Wednesday, August 19, 2009

မြတ်ဗုဒ္ဓ၏အဆုံးအမ



မေတ္တာနဲ့စွန့်သမျှ

အနှစ်ပါတဲ့အညွန့်အလှတွေချည်းပါပဲ


မြတ်စွာဘုရားရှင်က

“ထမင်းစားသောက်ပြီးလို့

ပန်းကန်ဆေးရည်၊

အိုးဆေးရည်တွေကို

မြောင်းထဲသွန်တဲ့အခါ

“ဒီပန်းကန်ဆေးရည်၊

အိုးဆေးရည်တွေထဲက

ထမင်းလုံးဟင်းပေါက်လေးတွေ၊

ဆီဖတ်လေးတွေကို

မြောင်းထဲက ပိုးကောင်လေးတွေ

စားကြ သောက်ကြပါစေ” လို့

နှလုံးသွင်းစိတ်ထားပြီး

စွန့်သွန်ရင်၊

ကြီးကျယ်တဲ့ဒါနကုသိုလ်

ဖြစ်ပါတယ်” လို့

ဟောကြားတော်မူထားပါတယ်။

စိတ်ထားတတ်ရင်

အပိုပစ္စည်း၊ အပိုပိုက်ဆံ

တကူးတက အကုန်မခံရဘဲနဲ့

ဒါနကုသိုလ် ရနိုင်ပါတယ်။


အရှင်ဆန္ဒာဓိက (စိတ်အားဖြည့် ဓမ္မပန်းပွင့် စာအုပ် မှ.....)

Tuesday, August 18, 2009

နမ်းတိုင်းပျောက်တယ်ဆိုရင်......




တစ်ခါတုန်းက...ပင်စင်စားအဖိုးကြီးတစ်ယောက်ဟာ ပန်းခြံရဲ့ခုံတန်းလေးတစ်ခုမှာ စိတ်ညစ်ညစ်နဲ့
ထိုင်နေတယ်။စိတ်ညစ်ရတဲ့အကြောင်းကလည်း ခွဲစိတ်ရမဲ့ရောဂါကရှိနေတယ်။(ခွဲစိတ်ခကလည်းဈေးကြီးပါဘိသနဲ့)၊
ပင်စင်လစာကနည်းနည်းလေး၊
ဘာလုပ်ရမှန်းမသိတာနဲ့လာထိုင်နေတယ်။ မလှမ်းမကန်းခုံတန်းလေးမှာလည်း ချစ်သူစုံတွဲလေးတစ်တွဲက လာထိုင်
နေတာကိုတွေ့ရတယ်။သူတို့ရဲ့ပြောသံတွေကိုလည်းကြားနေရတယ်။
အမျိုးသမီးက..“မောင်.....ခင်ရဲ့ပါးပြင်ကဘာဖြစ်မှန်းမသိဘူးနာနေတယ်”
အမျိုးသားလေးကနာနေတယ်ဆိုတဲ့မိန်းကလေးရဲ့ပါးပြင်ကို ရွှတ်ကနဲနမ်းလိုက်ပါတယ်။ပြီးမှမေးလိုက်ပါတယ်။
“ခင်...နာသေးလား..ဟင်..”
“မနာတော့ဘူး၊ပျောက်သွားပြီ”
အတန်ကြာငြိမ်ပြီးနောက်မှာတော့ အမျိုးသမီးလေးက“မောင်....ခင့်ရဲ့လည်ပင်းကအရမ်းကိုက်တာဘဲ
မောင်ရယ်...”
အမျိုးသားလေးကမိန်းကလေးရဲ့လည်တိုင်ပတ်ပတ်လည်ကိုနမ်းလိုက်ပြီးနောက်မေးလိုက်ပါတယ်။
“ခင်လေး...ကိုက်နေသေးလားဟင်”
မိန်းကလေးက“ပျောက်သွားပြီမောင်ရယ်...”
ထိုအခါ အနီးထိုင်ခုံတွင် ထိုင်နေသောအဖိုးကြီးက“ဟေ့သူငယ်...ဟေ့သူငယ်....မင်းနမ်းတိုင်းပျောက်တယ်ဆိုရင်
ငါ့ရဲ့လိပ်ခေါင်းရောဂါကိုလည်းပျောက်အောင်လုပ်ပေးပါလားကွယ်...”လို့ပြောလိုက်ပါသတည်း။

Monday, August 17, 2009

" မေးကြည့်စမ်းပါ..."





“တစ်နှစ်”

ရဲ့တန်ဖိုးကို သိချင်ရင်...
စာမေးပွဲကျတဲ့ ကျောင်းသားကို
မေးကြည့်စမ်းပါ။


“တစ်လ”

ရဲ့တန်ဖိုးကို သိချင်ရင်...

လမစေ့ဘဲ ကလေးမွေးတဲ့ မိခင်ကို
မေးကြည့်စမ်းပါ။


“တစ်ပတ်”

ရဲ့တန်ဖိုးကို သိချင်ရင်...

အပတ်စဉ်ထုတ်ဂျာနယ် အယ်ဒီတာကို
မေးကြည့်စမ်းပါ။


“တစ်နေ့”

ရဲ့တန်ဖိုးကို သိချင်ရင်...

ကလေး ၆ ယောက်ကို ကျွေးနေရတဲ့ နေ့စားအလုပ်သမားကို
မေးကြည့်စမ်းပါ။

“တစ်နာရီ”
ရဲ့တန်ဖိုးကို သိချင်ရင်...
ဆုံစည်းခွင့်ကို စောင့်နေကြတဲ့ ချစ်သူများကို
မေးကြည့်စမ်းပါ။


“တစ်မိနစ်”
ရဲ့ တန်ဖိုးကိုသိချင်ရင်...
ရထားမမီလိုက်တဲ့ခရီးသည်ကို
မေးကြည့်စမ်းပါ။


“တစ်စက္ကန့်”

ရဲ့တန်ဖိုးကိုသိချင်ရင်...

ယဉ်တိုက်မှုနဲ့ သီသီလေးလွဲသွားတဲ့ ဒရိုင်ဘာကို
မေးကြည့်စမ်းပါ။


“တစ်မီလီစက္ကန့်”

ရဲ့ တန်ဖိုးကို သိချင်ရင်...

အိုလံပစ်ငွေတံဆိပ်ဆုရှင်ကို
မေးကြည့်စမ်းပါ။



Friday, August 14, 2009

ဒင်္ဂါပြားရဲ့ခေါင်းနဲ့ပန်း


စ်ခါတုန်းက.....
ညီအကိုနှစ်ယောက်ရှိပါတယ်။သူ့တို့ရဲ့မိဘများကွယ်လွန်သွားတော့ နှစ်ယောက်စလုံးဟာ
မိဘများထားခဲ့တဲ့ အမွေကိုအညီအမျှ ခွဲဝေယူကြပါတယ်။ အိမ်ကတစ်လုံးစီ၊ ဆန်စက်ကတစ်လုံးစီနဲ့ ဆန်ဂိုဒေါင်ကတစ်လုံးစီ ရကြပါတယ်။အကိုကတော့မိသားစုအစုံအလင်နဲ့ပါ။သားသမီးတွေကငါးယောက်တောင်
ရှိပါတယ်။ညီလေးမှာတော့လူပျိုကြီးပါ။ ညီလေးကစဉ်းစားပါတယ်...“ငါကတစ်ယောက်တည်းသမားဖြစ်တယ်၊
အကိုမှာကသားသမီးတွေအများကြီး၊ 
အမွေတွေကိုအညီအမျှခွဲဝေယူတာဟာမတရားသလိုဖြစ်နေတယ်။
မကောင်းပါဘူး” ဆိုပြီး ညရောက်တော့ ဆန်ဂိုဒေါင်ထဲကဆန်အိတ်တစ်အိတ်ကိုထမ်းပြီးအကိုဆန်ဂိုဒေါင်ထဲကို
တိတ်တဆိတ် သွားထည့်တယ်။ညတိုင်းဆန်တစ်အိတ်ထမ်းထမ်းပြီးသွားထည့်နေတာရက်ပေါင်းများစွာ။
ဒါပေမဲ့ ထူးဆန်းတာက သူ့ရဲ့ဆန်ဂိုဒေါင်မှာဆန်ကလျှော့မသွားတာပါပဲ။
အကိုကလည်းစဉ်းစားတယ်။ “ငါ့မှာကသားသမီးတွေအများကြီး၊အသက်ကြီးလာရင်ကျွေးမွေးစောင့်ရှောက်မဲ့လူတွေ
အများကြီးရှိတယ်၊ညီလေးမှာကငါ့လိုမရှိရှာဘူး၊ အမွေတွေအညီအမျှခွဲဝေယူတာကမမျှတသလိုဖြစ်နေတယ်၊
သူ့အတွက်တစ်ခုခုလုပ်ပေးမှဖြစ်မယ်” ညဥ့်သန်ခေါင်ကျော်တော့ သူ့ရဲ့ဆန်ဂိုဒေါင်တဲက ဆန်တစ်အိတ်ထမ်းပြီး
သူ့ညီလေးရဲ့ဆန်ဂိုဒေါင်ထဲသွားထည့်ပေးပါတယ်၊ညတိုင်းသွားထည့်ပေမဲ့သူ့ဆန်ဂိုဒေါင်ထဲမှာဆန်ကလျှော့မသွားဘူး၊
အံ့သြနေတာပေါ့၊ ဒါနဲ့ပဲ တစ်ညမှာတော့ ဆန်အိတ်ထမ်းပြီးအသွားမှာ...တစ်ခုခုနဲ့ဝင်တိုက်ပြီး လဲကျသွားပါတယ်၊ သေသေချာချာကြည့်လိုက်တော့...သူ့ညီလေးဖြစ်နေတယ်၊ ညီလေးမှာလည်း ဆန်တစ်အိတ်နဲ့လဲနေတယ်၊အဲဒီတော့မှ... တစ်ဦးကိုတစ်ဦး သဘောပေါက်ပြီး တင်းတင်းကြတ်ကြတ်ဖက်လိုက်ကြပါတယ်။

ပုံပြင်ကတော့ဒါပါပဲ၊ ကိုယ်ချင်းစာတဲ့စိတ်နဲ့မေတ္တာဟာ ဒင်္ဂါးပြားရဲ့ခေါင်းနဲ့ပန်းလိုကပ်နေတာပါ၊
အဲဒီစိတ်ဓါတ်တွေဟာလောကကြီးကိုလှပစေပါတယ်၊
ကိုယ့်ကြောင့်လောကကြီးကိုလှပစေချင်ရင် အဝေးကြီးကိုလှမ်းမျှော်ကြည့်ဖို့မဟုတ်ပါဘူး၊
အနီးဆုံးဖြစ်တဲ့ကိုယ့်နှလုံးသားကို မေတ္တာနဲ့အလှဆင်ဖို့ပါ၊
လူကြီးမင်းကရော...ဘယ်လိုမြင်ပါသလဲ....

Thursday, August 13, 2009

သမင်နဲ့အတူပြေး.....ခွေးနဲ့အတူလိုက်.....


တစ်ခါတုန်းက..တောလိုက်ခွေးတစ်ကောင်ဟာတောစပ်မှာသမင်တစ်ကောင်ကိုတွေ့ပါတယ်။ ဒီတော့တောလိုက်ခွေးကသမင်ကိုအစွမ်းကုန်လိုက်ပါတော့တယ်။ 

သမင်ကလည်းအစွမ်းကုန်ပြေးရတာပေါ့။ အတန်ကြာတော့ တောထဲရောက်သွားပါလေရောတဲ့။ သမင်ကတောလိုက်ခွေးကိုလှည့်ပြီးပြောပါတယ်။
“မင်းဘယ်လောက်လိုက်လိုက် ငါ့ကိုမမီနိုင်ပါဘူး”
တောလိုက်ခွေးက“ ဘာကြောင့်လဲ...”
သမင်က “မင်းလိုက်တာက တစ်နပ်စာအတွက်လိုက်တာလေ...
ငါပြေးရတာကတစ်သက်စာအတွက် ပြေးရတာဖြစ်လို့ပေါ့”

ပုံပြင်ကတော့ ဒါပါဘဲ။

ချစ်တဲ့အဖွားရဲ့ပေါင်ပေါ်မှာခေါင်းတင်ပြီးပုံပြင်ကိုနားထောင်ရတာဟာ 
အလွန်ကိုအရသာရှိလှပါတယ်။ ခုထိလွမ်းလို့ကောင်းတုန်းပါဘဲ။
ငယ်ငယ်တုန်းကတော့ ပြောတဲ့အကြောင်းအရာအပေါ်မှာပဲ စဉ်းစားတတ်တယ်။ 
ချဲ့ပြီးမစဉ်းစားတတ်ဘူး။
သမင်လေးလွတ်သွားလို့ပျော်တာလောက်ပဲရှိတယ်။ ခုတော့.....။
လူကြီးမင်းကရော...ဘယ်လိုစဉ်းစားမိပါသလဲ...
ခွေးနဲ့အတူ လိုက်နေတာလား...
သမင်နဲ့အတူ ပြေးနေတာလား...

ကြိုက်နှစ်သက်ရာကိုရွေးချယ်နိုင်ပါတယ်။

Wednesday, August 12, 2009

မြတ်ဗုဒ္ဓ၏အဆုံးအမ



မကောင်းမှုရှောင်၊

ကောင်းမှုဆောင်၊
ဖြူအောင်စိတ်ကိုထား။
ပြောပြုတွေးလျှင်သတိယှဉ်
ဆင်ခြင်ဥာဏ်ရှေ့သွား။
စိတ်ထားဖြောင့်မှန်၊
ခွင့်လွှတ်ရန်၊
သည်းခံမေတ္တာထား။
လုံ့လနှင့်ဇွဲ၊မလျော့ဘဲ၊
အမြဲတင်းတင်းထား။
အရာရာတွင်...
အသုံးဝင်...
အောင်မြင်ကြောင်းတရား။
(ချမ်းမြေ့ဆရာတော်)

သင်းချိုင်းလေးတစ်ခုရဲ့အုတ်ဂူလေးမှာရေးထားသည့်စာ



မိတ်ဆွေ.....

ငါ့အနားကဖြတ်သွားတဲ့အခါ...
သတိပြုလိုက်စမ်းပါ။
ငါလည်းပဲ တစ်ချိန်တုန်းက
သင့်လိုပဲ အသက်ရှင်ခဲ့ဘူးတာပဲ။
သင်လည်းပဲ တစ်နေ့ကျရင်...
အခုငါ့လိုဖြစ်လာမှာပါ။
ပြင်ဆင်စရာရှိသမျှ
ပြင်ဆင်ပြီးရင်...
ငါ့နောက်လိုက်ခဲ့ပေါ့။

Monday, August 10, 2009

အချိန်ဆိုတာ.....




အချိန်ဆိုတာ....
စောင့်ဆိုင်းနေသူအတွက်

နှေးကွေးလွန်းလှပါတယ်။

အချိန်ဆိုတာ.....
ကြောက်ရွံ့နေသူအတွက်

မြန်ဆန်လွန်းလှပါတယ်။

အချိန်ဆိုတာ.....
ဝမ်းနည်းပူဆွေးနေသူအတွက်

ရုည်ကြာလွန်းလှပါတယ်။

အချိန်ဆိုတာ.....
ပျော်ရွှင်ကြည်နူးနေသူအတွက်

တိုတောင်လွန်းလှပါတယ်။
အချိန်ဆိုတာ.....
ချစ်နေကြသူတွေအတွက်ကတော့

ထာဝရပါပဲကွယ်။

Thursday, August 6, 2009

တားမရဘူး


တစ်နေကွယ်...
သေနယ်သို့တစ်ခါကူး
မေ့လျော့ကာမသေဘူး
မထင်ပါလေနှင့်၊
နေကွယ်တာကြိမ်ဖန်များလျှင်ဖြင့်
သေနယ်ရွာအမှန်သွားရလိမ့်မယ်
တားမရဘူး......။

Tuesday, August 4, 2009

“ ရိုးသားမှုဆိုတာ......”

ကျနော် ငယ်ငယ်က ပုံပြင် နားထောင်ရတာကို အလွန်နှစ်သက်ခဲ့ပါတယ်၊
ကျနော်ကြားဖူးနားဝပုံပြင်တစ်ချို့ကို မျှဝေပေးလိုက်တာပါ၊
ဘယ့်သူ့ကိုမှထိခိုက်စေတဲ့စေတနာမရှိပါဘူး၊
လူသားတွေအားလုံး ရီမောပျော်ရွှင်နိုင်ကြပါစေ။



“ ရိုးသားမှုဆိုတာ......
တစ်ခါတုံးက...အလွန်ရိုးသားတဲ့သစ်ခုတ်သမားတစ်ယောက်ရှိတယ်၊ ရိုးသားသလောက်လည်း ဆင်းရဲရှာပါတယ်၊ ဆင်းရဲရှာတော့ တောထဲသွားပြီး သစ်ခုတ်ရပါတယ်၊
တစ်နေ့တော့ မြစ်ကမ်းနဘေးမှာ သစ်ခုတ်နေတုံး သူ့ရဲ့ပေါက်ဆိန်ဟာအရှိန်လွန်ပြီး မြစ်ထဲကျသွားပါလေရော၊ သူ့ရဲ့ပေါက်ဆိန်ကိုနှမြောတာလား၊
သူ့မိန်းမ ဆူမှာကြောက်တာလား၊ မပြောတတ်ပါဘူး၊
ကြံရာမရဖြစ်ပြီး ထိုင်ငိုနေတော့တာပဲ။
အဲဒီအချိန်မှာပဲ မမျှော်လင့်ပဲ နတ်သားတစ်ပါးဟာ ဘွားကနဲပေါ်လာပါတယ်၊“ ဘာဖြစ်လို့ငိုနေတာလဲ” လို့မေးတာပေါ့၊ အဖြစ်မှန်ကိုသိတော့ မြစ်ထဲက ရွှေပေါက်ဆိန်တစ်ခုကို ဆယ်ပြီး ပေးလိုက်ပါတယ်၊ သစ်ခုတ်သမားက“သူ့ပေါက်ဆိန်မဟုတ်ဘူး” လို့ငြင်းလိုက်ပါတယ်၊ ဒါနဲ့ဘဲ နတ်သားက နောက်တစ်ကြိမ် ငွေပေါက်ဆိန်ကို ဆယ်ပေးပြန်တယ်၊ သစ်ခုတ်သမားက“ သူ့ဟာမဟုတ်ဘူး” ငြင်းပြန်ပါတယ်၊ နောက်ဆုံးအကြိမ်မှာတော့ သံပေါက်ဆိန်ကို ဆယ်ပေးပါတယ်၊ ဒီအကြိမ်မှာတော့ သစ်ခုတ်သမားဟာ သူ့ပေါက်ဆိန်ဆိုပြီးယူလိုက်ပါတယ်၊ နတ်သားဟာ သစ်ခုတ်သမားရဲ့ ရိုးသားမှုကို သဘောကျပြီး ပေါက်ဆိန် သုံးခုစလုံးကိုပေးလိုက်ပါတယ်။
ဒါနဲ့ဘဲ ကာလအတန်ကြာသွားတဲ့ တစ်ချိန်မှာတော့ သစ်ခုတ်သမားနဲ့ သူ့ရဲ့မိန်းမ ၀၀တုတ်တုတ် ဟာ မြစ်ကူးတံတားကဖြတ်လျှောက်သွားတုံး ဖြူန်းကနဲ မိန်းမဟာ မြစ်ထဲပြုတ်ကျသွားရောတဲ့၊ သစ်ခုတ်သမားဟာ ထုံစံအတိုင်း ထိုင်ငိုနေပါတယ်၊ နတ်သားဟာလည်း ထုံစံအတိုင်းရောက်လာပြန်ပါတယ်၊ အကျိုးအကြောင်းကို မေးပြန်ပါတယ်၊ မိန်းမဟာမြစ်ထဲကကျသွားလို့ငိုနေတာသိတော့ မြစ်ထဲက သက်မွန်မြင့် လိုအလွန်ချော အလွန်လှတဲ့မိန်းမတစ်ယောက်ကိုဆယ်ပေးပြီး“ ဒါ မင်းမိန်းမလား”လို့မေးသတဲ့၊ သစ်ခုတ်သမားဟာ “ဟုတ်တယ် ”ဆိုပြီး ယူထားလိုက်ပါတယ်။ ဒီတော့နတ်သားက မင်း ပေါက်ဆိန်ကျသွားတုံးက ရိုးသားတယ်၊ ခုမိန်းမ ကျသွားတော့ မရိုးသားဘူး၊ လို့ပြောတော့ သစ်ခုတ်သမားရဲ့ ပြန်ပြောတဲ့စကားက..
“.အသင်နတ်သား ကျနော် မရိုးသားတာမဟုတ်ပါဘူး၊ ကျနော်က မဟုတ်ဘူးလို့ပြောရင် နောက်အလွန်လှပတဲ့ မော်ဒယ်ဂဲလ်နဲ့တူတဲ့မိန်းမ တစ်ယောက် ကိုဆယ်ပေးအုံးမယ်၊
နောက်ဆုံးကျမှ ကျနော်ရဲ့မိန်းမ ကိုဆယ်ပေးပြီး ရိုးသားတယ်ဆိုပြီး အဲဒီ မိန်းမတွေ အားလုံးကို ပေးရင်အခုလိုခေတ်ကြတ်ကြီးမှာ မိန်းမ သုံးယောက်ကိုရှာမကျွေးနိုင်လို့ အရင်ဆုံးပေးတဲ့ မိန်းမကို ယူလိုက်ရတာပါ ”လို့ပြောလိုက်ပါတယ်။

“ အရက်ပဲ သောက်ကြမလို့ လား?”



လေယာဉ်ခရီးစဉ်တစ်ခုတွင်တကယ်ဖြစ်ခဲ့တဲ့အဖြစ်အပျက်ဖြစ်ပါတယ်။

လေယာဉ်ဟာပြေးလမ်းပေါ်တက်ပြီး အမြင့်ပေတစ်သောင်းကို ရောက်တော့မှ

လေယာဉ်ပေါ် လိုက်ပါလာတဲ့ ခရီးသည် တစ်ရာအနက် လေးဆယ်အတွက်သာ

ကျွေးစရာ အစားအစာ ပါလာကြောင်း သိလိုက်ရတယ်။

ထိုအခါလေယာဉ်မယ်ကမိုက်ကရိုဖုန်းကတစ်ဆင့် ကြေညာတယ်။


“ လေးစားအပ်တဲ့ ခရီးသည်များရှင့်

တခြားခရီးသည်တွေ စားပါစေ ဆိုတဲ့ စေတနာနဲ့

ကိုယ့်နေ့လယ်စာကို စွန့်လွှတ်တဲ့ခရီးသည်ကို

ခရီးစဉ်တစ်လျှောက်လုံး ကြိုက်ရာအရက်ကို အခမဲ့တိုက်မယ် ဖြစ်ပါတယ်ရှင့်”


နောက်တစ်နာရီအကြာတွင် မိုက်ကရိုဖုန်းမှ အသံမြည်လာပြန်တယ်။


“ခရီးသည်တွေထဲက စိတ်ပြောင်းတဲ့သူများ ရှိမယ်ဆိုရင်

လူ ၃၀-စာကျွေးစရာ ကျန်ပါသေးကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်”

ခြင်္သေ့လား....?.ကြွက်လား.....?




ခြင်္သေ့ဟာတောရဲ့ဘုရင်ဖြစ်တယ်။
တိရစ္ဆာန်တွေကြားမှာ အငြင်းပွားမှုတစ်ခုဖြစ်နေတယ်။
ဒါနဲ့ပဲ တိရ စ္ဆာန်တွေ က သူတို့ရဲ့ ဘုရင်ခြင်္သေ့ကို
မေးခွန်းတစ်ခုကို ဝိုင်းမေးပါတယ်။

“ကြောင်မည်းတစ်ကောင် ဖြတ်သွားရင်
ကံဆိုးမိုးမှောင်ကျမယ့် နိမိတ်လို့ဆိုကြတယ်။
အဲဒါ ဟုတ်ပါသလား? ခြင်္သေ့မင်း”

“ဒါက ခင်ဗျားဟာ ခြင်္သေ့လား၊
ဒါမှမဟုတ်
ကြွက်လားဆိုတဲ့ အပေါ်မှာ တည်ပါတယ်။”

နိမိတ်ဆိုးကို ယုံကြည်ခြင်းဟာ အယူသည်းမှု သက်သက်သာဖြစ်တယ်။
အယူသည်းတာဟာ အသိဉာဏ်နည်းပါးခြင်း လက္ခဏာတစ်ခုဖြစ်တယ်။
ဉာဏ်ရှိရင် သိနိုင်ပါတယ်။
လူတိုင်းဉာဏ်နဲ့ယှဉ်ပြီးဝေဖန်ပိုင်းခြားတတ်ကြပါစေ။
လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com