Tuesday, January 12, 2010

“ ရဲရဲတင်းတင်း စ,လိုက်စမ်းပါ...”



ဝင်စတန်ချာချီ ဟာ အသက်(၄၀)နှစ်ရောက်ခါမှ ပန်းချီရေးဆွဲခြင်းကို

ဝါသနာအလုပ်တစ်ခုအဖြစ်ရွေးချယ်ခဲ့တယ်။

“ပန်းချီဆွဲမယ်ကွာ”လို့ဆုံဖြတ်ချက်ချကာ ကားချပ်ကြီးထောင်ပြီးနောက်

ဘာကစရေးရမှန်းမသိ၊ လူကမရဲဘဲဖြစ်နေတယ်။

အဲဒီနောက်မှာ အတော်အားမွေးကာ စုတ်တံသေးသေးလေးတစ်ချောင်းကိုင်ကာ၊

ဆေးပြာလေးနည်းနည်းစပ်ပြီး အဖြူရောင်ပိတ်ကားကြီးပေါ်မှာ

စုတ်ချက်သေးသေးလေးတစ်ချက်မရဲတရဲစမ်းဆွဲတယ်။

အဲဒီအခိုက်မှာပဲ ရင်းနှီးနေတဲ့ အမျိုးသမီးမိတ်ဆွေတစ်ယောက်ရောက်လာတယ်။

အဲဒီအမျိုးသမီးက ပန်းချီဆရာ တစ်ယောက်ရဲ့ဇနီးဖြစ်တယ်။

သူမက ချာချီ လုပ်ပုံကို ကြည့်ကာ “ဘာတွေ ဒီလောက်စဉ်းစားနေရသလဲ?”လို့ဆိုပြီး

စုတ်တံတစ်ချောင်းကောက်ယူလိုက်ပြီး ပိတ်ကားပေါ်မှာ ဗျင်းခနဲ၊ ဗျင်းခနဲ စုတ်ချက်တွေ ဆွဲချပစ်လိုက်တယ်။

အဲဒီတော့မှ အတားအဆီတွေပြယ်သွားတယ်ဗျာ၊

ကင်းဗတ်(စ်)(=ပန်းချီပိတ်ကား)ကိုကြောက်တဲ့စိတ်မရှိတော့ဘူး။

ပန်းချီအလုပ်မှာ အဲဒီလို ရဲရဲတင်းတင်းစတတ်ခြင်းဟာလဲ

အင်မတန်အရေးကြီးတဲ့အချက်တစ်ခုပဲ” လို့ချာချီကပြောခဲ့ပါတယ်။


ပန်းချီအလုပ်သာမက အခြားဘယ်အလုပ်မဆို

ရဲရဲတင်းတင်းစတင်တတ်သူသာ သူတကာထက်

ပိုမိုလျင်မြန်စွာ ကျွမ်းကျင်ပိုင်နိုင်စမြဲဖြစ်ပါတယ်။


လူကြီးမင်းလည်း ကိုယ်ဝါသနာပါရာ အလုပ်တစ်ခုကို

ရဲရဲတင်းတင်းသာစ လိုက်စမ်းပါ။

ဘာဘဲဖြစ်ဖြစ် ရပ်နေတာထက်

လှမ်းနေတာက ပန်းတိုင်နဲ့ပိုနီးလာနိုင်ပါတယ်။

Saturday, January 9, 2010

“ စိတ်ဓာတ်နဲ့ ဝီရိယ...”



တစ်ခါတုန်းက “ကဿက”အမည်ရှိတဲ့လှိုဏ်ဂူမှာ သီတင်းသုံးနေတဲ့ အယျမိတ္တမထေရ်မြတ်ကို

ဆွမ်းခံရွာမှာရှိတဲ့ ဒကာမကြီးတစ်ယောက်က သားအရင်းလိုသဘောထားပြီးပြုစုလုပ်ကျွေးပါတယ်။

တစ်နေ့မှာတော့ ဒကာမကြီးက တောထဲအလုပ်ကိစ္စနဲ့ သွားခါနီးမှာ သမီးကို မှာနေတာက

“သမီးရေ…ဟိုနေရာမှာ ဆန်ကောင်းရှိတယ်။ ဟိုနေရာမှာ ထောပတ်တို့၊ နွားနို့တို့၊ တင်လဲတို့ရှိတယ်။

ရဟန်းအယျမိတ္တကြွလာတဲ့အခါ ဆွမ်းချက်ပြီး နွားနို့၊ထောပတ်၊တင်လဲတွေနဲ့ လောင်းလှူလိုက်ပါ။

ကျန်တာကို သမီးလဲစားပေါ့။

အမေတော့ မနေ့ကကျန်တဲ့ ထမင်းကြမ်းကို ပုံရည်ဟင်းနဲ့စားသွားတော့မယ်။”လို့မှာကြားတယ်။

သမီးက“အမေ နေ့လည်ပြန်လာတော့ ဘာနဲ့စားမလဲ?”လို့ပြန်မေးတော့

“ဟိုနားမှာရှိတဲ့ ဆန်ကွဲလေးတွေနဲ့ ဟင်းရွက်ကိုထည့်ပြီး ယာဂုချဉ်ကျိုထားလိုက်ပေါ့

သမီးရဲ့။”လို့ပြန်ပြောပါသတဲ့။

ဆွမ်းခံထွက်ဖို့ သပိတ်သင်္ကန်းကိုပြင်နေတဲ့ မထေရ်မြတ်က

ဒကာမကြီးမှာနေတဲ့ အသံကိုလည်း ကြားလိုက်ရော

“ကြည့်စမ်း…..ဒကာမကြီးက ပုံရည်ဟင်းနဲ့ထမင်းကြမ်းကိုစားမှာတဲ့။

နေ့လည်စာကိုလည်း ဟင်းရွက်စပ်ပြုတ် ယာဂုချဉ်ကိုစားမယ်တဲ့။

ငါ့အတွက်ကိုတော့ စားသောက်ဖွယ်အကောင်းစားတွေ စီစဉ်မှာကြားနေတယ်။

ဒီဒကာမကြီးဟာ လောကီစည်းစိမ်ဥစ္စာတွေကို တောင့်တပြီး ငါ့ကိုလှူဒါန်းနေတာမဟုတ်ဘူး။

နိဗ္ဗာန်အထိ ပြည့်စုံမှုကိုရည်မှန်းပြီး လှူဒါန်းနေရှာတာ။

ဒကာမကြီးရဲ့အလှူကအလွန်မြင့်မြတ်တဲ့ “ဒက္ခိဏ”ဆိုတဲ့ အလှူမျိုးဖြစ်တယ်။

ငါဟာမြင့်မြတ်တဲ့အလှူ (ဒက္ခိဏ)ကို အလှူခံထိုက်တဲ့ “ဒက္ခိဏေယျ”ဂုဏ်နဲ့ပြည့်စုံပါရဲ့လား”လို့

ကိုယ့်ကိုယ်ကိုယ်ဆုံးမပြီး “ငါဟာ ဒီလိုဆွမ်းကို ဒေါသ၊ မောဟတွေရှိနေတဲ့ စိတ်နဲ့ခံဖို့ မသင့်ဘူး။”လို့

ဆုံးဖြတ်ပြီးတော့မှ မိမိသီတင်းသုံးနေတဲ့ ကဿက ဂူထဲပြန်ဝင်၊ သပိတ်သင်္ကန်းတို့ကို

မူလနေရာမှာ ပြန်ထားပြီး

“ငါဟာ အရဟတ္တဖိုလ်ပေါက် “ဒက္ခိဏေယျ”ဂုဏ်မမြောက်သမျှ လိုဏ်ဂူထဲက မထွက်တော့” လို့

အဓိပတိတတ်တဲ့ စိတ်ဓာတ်နဲ့အခိုင်အမာဆုံးဖြတ်ပြီး ဝီရိယာဓိပတိနဲ့ ကြိုးစားအားထုတ်လိုက်တာ

အရင်ကလည်း နေ့၊ည မပြတ် သတိပဋ္ဌာန်တရားနဲ့ ပွားများခဲ့တဲ့ ဓာတ်ခံရှိလေတော့

ဆွမ်းစားချိန်မတိုင်ခင်မှာပဲ အရဟတ္တဖိုလ်ပေါက် ရဟန္တာအဖြစ်ရောက်သွားပါတယ်။


မြတ်စွာဘုရားရှင်က

သံဃာတွေဟာ ပစ္စည်းလေးပါးကို ဘုဉ်းပေးသုံးဆောင်ပြီး

သာသနာတော်လည်း တည်တန့်အောင်၊

မိမိအတွက်လည်း ဝဋ်ဆင်းရဲမှ လွတ်မြောက်အောင်ဆိုတဲ့

သာသနဗြဟ္မရိယ၊ မဂ္ဂဗြဟ္မစရိယကို ကျင့်နိုင်လိမ့်မယ်၊

ကျင့်ပြီး ဝဋ်ဆင်းရဲကထွက်မြောက်လိမ့်မယ်”လို့ သိမြင်ပြီး ခွင့်ပြုခဲ့တာဖြစ်တယ်။


ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)

“ လွတ်အောင်သာ ပြေးဟေ့!...”




တစ်ခါတုန်းက တောထဲတွင် ဖြစ်တယ်။
ယုန်တစ်ကောင်ဟာ အော်ဟစ်ပြီးပြေးလာတယ်။

“ လွတ်အောင် ပြေးကြဟေ့၊
လွတ်အောင် ပြေးကြ”

မြေခွေးက လှမ်းမေးလိုက်ပါတယ်။

“ ဘာဖြစ်လို့လဲကွ”

ယုန်က
“ တိရစ္ဆာန်ဆရာဝန်တွေ ရောက်လာလို့၊
ဝှေးစေ့ သုံးလုံးရှိတဲ့ သူဆီက တစ်လုံးကို လိုက်ဖြတ်နေတယ်။”

မြေခွေးက
“ဒါပေမယ့် ငါ့မှာ နှစ်လုံးတည်းရှိတာပဲ”

ယုန်က
“သူတို့က အရင်ဖြတ်တယ်။
ပြီးတော့မှ ဘယ်နှစ်လုံး ရှိသလဲ ဆိုတာကိုရေတွက်တယ်။”
လို့ပြန်ပြောလိုက်ပါတယ်။

“ ဂရောင်ချောက်ချားဖြစ်သတဲ့ဗျာ…”



တစ်ခါတုန်းက ဘဝတစ်ပါးကို ပြောင်းတော့မယ့်

ကိုရွှေအေးဟာ သူ့ဇနီးကိုမှာနေတယ်။


တို့ရဲ့ အိမ်နီးချင်း ကိုညွန့်ရွှေဆီက

ဆယ်သိန်း အကြွေး ရစရာ ရှိတယ်။

မမေ့နဲ့


မမေ့ပါဘူးရှင်


မအေးမော်ကိုတော့

တို့ ငါးသိန်း ပေးစရာ ရှိတယ်


မိန်းမဖြစ်သူ မသန်းကြိုင်က သက်ပြင်းချပြီး ပြောတယ်။


ဂရောင်ချောက်ချားတွေ ပြောနေပြန်ပါပြီ

Friday, January 8, 2010

“ မေတ္တာအမြဲယှဉ် သူတော်စင်...”



သူများအကျိုးပျက်စီးစရာကို

ဘယ်သောအခါမှ

မလုပ်နှင့်၊

မပြောနှင့်၊

မကြံနှင့်၊

ကြမ်းတမ်းသောစကားကို မဆိုနှင့်၊

မေတ္တာနှင့် ယှဉ်သောစိတ်ကို ဖြစ်စေရမည်၊

အကောင်းကြံ အမှန်လုပ်

အဟုတ်ပြော

ယခုလက်ရှိအချိန်ထက်

ကောင်းသောအချိန်မရှိ၊

လက်ရှိအချိန်ကို

နိဗ္ဗာန်အထိ

အကျိုးရှိအောင်သုံးပါ။


(မင်းကွန်းဆရာတော်

ဘဒ္ဒ န္တ ဝိစိတ္တသာရာ ဘိဝံသ)

“ သတိ၊ ပညာ ပြည့်စုံသူများ...”



တစ်ခါတုန်းက ဘုရင့်ဥယျာဉ်ကို စောင့်ရှောက်ရတဲ့ ဥယျာဉ်စောင့်ကြီးတစ်ယောက်မှာ

သမီးလေးတစ်ယောက်ရှိတယ်။ သူမရဲ့နာမည်ကတော့ မာလာဝတီလို့ခေါ်တယ်။

တစ်နေ့မှာတော့ သူတို့ဥယျာဉ်ဆီကို ပုဏ္ဏား ငါးယောက်ဟာ

ခရီးတစ်ထောက်နားရင်းရောက်လာကြပါတယ်။

သူတို့တွေဟာ အနယ်နယ်အရပ်ရပ်က အလှူခံပြီးပြန်လာတာဖြစ်တယ်။

ဥယျာဉ်မှာ ခဏနားပြီး ခရီးဆက်မယ်လုပ်တော့ ခေါင်းဆောင် ပုဏ္ဏားက

“ အမောင်ဥယျာဉ်စောင့်ဟာ ရိုးသားပုံရတယ်။ အလှူခံငွေတွေကိုအပ်ထားချင်တယ်။

တစ်နှစ်ပြည့်လို့ပြန်လာရင် ငါတို့ငါးယောက်စလုံးဆုံမှပြန်ပေးပါ”

လို့ပြောပြီး ငွေတွေကို အားလုံးသဘောတူ အပ်ထားခဲ့ကြတယ်။

ပြီးတော့ အားလုံးခရီးဆက်သွားကြတယ်။

သူတို့အတန်ငယ်ဝေးတဲ့နေရာရောက်တော့ ကောက်ကျစ်စဉ်းလဲတဲ့ ပုဏ္ဏားငယ်တစ်ယောက်က

သူရဲ့ခရုသင်းမေ့ကျန်နေခဲ့တယ်ဆိုပြီးဥယျာဉ်စောင့်ဆီကို ပြန်လာတယ်။

ဥယျာဉ်စောင့်ဆီရောက်တော့ ငွေတွေကို ပြန်ယူခိုင်းလိုက်လို့လာယူကြောင်းလိမ်ပြောတယ်။

ရိုးသားတဲ့ဥယျာဉ်စောင့်ကလည်း ယုံကြည်ပြီး အပ်နှံထားတဲ့ငွေတွေကို ပြန်ပေးလိုက်ပါတယ်။

ပုဏ္ဏားငယ်လည်း ငွေတွေကို ယူပြီးထွက်ပြေးသွားတာပေါ့။

တစ်နှစ်ပြည့်လို့ ပုဏ္ဏားတွေဟာ ဥယျာဉ်စောင့်ဆီပြန်လာပြီးငွေတွေကို တောင်းကြပါတယ်။

ဥယျာဉ်စောင့်ကလည်း အဲဒီနေ့ကတည်းက ပုဏ္ဏားငယ်တစ်ယောက်

ပြန်လာယူသွားကြောင်းရှင်းပြပါတယ်။

ပုဏ္ဏားတွေကစိတ်ဆိုးပြီး လူငါးယောက်စလုံးမျက်နှာစုံညီဖြစ်မှ

ပေးရမယ်ဆိုတာပြောထားရက်နဲ့အခုလိုပေးလိုက်တာဟာ မရိုးမသားလိမ်လည်တာပဲဆိုပြီး

အလျော်တောင်းတယ်။ဆင်းရဲတဲ့ဥယျာဉ်စောင့်ကမလျော်နိုင်ဘူးပေါ့။

ဒီတော့ ပုဏ္ဏားတွေက ဘုရင့်ကိုတိုင်ကြတာပေါ့။

ဘုရင်ကစစ်ဆေးပြီး ပေးလျော်စေ၊ မလျော်နိုင်က တစ်သက်လုံးကျွန်ခံစေလို့အမိန့်ချလိုက်တာပေါ့။

ဥယျာဉ်စောင့်ကကျွန်ဖြစ်သွားတော့ စိတ်ဆင်းရဲနေတာပေါ့။

ဒီတော့ ဉာဏ်ပညာရှိတဲ့သမီးလေးက အဖေကိုအားပေးစကားပြောပြီး

ဘုရင်ကြီးဆီကို ရဲရဲဝင့်ဝင့်သွားပြီး သံတော်ဦးတင်ပါတယ်။

“အရှင်မင်းကြီး… ပုဏ္ဏားတွေရဲ့ငွေတွေကို ကျွန်တော်မျိုးမ ပေးဆပ်ပါ့မယ် ဘုရား”

“အေး... ပေးဆပ်စေ”

“ဒါပေမယ့် ဖခင်ထံငွေတွေလာအပ်စဉ်တုန်းက သူတို့ငါးယောက်ဖြစ်ပါတယ် အရှင်မင်းကြီး”

“အိမ်း…မှန်ပေတယ်။”

“နောက်ပြီး အဲဒီငါးယောက်စလုံး စုံညီမှ ပြန်ပေးအပ်ရန်လည်း ကတိကဝတ်ပြုသွားပါတယ် အရှင်မင်းကြီး”

“ဒါလည်း မှန်ပေတယ်။”

“အဲဒါကြောင့် သူတို့ငါးယောက်စလုံးစုံမှ ပြန်ပေးပါ့မယ်အရှင်ဘုရား”လို့လျှောက်ထားတော့

ဘုရင်ကြီးဟာ သူမရဲ့လျှောက်ထားချက်ကို သဘောကျပြီး

“ငါးယောက်ဆုံမှ ပေးဆပ်စေ” လို့အမိန့်ချမှတ်လိုက်ပါတယ်။

လိမ်လည်သွားတဲ့ ပုဏ္ဏားငယ်ကို ရှာမတွေ့တာနဲ့ ပုဏ္ဏားတွေဟာ အမှုရှုံးသွားပါတော့တယ်။

ဒီတော့မှ ဥယျာဉ်စောင့်မိသားစုလည်း ကျွန်အဖြစ်ကလွတ်မြောက်သွားကြပြီး

ပျော်ရွှင်သွားကြသတဲ့ကွယ်။


ပုံပြင်ကတော့ ဒါပါပဲ။

မာလာဝတီဟာ ငယ်ရွယ်ပေမယ့် ကျန်လူတွေ သတိမထားမိတဲ့

“ငါးယောက်စလုံးစုံညီမှ”ဆိုတဲ့ စကားကို သတိထားမိတယ်။

ပြီးတော့ ပြဿနာကိုဖြေရှင်းနိုင်တဲ့ ဉာဏ်ပညာလည်း ရှိသူဖြစ်တယ်။

ဒီတော့ ဖခင်ရဲ့ဒုက္ခကိုကယ်တင်နိုင်ခဲ့ပါတယ်။

သတိ၊ပညာနဲ့ပြည့်စုံသူဟာ မိမိကိုယ်ကိုယ်လည်း စောင့်ရှောက်နိုင်သလို

တစ်ပါးသူကိုလည်း ကယ်တင်နိုင်ကြောင်း ထင်ရှားစေတဲ့အကြောင်းအရာဖြစ်ပါတယ်။

မြန်မာလူငယ်တိုင်း သတိ၊ပညာနဲ့ပြည့်စုံသူများဖြစ်ကြပါစေ။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com