Thursday, June 30, 2011

“ ဘဝင်မြင့်သူမဖြစ်ပါစေနဲ့…”



တစ်ခါတုန်းက

စစ်သဘောင်္တစ်စင်းဟာ စစ်ရေးလေ့ကျင့်ဖို့ ပင်လယ်ထဲထွက်ခဲ့ပါတယ်။

ညအချိန်ရောက်တော့ တာဝန်ကျအရာရှိတစ်ယောက်က မီးရောင်တွေ့ကြောင်း

သဘောင်္ကက်ပတိန်ကိုသတင်းပို့ပါတယ်။

ကက်ပတိန်က

“အဲဒီသဘောင်္ကို မီးရောင်နဲ့အချက်ပြန်ပြလိုက်၊

နောက်ပြီး 20-ဒီဂရီလမ်းကြောင်းပြောင်းပေးဖို့အကြောင်းပြန်လိုက်ပါ”

လို့အမိန့်ပေးလိုက်ပါတယ်။

မကြာခင်မှာပင်တာဝန်ကျအရာရှိက

“ ကက်ပတိန်၊ ဟိုကအချက်ပြန်ပြတယ်။

ကျနော်တို့သဘောင်္ကို လမ်းကြောင်းပြောင်းခိုင်းနေတယ်”

ကက်ပတိန်က စိတ်တိုသွားတယ်။

“ငါတို့က စစ်သဘောင်္ကြီးဖြစ်တယ်။

အထူးတာဝန်နဲ့လာနေတာ၊

လမ်းကြောင်းပြောင်းစရာရှိရင် သူကသာပြောင်းရမှာဖြစ်တယ်”

ပြီးတော့ ဆက်အမိန့်ပေးလိုက်ပါတယ်။

“ ကဲ…အကြောင်းပြန်လိုက်ပါ။

အမြန်ဆုံးလမ်းကြောင်းပြောင်းပေးပါ။

မပြောင်းပေးရင်အကြောင်းကောင်းကောင်းသိသွားမယ်”

လို့အမိန့်ထပ်ပေးလိုက်ပါတယ်။

မကြာခင်မှာပင် တာဝန်ကျအရာရှိက…

“ ကက်ပတိန်၊ ဟိုကအကြောင်းပြန်တယ်။

ထိပ်တိုက်တိုးချင်ရင်လည်းသဘောပဲ။

သူကတော့ ဖယ်ပေးစရာမရှိဘူးတဲ့။

ဘာဖြစ်လို့ဆိုတော့ သူက မီးပြတိုက်……”

စကားမဆုံးလိုက်ပါ။

ကက်ပတိန်က

“ဟေ့ မြန်မြန်လုပ်၊ လမ်းကြောင်းပြောင်း၊

မီးပြတိုက်တဲ့ကွ”


ဘဝင်မြင့်တဲ့ရောဂါဟာ အကုသရခက်တဲ့ရောဂါတစ်မျိုးဖြစ်တယ်။

အချို့က အာဏာကြောင့်၊

အချို့က ငွေကြေးဥစ္စာကြောင့်၊

အချို့က ပညာကြောင့်၊

အကြောင်းအမျိုးမျိုးကြောင့် ဘဝင်မြင့်ရောဂါများဖြစ်လာကြတယ်။

ဘဝင်မြင့်သူများဟာ ပေါင်းသင်းရခက်ခဲသူများဖြစ်ကြတယ်။

အကြောင်းမှာ ကျပ်မပြည့်ကြသူများဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်။

မီးပြတိုက်ဆိုတာ အခြေခံကိုယ်ကျင့်သီလနဲ့တူပါတယ်။

သဘောင်္သားများနဲ့သဘောင်္များကို ဘေးအန္တရာယ်ကကင်းဝေးစေပါတယ်။

ကိုယ်ကျင့်သီလကိုချိုးဖောက်တာဟာ မီးပြတိုက်ကို ဝင်တိုက်တာနဲ့တူပါတယ်။

ဘဝင်မြင့်သူများကတော့ မီးပြတိုက်ကိုပင် ဝင်တိုက်ဖို့ကြိုးစားသူများဖြစ်ပါတယ်။

ထိခိုက်နစ်နာမယ့်သူကတော့ ဘဝင်မြင့်သူများကိုယ်တိုင်ပဲဖြစ်ပါတယ်။


Tuesday, June 28, 2011

" သက်သတ်လွတ်အရည်တစ်မျိုး...."


ကိုအေးကိုကိုဟာ ဆေးခန်းကိုလာပြနေကျလူနာဖြစ်တယ်။

ပန်းနာရင်ကြတ်လည်းရှိတယ်။

ဂေါက်ရောဂါလည်းရှိတယ်။

အရက်ကိုကြိုက်သူဖြစ်တာကြောင့် အရက်မသောက်ဖို့တားသော်လည်းမရပါ။

အရက်အကြောင်းပြောရင်သူက အရက်ပုံပြင်များကိုပြောပြတတ်တယ်။


တစ်ခါတုန်းက ယမမင်းဆီကို လူသုံးယောက်ရောက်လာတယ်။

အစစ်ဆေးခံဖို့ဖြစ်တယ်။

ပထမဆုံးလူတစ်ယောက် ဝင်လာတော့ ယမမင်းကမေးတယ်။

“ မင်းလူ့ပြည်တုန်းက ဘာသောက်သုံးခဲ့ပါသလဲ”

ပထမဆုံးလူက

“ နွားနို့ကို သောက်သုံးခဲ့ပါတယ်”လို့ဖြေတော့

ယမမင်းက

“ မင်းဟာ နွားကလေးတွေရဲ့သောက်သုံးရမယ့် နွားမနို့ကိုသောက်သုံးတဲ့အတွက်

မင်းငရဲကိုသွားစေ”

လို့အမိန့်ချမှတ်လိုက်ပါတယ်။


ဒုတိယလူရဲ့အလှည့်ရောက်လာပါတယ်။

“ မင်းလူ့ပြည်တုန်းက ဘာသောက်သုံးခဲ့ပါသလဲ”

ဒုတိယလူက

“ ပျားရည်ကိုသောက်သုံးခဲ့ပါတယ်”

“ ပျားတွေပင်ပင်ပန်းပန်းရှာဖွေထားတဲ့ပျားဝတ်ရည်ကို

မင်းက အခန့်သားသောက်သုံးတဲ့အတွက်

မင်းလည်း ငရဲကိုသွားစေ”

လို့အမိန့်ချမှတ်လိုက်ပြန်တယ်။

တတိယလူရဲ့အလှည့်ရောက်လာတယ်။

သူကတော့အရက်သောက်လွန်းလို့ အသည်းကင်ဆာနဲ့သေဆုံးပြီး

ယမမင်းဆီကိုရောက်လာသူဖြစ်တယ်။

သူ့ကိုလည်း ယမမင်းက

“ မင်းလူ့ပြည်တုန်းက ဘာသောက်သုံးခဲ့ပါသလဲ”လို့မေးပြန်တယ်။

တတိယလူက

“ ယမကာကိုသောက်သုံးခဲ့ပါတယ်”

ယမမင်းကထပ်မေးတယ်။

“ ယမကာဆိုတာဘာလဲ”

အရက်သမားက

“ ယမကာဆိုတာ ကောက်ညှင်းကိုအချဉ်ဖောက်၊

အရည်ကိုပေါင်းခံ၊

တစ်စက်ချင်းကျလာတဲ့အရည်ကိုသောက်သုံးပါတယ်”

လို့ဖြေတာပေါ့။

ဒီတော့ယမမင်းက

“ မင်းက သက်သတ်လွတ်အရည်တစ်မျိုးကိုသောက်သုံးတာပဲ။

ဒါကြောင့်နတ်ပြည်ကိုသွားစေ”

လို့အမိန့်တော်ချမှတ်လိုက်ပါတယ်

တဲ့။


Monday, June 27, 2011

" အသက် ဘယ်လောက် ရှိပြီလဲ..."


ကားမောင်းကြမ်းတဲ့မိန်းမကို

ဘယ်လိုသတိပေးရပါ့မလဲလို့

ကိုလှမြင့်

အကြိမ်ကြိမ် စဉ်းစားတယ်။

နောက်ဆုံးကျတော့မှ

နည်းလမ်းတစ်ခုကိုတွေ့တယ်။

ဇနီးသည်ကို ကိုလှမြင့်က

“ ကားမောင်းရင် ကြည့်မောင်းနော်။

မတော်တဆကားတိုက်မှုဖြစ်ရင်

နာရေးကြော်ငြာမှာ

' မင်းရဲ့အသက် ဘယ်လောက် ရှိပြီလဲ '

ဆိုတာပါလာမယ်နော် ”

" ဖြစ်အောင်လုပ်မယ်..."


လောကမှာ

တကယ်စိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်၊

တကယ်အသိဉာဏ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်လို့

ခေါ်လောက်တဲ့ပုဂ္ဂိုလ်တွေဟာ သူများတွေ

ဘယ်လိုနေနေ

သူတို့ရဲ့လေးနက်တဲ့၊

မြင့်မြတ်တဲ့ခံယူချက်ဟာ

ဘယ်တော့မှ မပြောင်းဘူး။


++++++++++++++++++


ကိုယ့်ကိုယ်ကို

သူများအောက်ကိုလည်း နှိမ့်ဖို့မလိုဘူး။

ကိုယ့်ကိုယ်ကိုသူများအထက်ကိုလည်း မြှင့်ဖို့မလိုဘူး။

ရိုးရိုးသားသား မှန်မှန်ကန်ကန် တန်းတူရည်တူပဲ

ကြည့်တတ်ဖို့လိုတယ်။


++++++++++++++++++


စကားပြောတဲ့အခါမှာလည်း သတိနဲ့ဉာဏ်နဲ့ ပြောပါ။

သတိဟာလူကို ပိုပြီး အသက်ဝင်စေတယ်။

သတိဟာ စိတ်ကိုပိုပြီးအားရှိစေတယ်။


++++++++++++++++++


အရင်တုန်းကထက်

စိတ်ထားတွေ၊

သဘောထားတွေ၊

အသိဉာဏ်တွေ သာတဲ့လူတစ်ယောက်ဖြစ်လာအောင်

လုပ်နေတာကိုက ကိုယ့်ရဲ့လိုအပ်ချက်ကို

ကိုယ်ဖြည့်ဆည်းနေတာပဲ။


++++++++++++++++++


အင်မတန်စူးရှတဲ့၊

အင်မတန်ထက်မြက်တဲ့၊

အင်မတန်အင်အားကြီးတဲ့၊

သတိနဲ့ပညာက

ကိုယ့်ရဲ့ချို့ယွင်းချက်လေးတွေကို

သူ့ဟာသူ ပြင်ပြင်ပြီးတော့ သွားတတ်တယ်။


++++++++++++++++++


စိတ်ဓာတ်အင်အားပျော့ညံ့တဲ့သူ၊

စစ်မှန်တဲ့သတ္တိမရှိတဲ့သူတွေဟာ

သူတစ်ပါးကို အနိုင်ကျင့်တဲ့သူတွေ

ဖြစ်လာတယ်။


++++++++++++++++++


တာဝန်ယူတာဟာအမှန်တော့

လွတ်လပ်မှုတစ်မျိုးပဲ။


++++++++++++++++++


ဒီအခြေအနေမှာ ဒီလိုလုပ်မှ ဖြစ်မယ်လို့သိပြီးတော့

အခြေအနေနဲ့ကိုက်အောင်လုပ်နိုင်တာဟာ

လည်း ပဲ လွတ်လပ်မှုတစ်မျိုးပဲ။


++++++++++++++++++


ဘယ်အချိန်သေသေ၊

သေမှာကိုကြိုတင်ပြင်ဆင်ထားပြီး

အချိန်မရွေးသေတာကို လက်ခံနိုင်တဲ့စိတ်မျိုးနဲ့

နေသွားနိုင်ရင် လွတ်လပ်တဲ့စိတ်နဲ့နေတယ်လို့ ဆိုနိုင်တယ်။


++++++++++++++++++


တွေ့ကြုံနေရတဲ့ အခက်အခဲကို ကိုယ့်ဘဝအတွက်

အကောင်းဘက်ကို ရောက်သွားဖို့ရာ အခွင့်အရေးတစ်ခု

အနေနဲ့ မြင်တတ်ရင် ကိုယ့်ဘဝဟာ

ကြာလေ တိုးတက်လေ ဖြစ်မယ်။

ကြာလေ အဆင်ပြေလေဖြစ်မယ်။

ကြာလေ စိတ်ထားရင့်ကျက်လေ ဖြစ်မယ်။

ကြာလေ စိတ်ဓာတ်အင်အားကြီးသူ ဖြစ်လာမယ်။

ပိုပြီးလွတ်လပ်သူ ဖြစ်လာမယ်။


++++++++++++++++++


ငါ ပညာတတ်ဖို့ဟာ ငါ့တာဝန်ပဲ။

ငါ အစွမ်းကုန်ကြိုးစားမှ ဖြစ်မယ်။

ဘယ်လို အခက်အခဲ ရှိရှိ…

ငါ ဖြစ်အောင်လုပ်မယ်။


++++++++++++++++++


ဖြစ်အောင်လုပ်မယ်

ဆိုတဲ့သူအတွက်

ဖြစ်နိုင်တဲ့ နည်းလမ်းကောင်းတွေ

တစ်မျိုးပြီးတစ်မျိုးတွေ့မှာ သေချာတယ်။


++++++++++++++++++


ကိုယ့်ဘဝမှာ

ကောင်းတာတွေဖြစ်လာဖို့ဆိုတာ

ကိုယ့်ဟာ ကိုယ်ဆုံးဖြတ်ရမယ်၊

ရွေးချယ်ရမယ်၊

တာဝန်ယူရမယ်။


++++++++++++++++++


ဘယ်လိုမှ ရှောင်လွှဲလို့မရတော့တဲ့

သေခြင်းတရားနဲ့

တွေ့တဲ့အချိန်မှာ

အဲဒီသေခြင်းတရားကို

အေးအေးဆေးဆေးလက်ခံနိုင်တာဟာ

လွတ်လပ်တာပဲ။

ဆော့ကရေးတီးကို သေဒဏ်ပေးလိုက်တဲ့သူတွေက

မလွတ်လပ်တဲ့သူတွေ ဖြစ်တယ်။

ဆော့ကရေးတီးကတော့ လွတ်လပ်တဲ့သူပဲ ။


++++++++++++++++++


ကိုယ့်ကိုယ်ကို

ပိုပြီးတော့ ကောင်းတဲ့လူတစ်ယောက်ဖြစ်လာအောင်

ပုံဖေါ်နိုင်တဲ့ ဖန်တီးယူနိုင်တဲ့စွမ်းရည်သတ္တိဟာလည်း

လွတ်လပ်မှုတစ်မျိုးဖြစ်တယ်။


++++++++++++++++++


အရာရာတိုင်းကို အတ္တရှုဒေါင့်ကနေ

ကြည့်နေလို့ လေးလံတာပါ။


++++++++++++++++++


လေးစားတဲ့စိတ်၊

တန်ဖိုးထားတဲ့စိတ်၊

ချစ်တဲ့စိတ်နဲ့

ဆက်ဆံရတာ အင်မတန်လေးနက်တယ်။


++++++++++++++++++

ဆရာတော်ဦးဇောတိက

Friday, June 24, 2011

" အမေထံသို့ပေးစာများ-၆..."




သို့
အမေ
သားသတိရစွာဖြင့် စာရေးလိုက်ပါတယ်။
အမေနေကောင်းလား။
တစ်နေ့တုန်းက အမေ နှလုံးရောဂါပြန်ဖြစ်လို့
သုခကမ္ဘာဆေးခန်းကို ပြန်ပြရတယ်လို့
အီးမေးလ်ကဖတ်လိုက်ရတော့ စိတ်ပူလိုက်တာအမေရယ်။
ကျနော် လေးနှစ်ကျော် ငါးနှစ်သားအရွယ်က
အဖေကွယ်လွန်သွားခဲ့တယ်။
အဲဒီကတည်းက အမေဟာ ကျနော့်အတွက် အဖေဖြစ်ခဲ့သလို
အမေဟာ အမေလည်းဖြစ်နေခဲ့ပါတယ်။
အမေရဲ့ပြုစုပျိုးထောင်မှုကြောင့် ကျနော်တို့ညီအစ်ကိုတွေ ကြီးပြင်းခဲ့ကြတယ်။
လူလူသူသူဖြစ်ခဲ့ကြတယ်။
အဲဒါကြောင့် အမေဟာ ကျနော်တို့အတွက် အလွန်အရေးကြီးခဲ့ပါတယ်။
ကျနော်တို့အတွက် အားကိုးအားထားရာ ရွှေတောင်ကြီးဆိုလည်းဟုတ်သလို
ကုသိုလ်ပြုရာ စိန်တောင်ကြီးဆိုလည်း ဟုတ်တယ်။
အမေရဲ့အသက်က ၈၉-နှစ်ရှိပြီဆိုတော့ အသက်ကြီးမှန်းသိပါတယ်။
ဒါပေမယ့် အမေ့ကို အသက်ရှည်စေချင်သေးတယ်။
တရားမရှိလို့မဟုတ်ပါဘူး။
ကျေးဇူးဆပ်ခွင့်ရချင်တယ်။
အဖေကွယ်လွန်တော့ ကျနော်က
အသက်ငါးနှစ်ပဲရှိသေးတော့ အဖေရဲ့ကျေးဇူးကို သိခွင့်လည်း မရခဲ့ဘူး။
ဆပ်ခွင့်လည်း မရခဲ့ဘူး။
ဟော အခုအမေကျန်းကျန်းမာမာရှိနေသေးတယ်ဆိုတာကိုက
ကျနော်တို့အတွက် ကံကောင်းတယ်လို့ပြောနိုင်တယ်။
ကျနော်တို့ကျွေးတာကို အမေစားနိုင်တယ်။
ကျနော်တို့ပေးတာကို အမေလှူနိုင်တယ်။
မြန်မာပြည်တုန်းက ဆရာဝန်ဘဝနဲ့အမေကိုလုပ်ကျွေးခွင့်ရတာက
ကုသိုလ်တစ်မျိုးပါအမေ။
သက်သက်သာသာနဲ့အမေကိုကျွေးခွင့်၊ပေးခွင့်ရခဲ့တယ်။
ဟော အခု အမေရိကားကိုရောက်လာတော့ အဲဒီလောက် သက်သက်သာသာမရှိလှဘူး။
ဆရာဝန်စာမေးပွဲကို ပြန်ဖြေဖို့က ငွေတွေအများကြီးလိုတယ်။
အချိန်တွေလည်းလိုတာပါပဲ။
ရောက်စဆိုတော့ အဲဒီလို ငွေတွေအများကြီးကို မသုံးနိုင်ဘူး။
လောလောဆယ်တော့ အချိန်ယူပြီးဆရာဝန်စာမေးပွဲကို မဖြေနိုင်သေးဘူး။
ရရာအလုပ်ကိုလုပ်နေရတယ်။
ပညာနဲ့လုပ်ဖို့ဆိုတာ Certificate တစ်ခုရမှ ဖြစ်မှာမို့ လပိုင်းပဲရှိသေးချိန်မှာ
ဘယ်မှာ Certificate ရနိုင်အုန်းမှာလဲ။
အမေကိုလုပ်ကျွေးချင်တာကြောင့် ရတဲ့အလုပ်ကိုလုပ်ရတာပေါ့။
ပင်ပန်းတာ မပြောပါနဲ့တော့။
မငြီးငြူချင်ပါဘူး။
အမေရိကန်မှာ အလုပ်ရှိတဲ့ဒုက္ခထက် အလုပ်မရှိတဲ့ဒုက္ခကပိုဆိုးလို့လေ။
အမေ့ကိုလုပ်ကျွေးမယ်ဆိုတဲ့စိတ်နဲ့အလုပ်လုပ်တော့လည်း ပင်ပန်းတာ ပေါ့ပါးသွားသလိုပါပဲ။
အလုပ်က နေပူတယ်။
နေပူဒဏ်ကြောင့် ဖြူသယောင်ရှိတဲ့အသားအရေတွေလည်း မည်းကုန်ပြီ။
မပြောတော့ပါဘူး။
အားလုံးကို အမေသိသွားရင်
ကျနော်ကျွေးတဲ့အစားတွေ နင်ကုန်မှာစိုးပါတယ်။
တစ်ခုပြောနိုင်တာက
ကျနော့်အလုပ်က သမ္မာအာဇီဝတော့ကျပါတယ်အမေ။

အခြားအကြောင်းတွေပြောကြရအောင်။
ကျနော် အမေရိကားရောက်တော့ အရင်ဆုံး ငယ်သူငယ်ချင်းလှမင်းဆီကိုသွားတယ်။
သူက ကာရိုလိုင်းနား (မြောက်)မှာနေတယ်။
ကာရိုလိုင်းနား (မြောက်)က ရာသီဥတုအေးတယ်။
မေမြို့နဲ့တူတယ်။
အအေးကတော့ မေမြို့ထက်ပိုတယ်။
အအေးဒဏ်ကြောင့် သစ်ပင်တွေတောင် အရွက်တွေမရှိဘူး။
အရိုးပြိုင်းပြိုင်းနဲ့။
ဆီးနှင်းတွေအရမ်းကျနေတဲ့အချိန်မဟုတ်သေးဘူး။
ကျနော်တို့ရောက်တာ ဖေဖေါ်ဝါရီလတတိယပတ်လောက်ဆိုတော့
နှင်းတွေကိုလမ်းမတွေပေါ်မှာ မမြင်ရတော့ဘူး။
ဒါပေမယ့် အေးနေတုန်းပဲ။ အနွေးထည်တွေ သုံးလေးထပ်ဝတ်ရတုန်းပါပဲ။
တော်သေးတာပေါ့။ သူငယ်ချင်းရဲ့အိမ်မှာ Heater(အပူပေးစက်) တွေရှိပေလို့ပေါ့။
အိမ်တွေကတော့ အများကြီး၊
အိမ်အပြင်ဘက်တွေမှာ ဘယ်သူမှလည်း မရှိဘူးလို့ထင်ခဲ့တယ်။
ဘယ်ရှိမလဲ၊ အေးတော့ ဘယ်သူမှ အပြင်မထွက်ကြဘူးလေ။
အပြင်သွားရင်ကားတွေနဲ့သွားတယ်။ ကားမှာလည်း အပူပေးစက်ရှိတယ်။
အိမ်ရောက်ရင် အိမ်ထဲကိုဝင်၊ အပူပေးစက်ဖွင့်၊
အဲဒီလိုနဲ့တစ်လကျော်ကျော်လောက်နေရတယ်။
နောက်မှ အအေးပေါ့သွားပြီး နေလို့ထိုင်လို့ကောင်းလာတယ်။
အအေးပေါ့သွားတာနဲ့သစ်ပင်တွေလည်း စိမ်စိုလန်းဆန်းလာတယ်။
ပန်းတွေလည်း တစ်မျိုးပြီးတစ်မျိုးပွင့်လာတယ်။
အရောင်ကမျိုးစုံပါပဲ။
တကယ်လှပတဲ့မြို့လေးဖြစ်လာတယ်။
အိမ်တိုင်းမှာ ပန်းပင်ရှိတယ်။
အပွင့်တွေကလည်း ရောင်စုံပါပဲ။
အိမ်တွေက စားပင်တွေစိုက်တာနည်းတယ်။
ရောင်စုံလှပတဲ့ပန်းပင်တွေကို အလှကြည့်ဖို့စိုက်ကြတာများတယ်။
အိမ်တိုင်းမှာ ပန်းခြံရှိနေတယ်လို့ပြောရင်ရတယ်။
အမေရိကန်ပြည်သူတွေက အလှကြိုက်တာလည်းပါမယ်ထင်တယ်။
ပြီးတော့ လူတိုင်းကအလုပ်လုပ်ကြတယ်။
ပင်ပင်ပန်းပန်းနဲ့အိမ်ပြန်လာတဲ့အခါ ပန်းပင်တွေရဲ့ရောင်စုံအလှတွေကြည့်ပြီး
အပန်းပြေတာလည်း ပါမယ်ထင်ပါရဲ့။
သူငယ်ချင်းကတော့ နံနက်ဆိုရင် ၅နာရီခွဲဆိုရင်ထပြီ။
၆-နာရီလောက်ဆိုရင် အလုပ်သွားတယ်။
နေ့လည်၂-နာရီဝန်ကျင်လောက်မှ နေ့လည်စားပြန်စားတယ်။
နောက်တစ်ခါထပ်သွားရပြန်တယ်။
၅-နာရီလောက်မှပြန်လာပြီး ပန်းခြံထဲဆင်းတော့တာပဲ။
ပန်းပင်တွေကိုရေလောင်းတယ်။
လိုအပ်တဲ့အခါ မြက်တွေကို ရိတ်တယ်။
တစ်ပတ်တစ်ကြိမ်လောက်တော့ မြက်ရိတ်ရတယ်။
သူ့ရဲ့ခြံကကျယ်တော့ သီးပင်တွေရောစိုက်ထားတယ်။
မြန်မာလူမျိုးက အမေရိကန်ဖြစ်လာသူဆိုတော့ စိုက်တဲ့အထဲမှာ
ဘူးပင်တွေလည်းပါရဲ့။
စပြစ်ပင်တွေလည်းပါရဲ့။
ပန်းသီးပင်၊လိမ္မော်ပင်လည်းပါရဲ့။
အို…စုံနေတာပါပဲ။
သူတို့နိုင်ငံမှာက မျိုးစေ့ကိုစိုက်တာထက် အဆင်သင့် ပျိုးပင်ကိုစိုက်တာများတယ်။
ဘာမဆိုဝယ်လို့ရတယ်။
အမေရေ…စာလည်းရှည်သွားပြီ။
နောက်များမှ ရေးပါအုန်းမယ်။
အမေ ကျန်းမာရေးကို ဂရုစိုက်ပါနော်။
အမေကို လုပ်ကျွေးခွင့်ပြုပါအမေ။
အမေအသက်ရှည်ပြီးကျန်းမာမှဖြစ်မှာလေ။

အမေကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
 ဘာလင်တန်မြို့ ၊(Burlington)
ကာရိုလိုင်းနား(မြောက်)ပြည်နယ်၊(North Carolina)
အမေရိကန်ပြည်ထောင်စု၊(USA)


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com