Saturday, February 9, 2013

"အမေ့ထံသို့ ပေးစာများ- ၇၃..."





သို့
                                     ချစ်တဲ့အမေ                                   
သားသတိတရ စာရေးလိုက်ပါတယ်။
အမေ နေကောင်းလား။
ဒီနှစ်သစ်မှာတော့ ကျနော်တို့တွေ ကျန်းမာရေးမှာ ဒေါင်ဒေါင်မြည်နေပါတယ်။
ချီကာဂိုက ပြန်လာပြီး အဝတ်အစားတွေ ကောက်သိမ်းရပြီလေ။
အလုပ်ပြောင်းတော့ နေရာလည်း ပြောင်းဖို့ဖြစ်လာတယ်။
သူ့အလုပ်က ထွက်သွားသူကို အကြာကြီးထားချင်ပုံမရပါဘူး။
ဒါလည်း သဘာဝကျပါတယ်။
ဇန္နဝါရီလ ၃ရက်နေ့ဟာ ရုံးဖွင့်ရက်ဖြစ်တာမို့ ရုံးလုပ်ငန်းတွေကိုလုပ်ရတယ်။
စာကြည့်တိုက်က ငှားထားတဲ့စာအုပ်တွေ အားလုံးကို ပြန်အပ်ရတယ်။
ဘဏ်စာရင်းပိတ်ရတယ်။ ကျနော်တို့သွားမယ့်နေရာမှာ chase ဘဏ်မရှိတော့
ဘဏ်စာရင်းပိတ်ဖို့ဖြစ်လာတယ်။ စာရင်းသာ မပိတ်လိုက်ရင်လည်း အသွင်းအထုတ်လုပ်ဖို့ခက်လာလိမ့်မယ်လို့ သူငယ်ချင်းကပြောတယ်။
ပြီးတော့ ဘဏ်ဆိုတာကလည်း စာရင်းမပိတ်လို့ သတ်မှတ်ထားတဲ့ငွေကြေးမရှိရင် အလိုလိုနေရင်း
ငွေတိုးတွေတက်နေတာ။ ရောက်စတုန်းက ဘဏ်တစ်ခုမှာ စာရင်းဖွင့်ဖူးတယ်။
ဝယ်ဖါကို(Wells Fargo)ဆိုတဲ့ဘဏ်မှာလေ။ ဘဏ်ရဲ့လုပ်ထုံးလုပ်နည်းတွေကို
သူတို့ကလည်း ရှင်းမပြဘူး။
ကျနော်တို့ကလည်း နားမလည်ဘူး။ ငွေကို သုံးလိုက်တိုင်း အပိုကြေးတွေပေးပေးနေရတယ်။
saving account နဲ့ checking account ကိုနားမလည်ပဲ ငွေသွင်းပြီး ငွေတွေကို သုံးမိနေလို့လေ။
အဲဒီအချိန်မှာ ကိုယ့်ငွေတော်တော်များများဟာ ဘဏ်က စားသွားပြီ။
ကယ်လီဖိုးနီးယားကနေပြောင်းတော့ အဲဒီဘဏ်စာရင်းပါပိတ်လိုက်တယ်။
ဝန်ဆောင်မှု ညံ့တဲ့စာရင်းထဲ အဲဒီဘဏ်ကို ထည့်လိုက်တယ်။
မစ်ချီဂန်မှာတော့ ချေ့(Chase)ဘဏ်ကို အသုံးပြုတယ်။
ချေ့က ဝန်ဆောင်မှုကောင်းတယ်။ သိချင်တာကို ရှင်းပြတယ်။
လုပ်ချင်တာကိုလည်း လုပ်ပေးတယ်။
စိတ်ချမ်းသာရတယ်။
ဒါပေမယ့် အခုသွားမယ့်နေရာမှာ ချေ့ဘဏ်မရှိဘူးပြောတော့ ဘဏ်စာရင်းကိုပိတ်လိုက်ရတယ်။
နောက်ဘဏ်တစ်ခုကိုပြောင်းလိုက်ရတယ်။
Bank of America ကိုပြောင်းတယ်။
ဝန်ဆောင်မှုမှာတော့ ချေ့ဘဏ်ကို မမီသလို ဝယ်ဖါကိုထက်တော့ သာတယ်လို့ခံစားမိတယ်။
“သေနတ်တစ်လက်ရှိရင် ဘဏ်ကို ဓားမြတိုက်လို့ရတယ်။ ဒါပေမယ့်
ဘဏ်တစ်ခုရှိရင် လူတိုင်းဆီက ဓားမြတိုက်လို့ရတယ်” ဆိုတာကို
အသိတစ်ယောက်ဆီက ကြားခဲ့ဖူးတယ်။အခုမှ နားလည်လာသလိုဖြစ်လာတယ်။
လူဆိုးလုပ်စားတာထက် သူဋ္ဌေးလုပ်စားရတာ ပိုကောင်းတယ်လို့ပြောချင်တာများလား။
ခက်တာက အမေရိကားမှာ ဘဏ်မှာ ငွေကို မထားရင် မဖြစ်အောင်စီစဉ်ထားတဲ့သဘောဖြစ်နေတယ်။
ခရီးရှည်သွားရမှာမို့ ကားကိုလည်း အသေးစိတ် စစ်ဆေးမှုလုပ်လိုက်တယ်။
အားလုံးကောင်းတယ်ဆိုတော့မှ စိတ်အေးသွားတယ်။
မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးနေ့မှာတော့ ကျနော်တို့ ကားတစ်စီးနဲ့ခရီးထွက်ခဲ့တယ်။
အခုသွားရမှာက မြောက်ကာရိုးလိုင်းနားဆိုတော့ မစ်ချီဂန်နဲ့ဆို မိုင်ပေါင်း တစ်ထောင်လောက်ရှိတယ်။
မိုင်တစ်ထောင်ခရီးကို ကားမောင်းသွားတဲ့အတွေ့အကြုံမရှိဘူးသေးတော့
စိတ်လှုပ်ရှားမိတာ အမှန်ပါပဲ။
ချီကာဂိုကို သွားတဲ့အတွေ့အကြုံကတော့ ကိုယ့်ကိုယ်ကို ကိုယ်ယုံကြည်မှုဖြစ်စေတယ်။
ဒီခရီးအတွက်လည်း အထောက်အပံ့ဖြစ်စေတယ်။
ဒီခရီးကိုလည်း အေးအေးဆေးဆေး မောင်းသွားမယ်လို့ စိတ်ကူးတယ်။
လိုအပ်ရင် လမ်းမှာ တစ်ညအိပ်ဖို့လည်း အစီအစဉ်ထဲ ဆွဲထားတယ်။
ခရီးတစ်ဝက်ဖြစ်တဲ့ Knoxville မှာ ညအိပ်ဖို့ Holiday Inn ရဲ့လိပ်စာကို GPS မှာ ရိုက်ထည့်လိုက်တယ်။
အမေရိကားမှာတော့ GPS ဟာ မိတ်ဆွေကောင်းတစ်ယောက်လို အားကိုးရတယ်အမေရေ့။
လိပ်စာအတိအကျကိုသာ ရိုက်ထည့်လို့ကတော့ သွားချင်တဲ့နေရာကို
အရောက်ပို့ပေးပါလိမ့်မယ်။
နံနက် ၁၁-နာရီကျော်ကျော်မှာ မစ်ချီဂန်ပြည်နယ်ရဲ့အရှေ့လင်စင်းမြို့ရဲ့အိမ်က စတင်ထွက်ခွာခဲ့တယ်။
တစ်မြို့လုံးကို ထုံးဖြူးထားသလို ဖွေးဖွေးကို ဖြူလို့။
မစ်ချီဂန်ရဲ့ဆောင်းသရုပ်က ပီပြင်လှတယ်။
အေးချမ်းလှတဲ့မြို့လေးကို ခွဲခွာရတော့ စိတ်ထဲမှာ လွမ်းသလိုလိုဖြစ်လိုက်သေးတယ်။
ဘာလွမ်းမှန်းလည်း မသိဘူး။
ကျနော့်ရဲ့အနားမှာလည်း ချစ်ဖို့ကောင်းတဲ့ဇနီးသည်က ပါလာတော့ လွမ်းနေချိန်လည်း သိပ်မရလိုက်ပါဘူး။
စကားတပြောပြောနဲ့ထွက်လာခဲ့တယ်။
စကားပြောဖော်ပါလာတော့ အိပ်မငိုက်တော့ဘူးပေါ့။
အမေရိကန်မှာ ကားတွေကလည်း များလိုက်တာ။
လမ်းတွေကလည်းကောင်းလိုက်တာ။
လမ်းစည်းကမ်း၊ယာဉ်စည်းကမ်းတွေကလည်း ကောင်းတော့
လမ်းမှာ တစ်ခုခုဖြစ်နေတဲ့မြင်ကွင်းကို မတွေ့ရသလောက်ပါပဲ။
အဲဒါကိုက စိတ်ချမ်းသာဖို့ကောင်းတယ်။
မကြာခင်မှာပဲ မစ်ချီဂန်ပြည်နယ်က လွန်လာပြီး အိုဟိုင်းရိုပြည်နယ်(OHIO)ထဲရောက်လာတယ်။
OHIO ပြည်နယ်ဟာ အဆောက်အဦးတွေက နည်းနည်းလာပြီး လယ်ကွင်းပြင်တွေ ပိုတွေ့လာတယ်။
တစ်ဖက်တစ်ချက်မှာ လွင်ပြင်ကျယ်တွေတွေ့ရပြီး ဆီးနှင်းတွေကလည်း ထူထူထပ်ထပ်ကျထားတော့
မြင်သမျှဟာ ဖြူဖွေးနေတော့တာပဲ။



လေကလည်း အရမ်းတိုက်တော့ ဆီးနှင်းတွေဟာ ကားလမ်းပေါ်မှာ ပြန့်ကျဲနေတယ်။
တော်တော်အေးမယ့်ပုံ။
ကားကို အလုံပိတ်ပြီး အပူပေးထားတော့ အအေးကို မသိပေမယ့်မြင်ကွင်းတွေက
အအေးပြင်းထန်မယ့်ပုံရိပ်တွေကို မြင်ရတယ်။
OHIO ပြည်နယ်ရဲ့ဒေတန်မြို့(DAYTON)ကိုရောက်တော့ နေ့လည် ၃-နာရီကျော်နေပြီ။
ဆာလာတာနဲ့ မက်ဒေါနားစားသောက်ဆိုင်တစ်ဆိုင်ထဲဝင်ပြီး နေ့လည်စာကို စားဖြစ်တယ်။
အဲဒီစားသောက်ဆိုင်မှာ စားနေတုံး သူငယ်ချင်းဆီက ဖုံးဝင်လာတယ်။
“နံနက်ဖြန်မှာ အလုပ်တစ်ခုပေါ်လာတဲ့အတွက် ဒီည အရောက်မောင်းနိုင်ရင် ကောင်းမယ်” တဲ့။
“ဒီည ရောက်ခဲ့ရင် နံနက်ဖြန်မှာ ဝါရှင်တန်ဒီစီ(WASHIOTON DC)ကို တက်မယ်” တဲ့။
ဒါနဲ့ပဲ လမ်းမှာ ညအိပ်ဖို့ အစီအစဉ်လည်း ပျက်သွားတော့တယ်။
အေးအေးဆေးဆေး ခရီးသွားတဲ့ပုံစံလည်း ပျက်သွားတယ်။
မိုးမလင်းခင် ရောက်မှဖြစ်မယ်ဆိုတဲ့စိတ်နဲ့ ဆက်တိုက်ဆိုသလို မောင်းလာခဲ့တယ်။
ကင်တပ်ကီပြည်နယ်(KENTUCKY)ကိုဖြတ်ပြီး တင်နက်ဆီပြည်နယ်(TENNESSEE)
နော့ဗေးလ်မှာ ဆီဝင်ဖြည့်တယ်။



အဲဒီရောက်တော့ မိုးချုပ်နေပြီ။
ညစာကိုတော့ ကားပေါ်မှာပဲ ဖြစ်သလိုစားလိုက်တယ်။
ဆက်တိုက်မောင်းလာလိုက်တာ နံနက် ၅း၀၀နာရီကျော်တော့မှ
မြောက်ပိုင်း ကာရိုးလိုင်းနားပြည်နယ်မှာ ရှိတဲ့ ကယ်ရီဆိုတဲ့မြို့ကို ရောက်တယ်။
သူငယ်ချင်းက ထွက်လာပြီး ကြိုဆိုပါတယ်။
မိုင်တစ်ထောင်ပတ်ဝန်ကျင်ခရီးကို ဆက်တိုက်မောင်းလာတဲ့အတွက်
“မင်းရဲ့ကားက တော်တော်ပြေးတာပဲ” လို့ချီးကျူးရှာပါတယ်။
ဒီလောက်ခရီးကို ပထမဆုံးအကြိမ်မောင်းလာခဲ့တဲ့သူကိုတော့
ချီးကျူးစကားပြောဖို့ မေ့နေဟန်တူတယ်။
မေ့နေတယ်ဆိုတာထက် လူကို ချီးကျူးဖို့ ဝန်လေးနေပုံရပါတယ်။
ဒါနဲ့များအစားအသောက်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းနေတာကို အံ့သြမိတယ်။
ချီးမွမ်းစကား မပြောပဲနဲ့ လူတွေကို ဘယ်လိုဝန်ဆောင်မှု လုပ်နေပါလိမ့်။
ပြီးတော့ ပြောစရာတွေပြောပြီး ၈း၀၀နာရီမှာ ခရီးဆက်ထွက်ရမှာမို့
ခဏအိပ်ဖို့ အချိန်ပေးတာနဲ့ အိပ်လိုက်တာ သူငယ်ချင်း လာနှိုးတော့မှ နိုးတော့တယ်။
နံနက်စာ စားပြီး သူငယ်ချင်းရဲ့အမျိုးသမီး(Girl-friend)ရဲ့ကားနဲ့ထွက်ခဲ့တယ်။
ဒီမှာတော့ ကျနော်က ကားမောင်းစရာမလိုတော့ပါဘူး။
သူငယ်ချင်းရဲ့အမျိုးသမီးကားကို သူငယ်ချင်းက မောင်းတော့
 လမ်းမှာ အားရပါးရ အိပ်လိုက်လာခဲ့တယ်။
ဒီမှာတော့ မြောက်ပိုင်းကာရိုလိုင်းနားကနေ ဗာဂျီးနီးယားပြည်နယ်(Virginia)ကိုဖြတ်၊
ပြီးတော့ ဝါရှင်တန်ဒီစီကိုဝင်၊
ဒီမှာလည်း မိုင်ပေါင်းက သုံးရာနီးပါး။
ကျနော်တို့ ညမအိပ်ပါဘူး။ ဆိုင်ကိုကြည့်ပြီးနေ့ချင်းပြန်လာခဲ့တယ်။
အသွားအပြန်ဆိုရင် မိုင်ခြောက်ရာနီးပါး။
ဒီနှစ်တော့ ခရီးသွားရမယ့်နှစ်လားမသိပါဘူး။
ကားတစ်စီးပေါ်က နောက်တစ်စီး၊
ပြည်နယ်တစ်ခုကနေ နောက်ပြည်နယ်တစ်ခု၊
ရောက်တဲ့စားသောက်ဆိုင်မှာ စား။
မြန်မာလူမျိုးဆိုတော့ မြန်မာအစားအစာဖြစ်တဲ့ထမင်းကို အရင်ဆုံးရှာတာပေါ့။
ထမင်းမရှိတော့မှ အခြားအစားအသောက်ကို စဉ်းစားဖြစ်ပါတယ်။
ဝါရှင်တန်ဒီစီရောက်တော့ မြန်မာထမင်းဆိုင်တစ်ခုရှိတယ်ဆိုတာနဲ့
နေ့လည်စာအဖြစ် သွားပြီးစားဖြစ်တယ်။
မြန်မာပြည်ကိုလွမ်းနေတာနဲ့ မြန်မာထမင်း၊ဟင်းကို အားရပါးရစားလိုက်ရတာ
မြိန်လိုက်တာ အမေရယ်။
အမေ့ရဲ့လက်ရာနဲ့တူတယ်။
အမေ့ကို သတိရတယ်။
သတိရတာထက် လွမ်းတယ်လို့ပြောရင် ပိုမှန်လိမ့်မယ်ထင်ပါတယ်။

အမေ့ကို ချစ်တဲ့သား
အောင်ဝင်းဟိန်း
ကာရီမြို့၊
မြောက်ပိုင်းကာရိုးလိုင်းနားပြည်နယ်၊
အမေရိကန်ပြည်ထောင်စု။
၂-၉-၂၀၁၃



ဗီယမ်းနား(Vienna)မှာ ရှိတဲ့မြန်မာထမင်းဆိုင်


Sunday, January 27, 2013

"အမေ့ထံသို့ ပေးစာများ-၇၂..."




သို့
ချစ်တဲ့အမေ
သားသတိတရ စာရေးလိုက်ပါတယ်။
အမေများနေ့ဟာ တစ်နှစ်မှာ တစ်ရက်ပဲရှိတယ်။
ကျနော့်အတွက်တော့ အမေများနေ့ဟာ တစ်နှစ်လုံးရှိနေတယ်။
အမေ့ကို နေ့တိုင်း သတိရတယ်။
ဘာဘဲလုပ်လုပ် အမေ့စကားကို နေ့တိုင်းကြားတယ်။
ဘယ်ပဲသွားသွား အမေ့အားပေးစကားကြောင့် သွားရဲနေတာ။
ရှေ့တိုးဖို့ ကြုံလာတိုင်း အမေ့စကားကြောင့် ရှေ့တိုးဖြစ်နေတာ။
ဘာပဲစားစား အမေ့ကို သတိရတယ်။
အော်…သတိရတုန်း ပြောရဦးမယ်။
ချီကာဂို သွားတဲ့အကြောင်း။


ကမ္ဘာပေါ်မှာ အမြင့်ဆုံးစာရင်းဝင်တဲ့ ဝီလ်လစ်မျှော်စင်က ဆင်းလာတော့
ချီကာဂိုမှာ သွားသင့်တဲ့နေရာ ငါးခုပါတဲ့လက်မှတ် နှစ်စောင်ကို ကိုင်ပြီး
သွားစုံစမ်းတယ်။
“ဒီလက်မှတ်က တစ်နှစ်လုံး အသုံးပြုနိုင်တယ်။
ဒီနေ့အတွက်တော့ သွားဖို့အစီအစဉ်ကို မစီစဉ်ပေးဘူး။
သွားချင်ရင် ကိုယ့်အစီအစဉ်နဲ့ကိုယ်သွားရမယ်” တဲ့။
စီစဉ်ပေးတဲ့အချိန်တွေက ကိုယ်က ဒီမှာ မရှိတော့တဲ့အချိန်တွေ ဖြစ်နေတယ်။
လက်မှတ်ဝယ်ပြီးမှ ဒီအကြောင်းကို သိရတယ်။
မေးကြည့်တော့မှ သိရတယ်။ ကဲ…ဘာလုပ်မလဲ။
ဒီတစ်နှစ်အတွင်း ဒီနေရာကို ပြန်ရောက်ဖို့ဆိုတာ မသေချာဘူး။
ဒါကြောင့် အငှားယာဉ်ကို ငှားပြီး ဆက်သွားဖို့ဆုံးဖြတ်ရတော့တယ်။
လက်မှတ်အရ အရင်ဆုံးသွားဖြစ်တာက ပြတိုက်(The Field Museum)။
ပြတိုက်ဆိုတာ ဒီမြို့ရဲ့ထူးခြားတဲ့သမိုင်းကြောင်းကို ပြထားတာ များပါတယ်။
ကျနော်က ပြတိုက်ကို စိတ်ဝင်စားတယ်။
ပြတိုက်ထဲဝင်ကြည့်ရင် သမိုင်းစာအုပ်တစ်အုပ်ကို ဖတ်နေရသလို ခံစားမိတယ်။



နောက် တစ်နေရာက ငါးပြတိုက်(Shedd Aquarium)။
ငါးအမျိုးပေါင်း မြောက်များစွာကို ပြထားတယ်။
ထူးခြားတာက အာဖရိကက ငါးမျိုးကို ပြရင် အဲဒီအာဖရိကနေရာကို ရောက်နေသလို
အာဖရိက မြင်ကွင်း၊ ပတ်ဝန်ကျင် နေရာအနေအထား၊
ငါးများရှင်သန်နိုင်တဲ့ ရာသီဥတု။
အားလုံးကို အကုန်အကျခံပြီး စီစဉ်ပြထားတာကို မြင်ရတယ်။
ဒီပြတိုက်ထဲဝင်လိုက်တာနဲ့ ကမ္ဘာ့နေရာအနှံ့အပြားကို ရောက်သွားသလို ခံစားမိလာတယ်။
အချို့ ငါးမျိုးစုကို မမြင်ဖူးဖူး။
လာရောက်ကြည့်သူတွေကတော့ အများအပြားပါပဲ။
လူတွေက ရေအောက်ကမ္ဘာကိုရောက်နေသလို မှန်ထူထူအောက်က ကြည့်နေရတယ်။
ငါးတွေက အပေါ်မှာ ကူးခတ်နေလေရဲ့။



မှန်တွေကလည်း ရေရဲ့အားကို ခံနိုင်ရည်ရှိအောင် ထူပေမယ့် မြင်ကွင်းက ကြည်လင်လှတယ်။
ရုပ်ရှင်တွေထဲမှာတော့ မြင်ဖူးပါရဲ့။
အခုတော့ ကိုယ်တိုင်ရောက်နေရတယ်။
မြင်ဖူးတာနဲ့ကိုယ်တိုင်တွေ့ထိတွေ့ခံစားရတာက အများကြီးကွာခြားပါတယ်။
လာကြည့်ကြတဲ့ကလေးလေးတွေကတော့ ပျော်လို့၊ရွှင်လို့။
ကလေးတွေမပြောပါနဲ့။ ကျနော်တို့တောင် ပျော်မိပါတယ်။
ပြီးတော့ နေရာအနှံ့အပြားမှာ ဓာတ်ပုံတွေ အများကြီးရိုက်လာခဲ့တယ်။
အဲဒီဓာတ်ပုံတွေကို အမေ့ဆီ ပို့ပေးလိုက်ပါ့မယ်။
ငါးပြတိုက်ကထွက်တော့ မိုးချုပ်နေပြီ။
ရာသီဥတုက အေးလိုက်တာလည်း မစ်ချီဂန်ထက်ပိုတယ်လို့ခံစားမိတယ်။
မစ်ချီဂန်မှာ ဝယ်ဝတ်တဲ့အနွေးထည်ကို ဖေါက်ထွင်းပြီးတော့ကို အေးတာအမေရေ့။
ကျနော်တို့ရဲ့ခေါင်းမှာလည်း အက်စကီးမိုးတွေဆောင်းတဲ့ခေါင်းဆောင်းနဲ့။
ဒါလည်း အေးစိမ့်နေတုန်းပဲ။
ဝင်ရိုးစွန်းဒေသကိုများရောက်နေသလားလို့အောက်မေ့မိတယ်။



ကျနော်တို့ကားထားတဲ့ ပါကင်ကိုသွားဖို့ အငှားယာဉ်(Taxi) ကိုငှားတော့
တန်းစီရတယ်။ကိုယ့်လို တန်းစီနေတဲ့လူတန်းကြီးက အရှည်ကြီးပဲ။
အမိုးအကာလည်း မရှိတော့ အေးလိုက်တာ။
အငှားယာဉ်ရပြန်တော့ သွားမယ့်နေရာကို ကောင်းကောင်းမမှတ်မိတော့ဘူး။
ထင်ရှားတဲ့ Holiday Inn ဟော်တယ်အနီးလို့သာ မှတ်မိတော့တယ်။
ကားဆရာကလည်း အဲဒီအနီးကိုပဲ ပို့ပေးတယ်။
အမှောင်ထဲမှာဆိုတော့ ကားပါကင်ကို ရှာရတာ ဖတ်ဖတ်ကိုမောသွားတာပဲ။
ဆောင်းရာသီမှာ စိတ်စောနေတဲ့အတွက် ဇောချွေးများတောင် ပြန်ချင်တယ်။
အဲဒီတုန်းက ကိုယ့်ကားကို ကိုယ်တွေ့တာလောက် ဝမ်းသာစရာကောင်းတာ
ရှိမယ်တောင် မထင်ဘူး။
ပြန်တွေ့ပေလို့ပေါ့၊ မတွေ့ခဲ့ရင် နောက်တစ်နေ့နံက်မှ ပြန်ရှာရမယ်။
အဲဒီညတော့ ဟော်တယ်မှာ အိပ်မယ်လို့တောင် တွေးထားတယ်။
ကားကို ပြန်တွေ့လည်း ဟော်တယ်မှာ အိပ်လို့ရပါတယ်လို့ ယုံယုံကိုပြောတော့
သူမက ကိုယ်တိုင်ငွေရှာခဲ့တော့ ငွေကြေးတန်ဖိုးကို သိတယ်။
မလိုအပ်ပဲ ငွေကုန်မခံချင်ဘူးလို့ပြောတာနဲ့ကျနော်တို့
ညတွင်းချင်း ကားမောင်းပြီးပြန်ခဲ့တယ်။
ကားလမ်းတွေလည်း ကောင်းတော့ နေ့နေ့ညည ကားမောင်းရတာ
အခက်အခဲမရှိလှပါဘူး။
ကားလမ်းတွေလည်း ကျယ်ဝန်းလှတယ်။
ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်းပုဒ်တွေလည်း တစ်လမ်းလုံးမှာ
လိုအပ်သလို ဆိုက်ထူထားတော့ အစဉ်ပြေလှပါတယ်။
တစ်ညလုံးလည်း ကားတွေမပြတ်လှပါဘူး။
အသွားအပြန်ဆိုရင်တော့ မိုင်ပေါင်း ငါးရာ ပတ်ဝန်ကျင်လောက်ရှိတယ်။



အမေပြောတဲ့စကား ပြန်ကြားယောင်မိပါတယ်။
“မသွားရင် ဘယ်မှရောက်မှာမဟုတ်ဘူး။
မမေးရင် ဘာမှ သိမှာမဟုတ်ဘူး။
ရှေ့ကို တစ်လှမ်းတောင်မတိုးရင်
ကိုယ်ရောက်နေတဲ့နေရာမှာပဲ ရပ်နေမယ်ဆိုတာ မမေ့နဲ့။
ဘာဘဲလုပ်လုပ် အခက်အခဲတွေတော့ ရှိမှာပဲ။
ရပ်နေရင်တောင် အနည်းဆုံး ခြေကျင်တဲ့အခက်အခဲတော့ ရှိနေမယ်။
ခြေကျင်တာထက်စာရင် သွားနေတဲ့အခက်အခဲက ပိုကောင်းပါတယ်။
ကိုယ့်ဘဝကို ကိုယ်ကျေနပ်ဖို့အတွက် ရှေ့တိုးပါ” လို့ အမေမှာချင်တယ်။
အမေပြောတဲ့အတိုင်း ရှေ့တိုးကြည့်တဲ့အတွက် ကျနော်ကျေနပ်မိပါတယ်။
ချီကာဂိုမြို့ကြီးတစ်မြို့ကို ကျနော်ရောက်ဖူးသွားပြီအမေ။
ပြီးတော့ အတွေ့အကြုံတွေလည်း အများကြီးရခဲ့ပါတယ်။
အမေ့ကို ကျေဇူးတင်တယ်ဆိုတဲ့စကားနဲ့မလုံလောက်မှန်း
သားသိပါတယ်။
ဘာဘဲဖြစ်ဖြစ် သား အမေ့ကို ကျေးဇူးတင်ပါတယ်။
ပြီးတော့ အဝေးက ဦးတင်ကတော့လိုက်ပါတယ်။

အမေ့ကို ချစ်တဲ့သား
အောင်ဝင်းဟိန်း
ကာရီမြို့၊
မြောက်ပိုင်းကာရိုးလိုင်းနားပြည်နယ်၊
အမေရိကန်ပြည်ထောင်စု။









လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com