Tuesday, August 23, 2011

“ ငါ လိုချင်တာရဖို့ တန်ရာတန်ကြေးကိုပေးမယ် …"


အတွင်းစိတ်ဓာတ်အင်အား…”


ကိုယ့်အင်အားဟာ ကိုယ့်အတွင်းကနေထွက်လာပြီဆိုရင်

အဲဒီအင်အားဟာ တမျှင်းမျှင်းနဲ့ထွက်နေအုံးမယ်။

ခမ်းမသွားဘူး။

+++++++++++++++++++++++++++++++

ကုသိုလ်ထဲမှာ သမ္မာဒိဋ္ဌိက အားအကြီးဆုံးပဲ။

မှန်ကန်တဲ့အမြင်ဟာ စိတ်ရဲ့အဆင့်အတန်းကို

ပိုပြီးမြင့်စေတယ်။

စိတ်ဓာတ်အင်အားကို ပိုပြီးကြီးစေတယ်။

ဒါကြောင့် မှန်ကန်တဲ့အမြင်ရှိတဲ့သူဟာ

အင်အားကြီးတဲ့သူလို့ ဆိုရမယ်။

တရားအားထုတ်တာဟာ

မှန်ကန်တဲ့အမြင်ကို ရဖို့အားထုတ်တာပါ။

တရားအားထုတ်လို့ ဖြစ်လာတဲ့အသိဉာဏ်က ပိုပြီးတော့

စိတ်ဓာတ်ရဲ့စွမ်းအားကို ကြီးအောင် လုပ်ပေးနိုင်တယ်။

+++++++++++++++++++++++++++++++

ကိုယ့်အားကိုယ့်ကိုးနိုင်တဲ့သူမှ သာ

လူ့အသိုင်းအဝိုင်းကို တကယ် အကျိုးပြုနိုင်တယ်။

+++++++++++++++++++++++++++++++

အတွင်းလောက…”


ပစ္စည်းဥစ္စာတို့၊

ရာထူးတို့ဆိုတာ

အပြင်လောက ဖြစ်တယ်။

စိတ်အေးချမ်းမှု၊

အသိဉာဏ်ဆိုတာ

အတွင်းလောက ဖြစ်တယ်။

အပြင်လောကဆိုတာ သူများနဲ့ဆိုင်တယ်။

ကိုယ့်တစ်ဦးထဲ ပိုင်မဟုတ်ဘူး။

အချိန်မရွေးသူများလက်ထဲ ရောက်သွားနိုင်တယ်။

အသိဉာဏ် နှင့် စိတ်အေးချမ်းမှုဟာ အများပိုင်မဟုတ်ဘူး။

ဘယ်သူမှ ယူသွားလို့မရဘူး။

ဒါကြောင့် ကိုယ့်ရဲ့ အတွင်းလောကပြည့်စုံဖို့ကို

အလေးထားရမယ်။

+++++++++++++++++++++++++++++++

တရားမျှတမှု…”


တရားမျှတမှုဆိုတာ လူတိုင်းရထိုက်တဲ့အရာ ဖြစ်တယ်။

+++++++++++++++++++++++++++++++

ကိုယ့်ကိုယ်ကို ကိုယ်တကယ်လေးစားတဲ့သူ၊

တန်ဖိုးထားတဲသူ၊

ယုံကြည်တဲ့သူတွေဟာ

ဘာကိုမှ အလကားမလိုချင်ဘူး။

တန်ရာတန်ကြေးပေးပြီးမှ လိုချင်တယ်။

+++++++++++++++++++++++++++++++

ငါ လိုချင်တာရဖို့ တန်ရာတန်ကြေးကိုပေးမယ်

ဆိုတဲ့စိတ်ကို

ပီပီပြင်ပြင်၊ ပြတ်ပြတ်သားသားဆုံးဖြတ်ပါ။

အဲဒီလို ဆုံးဖြတ်လိုက်တာနဲ့စိတ်မှာ

သတ္တိတစ်မျိုး ဖြစ်လာမယ်။

စွမ်းအားတစ်မျိုး ဖြစ်လာမယ်။

+++++++++++++++++++++++++++++++

ကိုယ့်ဂုဏ်သိက္ခာကို ဘယ်တော့မှ ရောင်းမစားပါဘူး

လို့ဆုံးဖြတ်လိုက်ပါ။

အဲဒီလို ဆုံးဖြတ်လိုက်ရင် အဲဒီစိတ်ဓာတ်က

ကိုယ်လိုချင်တာရအောင်ကောင်းတဲ့နည်းကို

ပေးပါလိမ့်မယ်။

+++++++++++++++++++++++++++++++

ကိုယ်လိုချင်တာရအောင် ကိုယ့်ကိုလုပ်ပေးနိုင်တာ

ကိုယ့်စိတ်ဓာတ်နဲ့ကိုယ့်အရည်အချင်ပါပဲ။

ဒီစိတ်ဓာတ်ဟာ လွတ်လပ်တဲ့သူရဲ့စိတ်ဓာတ်ပဲ။

+++++++++++++++++++++++++++++++

(ဆရာတော်ဦးဇောတိက)

Monday, August 22, 2011

" အမျိုးသမီးတွေကို ဦးစားပေးပါ..."


တစ်ခါတုန်းက

ဟိန်းဆေးကုခန်းတွင် လူနာများနေတဲ့အချိန်မှာ

ခင်မင်ရင်းနှီးနေတဲ့လင်မယားနှစ်ယောက်ဟာ

အိမ်တွင် အငြင်းပွားပြီးဆေးခန်းရောက်လာတယ်။

အမျိုးသားက ကိုငယ်ဖြစ်ပြီး၊

အမျိုးသမီးကတော့ မချို ဖြစ်တယ်။

သူတို့ဟာ ဆေးနဲ့ဆေးပစ္စည်းအရောင်းဆိုင်ဖြစ်ပြီးအသက်မွေးကြသူဖြစ်တယ်။

အဲဒါကြောင့် ဆရာဝန်နဲ့အကျိုးတူ၊စီးပွားဖက်ဖြစ်ကြတယ်။

ဒါကြောင့်လည်း ဆရာဝန်နဲ့ရင်းနှီးပြီး ဘာမဆိုတိုင်ပင်လေ့ရှိကြတယ်။

လောလောဆယ်တွင် သူတို့လင်မယားဟာ တိုက်အိမ်ကိုဆောက်နေကြတယ်။

လင်မယားနှစ်ယောက်စလုံး စီးပွားကို အားကျိုးမာန်တက်လုပ်ပြီး၊

စည်းကမ်းရှိရှိသုံးစွဲကြတယ်။

အစုအဆောင်းလည်းကောင်းတာကြောင့် တာချီလိတ်လိုနေရာမျိုးမှာ

အလွန်တန်ဖိုးကြီးတဲ့တိုက်အိမ်ကို ဆောက်လုပ်နိုင်ခြင်းဖြစ်တယ်။

အခုဖြစ်နေတဲ့ပြဿနာက တိုက်အိမ်ကို အချောသတ်နေတဲ့အပိုင်းကိုရောက်ချိန်မှ

လင်မယားနှစ်ယောက်ဟာ အငြင်းပွားခြင်းဖြစ်တယ်။

အမျိုးသားက အိပ်ခန်းရဲ့မျက်နှာကျက်ကို ရွှေအိုရောင်ဆေးသုတ်ချင်တယ်။

မိန်းမက အိပ်ခန်းရဲ့မျက်နှာကျက်ကို ခရမ်းရောင်နုနုလေးသုတ်ချင်တယ်။

လင်မယားနှစ်ယောက်အငြင်းပွားပြီးဆေးခန်းရောက်လာတဲ့အတွက်

ပြဿနာကို နားထောင်ပေးရပါတယ်။

ပြဿနာကိုလည်းသိပြီးမို့ အဖြေတစ်ခုခုကိုပေးဖို့လိုလာပါတယ်။

ဆေးခန်းမှာ လူနာကလည်းများနေတာမို့

အဖြေတစ်ခုကို အမြန်ပေးလိုက်ပါတယ်။

“ မျက်နှာကျက်ဆိုတာ အမျိုးသမီးနဲ့သာ သက်ဆိုင်တာမို့

အမျိုးသမီးကြိုက်တဲ့အရောင်ကို သုတ်ပါစေ”

လို့ပြောလိုက်ပါတယ်။

မချို က သူလိုချင်တဲ့အရောင်ကို သုတ်ခွင့်ရလိုက်တာမို့လား၊

ဒါမှမဟုတ် အတွေးတစ်ခုခုပေါက်သွားတာလားမပြောတတ်ပါ။

ပြုံးစိစိနဲ့ပြန်သွားပါတယ်။

ကိုငယ်ကတော့

“ ဆရာက မိန်းမတွေဖက်ကို မျက်နှာလိုက်တယ် ”

ဆိုတဲ့အတွေးနဲ့ အီလည်လည်ပြန်သွားပါတယ်။

အဲဒီနေ့ညဖက်ရောက်တော့ လူနာရှင်းချိန်မှာ

ကိုငယ်ဆီက ဖုံးဆက်လာပါတယ်။

“ မချိုက ကောင်းဘွိုင် (Cowboy)ကားတွေကို အရမ်းကြိုက်တာဆရာရဲ့၊

သူကိုယ်တိုင်က ကောင်းဂဲလ် (Cowgirl)ဖြစ်နေပြီ။

အဲဒါကြောင့် မျက်နှာကျက်က ကျနော်နဲ့ပိုဆိုင်ပါတယ်”တဲ့။

ကျနော်က ရီနေလိုက်ပါတယ်။

နောက်ပိုင်း သူတို့အိမ်ကို ကျနော်သွားလည်တော့

မချိုကြိုက်တဲ့အရောင်ကိုသာသုတ်ထားတာကိုတွေ့ရတဲ့အတွက်

ကိုငယ်ဟာ မိန်းမကို အလွန်ချစ်ကြောင်း

အသိအမှတ်ပြုရပါတယ်။


Sunday, August 21, 2011

“ အရာရာဟာကောင်းဖို့ဖြစ်လာတာပါ…”



တစ်ခါတုန်းက လူငယ်လေးတစ်ယောက်ရှိပါတယ်။
သူ့နာမည်ကို RR လို့ခေါ်ကြရအောင်၊
သူဟာ တက္ကသိုလ်ကဘွဲ့ရပြီး သူဝါသနာပါတဲ့အလုပ်ကိုရှာပါတယ်။
သူ ဝါသနာပါတဲ့အလုပ်က ‘အားကစားသတင်းကြေငြာသူ’ ဖြစ်ပါတယ်။
အဲဒီအလုပ်ကိုရဖို့သူဟာ အသံလွှင့်ရုံတွေ၊ရုပ်မြင်သံကြားဌာနတွေ
တစ်ခုပြီးတစ်ခုကိုသွားပြီး အလုပ်လျှောက်ပါတယ်။
အမေရိကန်နိုင်ငံရဲ့
ပြည်နယ်တွေအားလုံးမှာရှိတဲ့ အသံလွှင့်ရုံတွေအားလုံးကို
သွားပြီးအလုပ်လျှောက်ပေမယ့် အဲဒီအလုပ်တွေ တစ်ခုမှ သူ့ကိုအလုပ်မခန့်ပါဘူး။
စိတ်ပျက်လက်ပျက်နဲ့ အိမ်ကိုပြန်လာပြီး
သူ့ရဲ့အမေကို အလုပ်မရတဲ့အကြောင်းကိုပြောပြတယ်။
သူ့အမေက
“ အရာရာဟာ ကောင်းဖို့ဖြစ်လာတာပါသားရယ်၊
စိတ်မပျက်ပါနဲ့။”
လို့အားပေးပါတယ်။
သိပ်မကြာပါဘူး။
သူဟာ ရုပ်ရှင်နဲ့ပတ်သက်တဲ့အလုပ်တစ်ခုကိုရပါတယ်။
အဲဒီအလုပ်ကတစ်ဆင့် သူဟာ ရုပ်ရှင်မင်းသားဖြစ်လာပါတယ်။
ရုပ်ရှင်မင်းသားဖြစ်ပြီးမကြာခင်မှာပဲ သူဟာ သူ့ရဲ့ရုပ်ရှင်လောကထဲက
နာမည်ကျော် ရုပ်ရှင်မင်းသမီးတစ်ယောက်နဲ့လက်ထပ်ဖြစ်သွားပါတယ်။
သူ့ရဲ့ဇနီးရုပ်ရှင်မင်းသမီးဟာ
သိပ်မကြာခင်မှာပဲ အော်စကာဆုရမင်းသမီးဖြစ်လာခဲ့ပါတယ်။
ဇနီးသည်က ပထမတန်းစားမင်းသမီးဖြစ်ချိန်မှာ
သူဟာ တတိယတန်းစားမင်းသားသာဖြစ်နေပါတယ်။
အဆင့်အတန်းကွာတဲ့သူတို့ဘဝဟာ
မကြာခင်မှာပဲ ကွာရှင်းတဲ့အထိ အခြေအနေဆိုးခဲ့ပါတယ်။
အဲဒီကာလဟာ RR အတွက် မှောင်လွန်းတဲ့ညတွေပါပဲ။
အိပ်မပျော်တဲ့ညပေါင်းများစွာကိုဖြတ်သန်းခဲ့ရပါတယ်။
မခံရပ်နိုင်အောင်ဖြစ်လာတဲ့အတွက် အမေ့ဆီကိုပြန်ပြီးရင်ဖွင့်ပါတယ်။
အမေက
“ သားရယ်၊ ဒါဟာလည်းစိတ်ပျက်စရာ မဟုတ်ပါဘူး။
အရာရာဟာကောင်းဖို့ဖြစ်လာတာပါကွယ်…”
လို့ထပ်ပြောပြန်ပါတယ်။
အမေနဲ့တော့ အငြင်းမပွားချင်ပါဘူး။
အမေပြောတာနားထောင်ပြီးပြန်ခဲ့ပါတယ်။
ဒါနဲ့ပဲ စိတ်ပျက်လက်ပျက်နဲ့ RRဟာ နိုင်ငံရေးထဲခြေစုံပစ်ပြီး
သူ့ရဲ့စိတ်ခံစားမှုကိုဖြေဖျောက်ခဲ့ပါတယ်။
နေ့နေ့ညည နိုင်ငံရေးပါတီအတွက် အားကြိုးမာန်တက်အလုပ်လုပ်ခဲ့ပါတယ်။
ဒါနဲ့ပဲ သူဟာ အမေရိကန်နိုင်ငံရဲ့သမ္မတတစ်ဦးဖြစ်လာခဲ့ပါတယ်။
အဲဒီအခါမှ သူ့ရဲ့အမေပြောတဲ့
“အရာရာဟာကောင်းဖို့ဖြစ်လာတာပါ၊
စိတ်မပျက်ပါနဲ့”
ဆိုတဲ့စကားကို နားလည်သဘောပေါက်လာခဲ့ပါတယ်။
RR ဆိုတဲ့လူကတော့ Ronald Reagan ဆိုတဲ့
ပုဂ္ဂိုလ်ပဲဖြစ်ပါတယ်။
++++++++++++++++++++++++++
လွန်ခဲ့တဲ့နှစ်အတန်ကြာက
Reader Digest ဆိုတဲ့စာအုပ်တစ်အုပ်မှာ
ဖတ်ခဲ့ဖူးတဲ့အကြောင်းအရာဖြစ်ပါတယ်။
ရေးသားသူကတော့ Ronald Reagan ကိုယ်တိုင်ပဲဖြစ်ပါတယ်။
အကြောင်းအရာကို မှတ်မိပေမယ့်
ဘယ်တုန်းကရေးသားထုတ်ဝေတဲ့စာအုပ်ဆိုတာတော့မမှတ်မိတော့ပါဘူး။
မှတ်မိသလို ပုံစံနဲ့တစ်ဆင့်မျှဝေခံစားလိုက်ပါတယ်။
++++++++++++++++++++++++++++
အရာရာဟာကောင်းဖို့ဖြစ်လာတာပါ…
ဆိုပေမယ့်
သူ့အလိုလိုတော့ကောင်းတာတွေဖြစ်လာမှာတော့မဟုတ်ပါဘူး။
ဘာတွေဘဲဖြစ်ဖြစ် ကိုယ့်ဖက်ကတော့
ကောင်းတာတွေလုပ်ဖို့တော့လိုပါတယ်။
ဘယ်လောက်ဘဲအခြေအနေဆိုးဆိုး ကောင်းတဲ့စေတနာနဲ့
ကောင်းတာတွေလုပ်နေသူအဖို့
ကောင်းတာတွေဖြစ်လာဖို့သေချာပါတယ်လို့
ထပ်ဆင့်ပြောချင်ပါတယ်။
Ronald Reagan ရဲ့အဖြစ်အပျက်က အဲဒါကို မီးမောင်းထိုးပြနေပါတယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com