲ့ တင်ပါးကိုလက်ဝါးနဲ့ရိုက်လိုက်တော့

မောင်ဆင့်ရဲ့ပါးစပ်က

“အရဟံ” လို့အော်မိတယ်။

ဆရာတော်ကမိန့်ပါတယ်။

“မောင်ဆင့်၊မင်းဟာက နီးနေပြီနော်” တဲ့။

အဲဒီအချိန်မှာ မြန်မာနိုင်ငံမှာ စစ်ရိပ်၊စစ်ငွေ့တွေသန်းလာပြီ။

ဒုတိယကမ္ဘာစစ်ဖြစ်တော့မယ်ဆိုတော့

ဆန်စက်ပိုင်ရှင်ကုလားတွေက အိန္ဒိယကိုပြန်ချင်လာတယ်။

ရွာသူကြီးကိုတိုင်ပင်တယ်။

ဆန်စက်ပိုင်ရှင်ကုလားက

ဆန်စက်ကိုယုံကြည်ရသူတစ်ဦးဦးနဲ့အပ်ထားချင်တယ်။

အပ်ထားချိန်မှာ လုပ်ကိုင်စားသောက်ပါ။

စစ်ပြီးလို့ပြန်လာတဲ့အခါ ဆန်စက်ကိုပြန်အပ်နိုင်တဲ့ရိုးသားသူတစ်ယောက်ယောက်ကို

ရှာပေးပါ”လို့ပြောတယ်။

သူကြီးက “ငါမြင်တာကတော့ မောင်ဆင့်ပဲ။

ရိုးသားတယ်။ဆရာကောင်းတပည့်လည်းဖြစ်တယ်။

သူကမင်းတို့လိုချင်တဲ့အရည်အချင်းနဲ့ပြည့်စုံတယ်။

မင်းတို့သူကိုဆန်စက်ပညာတွေသင်ပေးလိုက်ပေါ့”

ဒီလိုနဲ့မောင်ဆင့်ဟာဆန်စက်မှာပညာတွေသင်ကြားလာရတယ်။

နောက်မကြာခင်မှာပဲ ဆန်စက်ကိုလွှဲပြောင်းပြီး

ပိုင်ရှင်ကုလားတွေက အိန္ဒိယကိုပြန်သွားကြတယ်။

နောက်နှစ်ဆရာတော်မွေးနေ့ကိုမောင်ဆင့်သွားတော့

အဝတ်အစားတွေကောင်းကောင်းဝတ်ဆင်သွားတယ်။

ပြီးတော့မိသားစုအားလုံးလည်းခေါ်သွားတယ်။

မြင်းလှည်းနဲ့သွားတယ်။

ဆရာတော်အတွက်လှူဖွယ်ပစ္စည်းတွေလည်းပါလာတယ်။

ဆရာတော်က “ဟဲ့..မောင်ဆင့်၊ထူးပြီးလား”လို့မေးတော့

မောင်ဆင့်က

“ထူးပါပြီဘုရား၊ ဆန်စက်မပိုင်သူဋ္ဌေးလေးဖြစ်နေပါပြီ”

ဒီလိုနဲ့စစ်ကြီးပြီးသွားတယ်။

ကုလားသူဋ္ဌေးတွေကလည်း အိန္ဒိယမှာလုပ်ငန်းတွေအစဉ်ပြေနေတော့

မောင်ဆင့်ကိုလှမ်းစာရေးလိုက်တယ်။

မင်းရဲ့ရိုးသားမှုနဲ့ကြိုးစားမှုကိုတို့တွေအဝေးကကြားရလို့ဝမ်းသာတယ်။

တို့တွေဒီမှာလည်းလုပ်ငန်းတွေအစဉ်ပြေတယ်။

ဒါကြောင့်ဆန်စက်ကိုမင်းပဲအပိုင်ယူလိုက်တော့လို့အကြောင်းကြားတယ်။

ဒါနဲ့ပဲ မောင်ဆင့်ဟာ ဆန်စက်ပိုင်ရှင်ကြီးဖြစ်လာပါတယ်။

သူ့ရဲ့ဆန်စက်ကိုလည်းနာမည်ပြောင်းလိုက်ပါတယ်။

“အရဟံမောင်ဆင့်ဆန်စက်”

ဒီလိုနဲ့မောင်ဆင့်ဟာ သူဋ္ဌေးတစ်ဦးဖြစ်လာခဲ့ပါတယ်။

++++++++++++++++++

လူတစ်ယောက်ဟာ နှလုံးသားမှာဘုရားတည်လိုက်တော့

ဘုရားကြိုက်အောင်နေဖြစ်သွားပါတယ်။

အကျင့်သီလကောင်းလာတယ်။

လူတွေရဲ့ယုံကြည်လေးစားခြင်းခံရတယ်။

ရိုးသားပြီးကြိုးစားဖြစ်လာတော့

မမြင်တဲ့နေရာက မထင်မှတ်ဘဲ အခွင့်အရေးပေါ်လာတတ်တဲ့ဇာတ်လမ်းတစ်ခုဖြစ်တယ်။

အရင်ဆုံးလုပ်ရမှာက ကိုယ့်ကိုယ်ကိုယ်ကောင်းအောင်လုပ်ဖို့ဆိုတာသတိရဖို့ပါပဲ။

ကိုယ်ကောင်းရင် ပတ်ဝန်ကျင်ကိုကောင်းအောင်လုပ်ရာရောက်ပါတယ်။

ကိုယ်ချမ်းသာရင် အနီးဆုံးကတော့ ကိုယ့်မိသားစုချမ်းသာလာတယ်။

ပြီးတော့ ကိုယ့်ရပ်ရွာ၊ကိုယ့်မြို့ကလူတွေ ချမ်းသာအောင်ကူညီလာနိုင်တယ်။

တစ်ယောက်တစ်လက်နဲ့လက်ဆင့်ကမ်းရင်းနဲ့

တိုင်းပြည်နဲ့အဝှမ်း ချမ်းသာအောင်လုပ်လာနိုင်ပါတယ်။

ဒီလိုနဲ့အားလုံးကောင်းလာဖို့ဖြစ်လာပါတယ်။


Thursday, December 15, 2011

" အကျိုးရှိရင်လုပ်ပါ..."


အမှန်တရားတစ်ခုခုကို

ကိုယ့်ကိုယ်ကိုယ်ပိုင်ဉာဏ်နဲ့နက်နက်နဲနဲ

ထိုးထွင်းပြီးသိမြင်လိုက်ရတာဟာ

လူသားတစ်ယောက်အနေနဲ့

ရနိုင်တဲ့အကောင်းဆုံးအရာ ဖြစ်တယ်။

++++++++++++++++++

ကာလမသုတ်မှာ….

မြတ်စွာဘုရားကမာ အနုဿဝေန

ကြားပါများတာနဲ့ပဲ

မှန်ပြီ သို့မဟုတ် မှားပြီ၊

တစ်ခုခုကို မှန်တယ် သို့မဟုတ် မှားတယ်လို့

မဆုံးဖြတ်ပါနဲ့။

++++++++++++++++++

"မာ ပရမ္ပရာယ"

ဘိုးဘွားအစဉ်အဆက်လက်ခံခဲ့တဲ့ အယူအဆဖြစ်လို့

မှန်တယ်လို့ မယူဆပါနဲ့။

++++++++++++++++++

"မာ တက္ကဟေတု"

တက္ကနည်းတွေနဲ့ အကြောင်းအကျိုးဆင်ခြင်တုံနည်း

တွေနဲ့ ဆင်ခြင်ကြည့်လိုက်ပြီးတော့ မှန်တယ်လို့

မယူဆပါနဲ့။

++++++++++++++++++

"မာ နယဟေတု"

နည်းမှီပြီးတော့ ကြံဆတွေးတောပြီးတော့

ရလာတဲ့အဖြေနဲ့လည်းမှန်တယ်လို့ မယူဆပါနဲ့။

++++++++++++++++++

"မာအဗ္ဗရူပတာယ"

ပုဂ္ဂိုလ်တစ်ယောက်ကို ကိုယ်က

အထင်ကြီးတယ်၊

ကြည်ညိုတယ်၊

လေးစားတယ်၊

ဒါကြောင့်မို့သူပြောတာမှန်တယ်လို့ မယူဆပါနဲ့။

++++++++++++++++++

"မာ ပိဋက သမ္ပဒါဒေန"

ပိဋကစာပေနဲ့ကိုက်ညီနေလို့လည်း

မှန်တယ်လို့ မယူဆပါနဲ့။

++++++++++++++++++

"မာ သမကောနော ဂရူတိ"

ဒီရဟန်းဟာ ဒို့ရဲဆရာပဲ။

ဒါကြောင့် သူပြောတာမှန်တယ်လို့ပဲ

လက်ခံရမှာပဲလို့ ဆိုပြီးမှန်တယ်လို့ လက်မခံပါနဲ့။

++++++++++++++++++


ကိုယ်ကိုယ်တိုင်ကျင့်သုံးကြည့်ပြီးတော့

အကျိုးရှိရင်လုပ်ပါတဲ့။

(မြတ်စွာဘုရား)

++++++++++++++++++

There is no easy and simple way out.

လွယ်လွယ်လေးနဲ့ ရိုးရိုးလေးနဲ့

ထွက်လို့ရတဲ့ထွက်ပေါက်မရှိဘူးဆိုတာ

နားလည်ဖို့လိုတယ်။

++++++++++++++++++

မြတ်စွာဘုရားရဲ့တရားဟာ

လူရဲ့dignity & worth

(လူရဲ့ဂုဏ်သိက္ခာနဲ့လူရဲ့တန်ဖိုးကို)

မြှင့်ပေးတဲ့တရား

ဖြစ်တယ်။

++++++++++++++++++

ကိုယ်လုပ်တဲ့ကိစ္စ

ကိုယ့်မှာတာဝန်ရှိတယ်။

++++++++++++++++++

ကိုယ့်ဘဝသံသရာခရီးကို

ကိုယ်တစ်ယောက်ထဲသွားနေရတာပါ၊

တကယ်ပြောရမယ်ဆိုရင် အဖော်မရှိပါဘူး။

++++++++++++++++++

(ဆရာတော်ဦးဇောတိက)




လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com