Tuesday, November 1, 2011

" အမေ့ထံသို့ပေးစာများ-၁၉..."




သို့
ချစ်တဲ့ အမေ
သားသတိတရစာရေးလိုက်ပါတယ်။
အမေနေကောင်းလား။
ကျန်းမာရေးဂရုစိုက်နော်။
အမေရေ..အမေ့ရဲ့မြေး၊မြစ်တွေ နေကောင်းကြလား။
သူတို့တွေ အားလုံးကို သတိရကြောင်းပြောပေးပါ။
အမေရိကားမှာတော့သိစရာတွေလည်း အများကြီးပါပဲ။
ယဉ်ကျေးမှုတွေ အများကြီးကွာခြားနေတယ်။
မတူတဲ့ယဉ်ကျေးမှုတွေကြားမှာ အစဉ်ပြေအောင်နေနိုင်ဖို့အတွက်
သိအောင်ကြိုးစားရတယ်။
နောက် ဘာသာစကားကလည်း မတူဘူး။
အချိန်တွေအများကြီးပေးပြီးသိအောင်ကြိုးစားအားထုတ်ရတယ်။
သိချင်တာတွေအများကြီးပါပဲ။
သိချင်စိတ်ကြောင့် အချိန်တွေ ဘယ်လိုကုန်သွားမှန်းတောင်မသိလိုက်ပါဘူး။
သိချင်စိတ်ရှိနေတာကိုက ကံကောင်းတယ်လို့ပြောရမယ်ထင်တယ်။
ပျင်းရိငြီးငွေ့တာတွေဖြစ်ချိန်တောင် မရှိပါဘူး။
သိချင်စိတ်သာမရှိရင်တော့ စိတ်ညစ်ပြီးနောက်ကြောင်းပြန်လှည့်ချင်စိတ်
မကြာခဏဖြစ်မှာသေချာတယ်။
ဒီမှာက အလုပ်မရှိရင်လည်း စိတ်ရှုတ်စရာပါ။
အလုပ်မရှိတော့ ဝင်ငွေမရှိဘူးလေ။
ဝင်ငွေမရှိပဲ အမေရိကန်မှာ တာရှည်နေဖို့ဆိုတာ မလွယ်ကူလှဘူး။
ဝင်ငွေသာမရှိတာ၊ ကုန်စရာက ရှိနေတယ်လေ။
ဒါကြောင့် ကိုယ်နဲ့ကိုက်ညီတာ၊မကိုက်ညီတာကိုရွေးချယ်ချိန်ကိုမရပါဘူး။
ရတဲ့အလုပ်ကို လုပ်ရတဲ့သဘောဖြစ်နေတယ်။
အလုပ်လက်မဲ့တွေ အမြင့်ဆုံးစံချိန်ကိုရောက်မှ
ကျနော်တို့ကလည်း အမေရိကန်ကိုရောက်လာတာမို့
အခက်အခဲပိုတွေ့နေသလားမသိပါဘူး။
ငယ်စဉ်တုန်းက ကြားဖူးတဲ့စကား။
မုန့်ဝေချိန်မှာ ကိုယ်က မရှိဘူး။
ဒုတ်ဝေချိန်ရောက်မှ ကိုယ်ရောက်သလိုဖြစ်နေတယ်။
ဘာဘဲဖြစ်ဖြစ် မကောင်းတာလည်း မမြဲသလို
ကောင်းတာလည်း မမြဲဘူးလို့နှလုံးသွင်းလိုက်တော့လည်း
စိတ်သက်သာရာ ရခဲ့ပါတယ်။
ခက်တာက ဒီကိုစောစောရောက်နေသူတွေက အလုပ်မရှိတာပဲ
အမြဲမရှိသလိုပြောနေကြတာက စိတ်ရှုတ်စရာကောင်းလှပါတယ်။
သူတို့နဲ့စကားပြောရတာ အရာရာကို ပုံကြီးချဲ့နေသလိုပါပဲ။
အလုပ်မရှိတာကိုပဲ ငတ်သေတော့မယ့်အတိုင်းပြောဆိုနေကြတယ်။
အမေရိကန်မှာ ထမင်းဖြစ်ဖြစ်၊ပေါင်မုန့်ဖြစ်ဖြစ် ငတ်သေတဲ့လူမကြားမိပါဘူး။
သူတို့တွေက လိုအပ်တာထက် လိုချင်တာကို ဦးစားပေးပုံရပါတယ်။
သူတို့တွေကိုကြည့်ရတာ လိုချင်တာတွေကို မထိန်းသိမ်းနိုင်တာမို့
အကြွေးတွေနဲ့ပတ်လည်ဝိုင်းနေပုံပေါ်တယ်။
သူတို့အဖို့ အလုပ်မရှိရင် ဝင်ငွေကမရှိတော့ဘူး။
ဝင်ငွေမရှိတော့ အကြွေးမပေးနိုင်တော့ဘူး။
အကြွေးမပေးနိုင်ရင် အိမ်ပေါ်ကဆင်းပေးရတော့မယ်။
အကြွေးနဲ့ဝယ်ထားတာမှန်သမျှ ဘဏ်ကပြန်သိမ်းတော့မှာဆိုတော့
အလုပ်မရှိမှာသေမလောက်ကြောက်နေကြသလားမသိပါဘူး။
သူတို့တွေလုပ်ခဲ့ဖူးတဲ့မော်တော်ကားသန့်ရှင်းရေးအလုပ်ကို ပြောပေးတယ်။
အဲဒီမှာ နှစ်နှစ်ဆယ်နီးပါးလုပ်ခဲ့တယ်လို့ပြောကြတယ်။
ဘဝရဲ့အချိန်နှစ်(၂၀)လောက်ကို ပေးလိုက်ရပြီး
အိမ်တစ်လုံးဝယ်နိုင်တာကို တော်တော်ဂုဏ်ယူနေပုံရတယ်။
အလုပ်တစ်ခုဟာ ငွေတစ်ခုထဲနဲ့မလုံလောက်ပါဘူး။
ငွေတစ်ခုတည်းရတယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို ရောင်းစားနေသလိုဖြစ်နေမှာပဲ။
ငွေရတဲ့အပြင် ကုသိုလ်လည်းရအုန်းမှ၊
ပညာလည်းရအုန်းမှ တန်မှာလေ။
ကုသိုလ်ရဖို့ကတော့ဘာမှ မခက်ပါဘူး။
အဲဒီအလုပ်မှာ စိတ်ကောင်းစေတနာကောင်းထားပြီးလုပ်တတ်ဖို့သာလိုပါတယ်။
အလုပ်ကနေ ငွေရလို့ကိုယ်အကျိုးရှိသလို လုပ်ငန်းရှင်လည်းအကျိုးရှိအောင်လုပ်ပေးရမှာပဲ။
ပြီးတော့…
ငွေပေးပြီး စားသုံးသူ(Customers)တွေလည်း
အကျိုးရှိအောင်စေတနာကောင်းနဲ့လုပ်ပေးဖို့လိုတာပေါ့။
စိတ်စေတနာကောင်းထားရင် အလုပ်ကနေ ကုသိုလ်ကဖြစ်ပေါ်နေတာပါပဲ။
ပညာရဖို့ကတော့ အားထုတ်မှုလိုလာတယ်။
ကိုယ်လုပ်နေတဲ့အလုပ်က ပညာတွေ ဘယ်လောက်ရနိုင်သလဲ။
ဘယ်လိုပညာမျိုးလဲ။ ဘယ်လောက်အချိန်ပေးရမှာလဲ။
ကိုယ့်အတွက် အသက်မွေးဝမ်းကြောင်းနိုင်တဲ့ပညာမျိုးလား။
ဒါမှမဟုတ် ကိုယ့်အတွက်ရော အများအတွက်ပါ အကျိုးပြုနိုင်တဲ့ပညာမျိုးလား။
လားပေါင်းမြောက်များစွာကိုမေးပြီးလေ့လာဖို့လိုအပ်လာတယ်။
အခုလုပ်တဲ့ကားသန့်ရှင်းရေးအလုပ်က
ရေရယ်၊လေရယ်၊နေရယ်ကိုအသုံးပြုပြီးစီးပွားရှာရတဲ့အလုပ်ဆိုတာ
အလုပ်လုပ်ရင်းနဲ့သိလာတယ်။
လေကိုအသုံးပြုတာက ရောက်လာတဲ့ကားရဲ့အတွင်းသန့်ရှင်းရေးကို
Vacuum( လေနဲ့ဖုန်စုပ်ထုတ်တဲ့အလုပ်) လုပ်ရတယ်။
အတွင်းက ဖုန်၊အမှိုက်တွေကို သန့်ရှင်းသွားပြီဆိုရင်
ရေနဲ့ဆေးကြောရတယ်။
ရေနဲ့ဆေးကြောပြီးပြီဆိုရင် နေရောင်မှာ ကားကို အရောင်တင်ရတယ်။
ကားက အသစ်အတိုင်းဖြစ်သွားအောင် ပြောင်လက်နေမှလည်း
ကားပိုင်ရှင်တွေက နှစ်သက်မှာဆိုတော့
နေရောင်ခြည်ကောင်းကောင်းရတဲ့အချိန်မျိုးဆိုရင် ပိုပြီးအလုပ်ဖြစ်တယ်။
လေအတွက် လေစုပ်စက်ရင်းနှီးရမယ်။
ရေအတွက်အမေရိကန်မှာဘာခက်တာမှတ်လို့။
ရေကို Recycle ပြန်လုပ်တော့ ရေလည်းအထူးကုန်တာမဟုတ်ဘူး။
နေရောင်ခြည်ဆိုရင်ပိုလို့တောင် အကုန်အကျသက်သာသေးတယ်။
ဆပ်ပြာရည်တို့၊အရောင်တင်အရည်တို့ကလည်း ဈေးမကြီးပါဘူး။
ကားတစ်စီးအတွက်ယူထားတဲ့နှုန်းက အဆပေါင်းများစွာယူထားတာကိုတွေ့ရတယ်။
အရင်းအနှီးက ဘယ်မှာသွားများသလဲဆိုတော့ နေရာတစ်ခုအတွက်ငှားရမ်းခပါပဲ။
နေရာအကျယ်အဝန်းက ကြီးမားကျယ်ဝန်းမှဖြစ်မှာဆိုတော့
အဲဒီအတွက် ငွေအမြောက်အများပေးရတယ်။
(စုံစမ်းကြည့်တာ ဒေါ်လာ သန်းဂဏန်းတောင်ရင်းနှီးရတယ်ဆိုပါလား)
နောက်တစ်ခုက အလုပ်သမားခဈေးကြီးတယ်။
အစိုးရက အခြေခံအနိမ့်ဆုံးလစာကိုသတ်မှတ်ထားတယ်။
အလုပ်ချိန်ကို သတ်မှတ်ထားတယ်။
အလုပ်သမားအခွင့်အရေးကို သတ်မှတ်ထားတယ်။
ဒီတော့ အလုပ်ရှင်တွေက အမြတ်အစွန်းများများကျန်အောင်
တော်တော်သတိထားပြီးလုပ်ရတယ်။
ဥပဒေနဲ့မညှိစွန်းအောင်သတိထားရတယ်လေ။
ဘာဘဲပြောပြော အလုပ်ရှင်က အလုပ်သမားဆီက
လုပ်ခထက် ဆယ်ဆမကရအောင် လုပ်တတ်ပါတယ်။
တွက်ခြေကိုက်အောင်
အလုပ်သမားတွေရဲ့လုပ်အားကို ကြံကြိတ်စက်ထဲက ထွက်လာတဲ့
ကြံရည်လို ညှစ်ထုတ်တတ်ပါတယ်။
အလုပ်သမားကို ကြံဖတ်တွေလိုဖြစ်အောင်လုပ်တတ်ပါတယ်။
ကားသန့်ရှင်းရေးအလုပ်ကလည်း တကယ့်လေ့လာမယ်ဆိုရင်
လပိုင်းအတွင်း တတ်မြောက်နိုင်တဲ့ပညာမျိုးပါ။
အရမ်းပညာသားပါတဲ့အလုပ်က မရှိသလောက်ပါပဲ။
ဒီအလုပ်ကို နှစ်ပေါင်းများစွာလုပ်ပြီးပြင်ပလေ့လာအားထုတ်မှုတစ်ခုမှ
မလုပ်တော့ဘူးဆိုရင်တော့
အဲဒီလူဟာ တော်တော်ဥာဏ်တုန်းတော့မယ့်လူတစ်ယောက်ဖြစ်မှာသေချာတယ်။
ဘာကြောင့်ဆိုတော့ ဘာပညာသားမှမပါတဲ့အလုပ်ဖြစ်နေလို့ပေါ့။
အဲဒါကြောင့်ပြောပါတယ်။
ဒီအလုပ်ကို နှစ်ပေါင်းနှစ်ဆယ်၊အစိတ်လောက်လုပ်ပြီးမှ
အိမ်တွေ၊ကားတွေပိုင်ဆိုင်နေတာဟာ ဂုဏ်ယူစရာလားလို့မေးရင်ဘယ်လိုဖြေမလဲ။
ကိုယ့်ကိုယ်ကို ငွေတစ်ခုတည်းနဲ့ ရောင်းစားနေတာနဲ့အတူတူပါပဲလို့။
ပညာက လပိုင်းအတွင်းမှာပဲဆုံးခမ်းတိုင်သွားပြီ။
ကုသိုလ်ကလည်း စေတနာကောင်းနဲ့ဆက်ဆံမှဖြစ်မှာလေ။
အလုပ်လုပ်စက ပင်ပန်းပါတယ်။
အမေကိုလုပ်ကျွေးနေတာပဲဆိုတဲ့အတွေးကိုတွေးဖြစ်တော့
ပင်ပန်းတာကို သီးခံနိုင်လာတယ်။
အချိန်နည်းနည်းကြာလာတော့ ပင်ပန်းတာကို ခံနိုင်ရည်ရှိလာပါတယ်။
ဒီတော့ အလုပ်မှာပျော်လာပါတယ်။
ကားတွေကမျိုးစုံလာတယ်။
တစ်နေ့ကို အစီးနှစ်ရာ၊သုံးရာလောက်ကိုရှိမယ်ထင်တယ်။
မြင်ဖူးတာရော၊မမြင်ဖူးတာရောစုံအောင်ကိုလာကြတယ်။
စီးဖူးတာရော၊မစီးဖူးတာရောစုံလို့ပါပဲ။
အဲဒီကားတွေကို တစ်နေရာက တစ်နေရာကို မောင်းပြီးပို့ပေးရတယ်။
ဒီတော့ ကားမျိုးစုံကိုမောင်းဖူးသွားတာကိုက ပျော်စရာကောင်းပါတယ်။
နောက်တစ်ခုက အလုပ်သမားအများစုက မက်စီကန်တွေဖြစ်တယ်။
မြန်မာဆိုရင် ကျနော်တစ်ယောက်တည်းပါ။
မက်စီကန်တွေကြားမှာ သူတို့ရဲ့ဘာသာစကားကိုသင်ဖြစ်တယ်။
ဒါကလည်းပျော်စရာကောင်းပါတယ်။
အင်္ဂလိပ်စကားလည်းပြောဖြစ်တယ်။ မက်စီကန်စကားလည်းပြောဖြစ်တယ်။
နေ့တိုင်းတော့ အသိတစ်ခုမဟုတ်တစ်ခုတော့တိုးတက်နေတာကို
ကျနော်ပျော်ပါတယ်။
အလုပ်က အချိန်ပိုင်းလုပ်ရတဲ့အလုပ်ပါ။
အစပိုင်းမှာ တစ်ပတ်မှာ သုံးရက်သာရတာပါ။
နောက်ပိုင်းရောက်လာတော့ အလုပ်ကိုကြိုးစားတာကိုတွေ့တော့
နှစ်ရက်ထပ်တိုးပေးတယ်။
ဒီတော့ တစ်ပတ် ငါးရက်လုပ်ဖြစ်သွားတယ်။
ရတဲ့လခက နည်းပါတယ်။
ရွှေယုံလေးရတဲ့လခရဲ့တစ်ဝက်တောင်မရပါဘူး။
အလုပ်မရှိတာနဲ့စာရင် အလုပ်ရှိနေတာက ပိုကောင်းတာမို့လုပ်ဖြစ်နေတာပါ။
“ကျနော့်ကိုယ်ကျနော်များ ရောင်းစားနေသလိုဖြစ်နေသလား”
လို့လဲ မကြာခဏတွေးမိပါတယ်။
ကျနော်ပို့လိုက်တဲ့ငွေတွေက အဲဒီကရတဲ့ငွေပဲအမေ။
အမေစားချင်တာစားပါ။
လိုချင်တာဝယ်ပါ။
လှူချင်တာလှူပါ။
ကဲ...ဒီနေ့တော့ ဒီလောက်ပဲပြောပါရစေအမေ။
အလုပ်ရှိသေးလို့သွားလိုက်ဦးမယ်။
နောက်များမှ အမေရိကန်အတွေ့အကြုံကိုပြောပြပါ့မယ်။

ချစ်တဲ့သား
အောင်ဝင်းဟိန်း
ဆန်ဟိုဆေးမြို့(San Jose)
ကယ်လီဖိုးနီးယားပြည်နယ်(California)
အမေရိကန်ပြည်ထောင်စု(USA)
၁၁-၁-၂၀၁၁

" အဝေ မတည့်တော့..."


တစ်ခါတုန်းက တာချီလိတ်မြို့နယ်တရားရုံးတွင်

လင်မယားကွာရှင်းခွင့်ကိစ္စကို တရားရုံးတွင် ကြားနာတယ်။

သားသမီးသုံးယောက်ကို ခွဲဝေယူဖို့နဲ့ပတ်သက်ပြီး

တရားသူကြီးရှေ့တွင် လင်နဲ့မယား အငြင်းပွားကြတယ်။

“ကျမကို ကလေးနှစ်ယောက်ပေးရမယ်”

လို့မိန်းမဖြစ်သူမနန်းဖောင်းကပြောတယ်။

“ဘာရမလဲ၊

ကျနော်က ကလေးနှစ်ယောက်ယူမယ်”

လို့ယောကျာ်းဖြစ်သူကိုစိုင်းကျောက်ကပြောပါတယ်။

အပြန်အလှန်အငြင်းပွားနေတာ နာရီဝက်ကျော်ကြာသွားတယ်။

တရားသူကြီးက စိတ်မရှည်ဖြစ်လာတယ်။

ဒါနဲ့

“မြန်မြန်ဆုံးဖြတ်ကြဗျာ”

လို့သတိပေးလိုက်ပါတယ်။

နောက်ဆုံးတွင် မိန်းမဖြစ်သူမနန်းဖောင်းက စိတ်မရှည်တော့ပဲ

ယောက်ျားဖြစ်သူ ကိုစိုင်းကျောက်ကိုပြောလိုက်တယ်။

“လာ၊ သွားကြမယ်၊ ကလေးလေးယောက်ဖြစ်တဲ့အခါမှ

ပြန်လာကြရအောင်”တဲ့။

Monday, October 31, 2011

" နားထောင်တတ်ပါစေ..."


တစ်ခါတုန်းက လူဖြူနှစ်ယောက်ဟာ လေ့လာရေးခရီးထွက်ရင်းနဲ့
လူရိုင်းတွေရဲ့ဖမ်းဆီးခြင်းကိုခံရပါတယ်။
လူရိုင်းတွေကလည်း လူသားစားလူရိုင်းတွေဆိုတော့ လူဖြူတွေက
အစားခံရမှာကြောက်တာပေါ့။
'အသက်သာရှင်မယ်ဆိုရင် ဘာဘဲလုပ်ရလုပ်ရ လုပ်မယ်' လို့
တိုင်ပင်ကြတယ်။
ဒါနဲ့ပဲ လူရိုင်းခေါင်းဆောင်က
လူဖြူနှစ်ယောက်ကို ခေါ်လိုက်တယ်။
လူရိုင်းခေါင်းဆောင်က ပြောတယ်။
" မင်းတို့ကို ငါ ခိုင်းတာကိုလုပ်မလား"
လို့မေးပါတယ်။
လူဖြူတွေကတွေးတယ်။
'ခိုင်းတာလုပ်ရင်တော့ သတ်မှာမှာမဟုတ်ဘူး'ပေါ့။
ဒါနဲ့ပဲ လုပ်မယ်လို့ပြောလိုက်တယ်။
လူရိုင်းခေါင်းဆောင်က
" အရွယ်ညီတဲ့သစ်သီးကိုးလုံးကို အမြန်ယူခဲ့ပါ။
ပြီးတော့........"
စကားမဆုံးလိုက်ဘူး။
လူဖြူနှစ်ယောက်ဟာ တောထဲကိုပြေးသွားပါတယ်။
လူဖြူတစ်ယောက်က စပျစ်သီးကိုးလုံးကို ခူးပြီးပြန်သွားပါတယ်။
နောက်တစ်ယောက်က
တောနက်ထဲဝင်ပြီး ပိုပြီးကောင်းတဲ့သစ်သီးကိုးလုံးရအောင်ရှာပါတယ်။
နောက်ဆုံးတော့ လူရိုင်းခေါင်းဆောင်စားဖို့ခူးခိုင်းတာပဲလို့ထင်ပြီး
ဒူးရင်းသီးကိုးလုံးကို အလုံးကြီးကြီးကိုခူးလာခဲ့ပါတယ်။
ဒူးရင်းသီးကိုးလုံးကို ကြိုးနဲ့သီးပြီးထမ်းပြန်လာခဲ့ပါတယ်။
လူရိုင်းခေါင်းဆောင်နဲ့တွေ့တော့

" မင်းတို့က စကားကိုဆုံးအောင်နားမထောင်ဘူး။
အဲဒီအရွယ်ညီသစ်သီးကိုလုံးက စားဖို့မဟုတ်ဘူး။
မင်းတို့ဖင်စအိုထဲကို ထည့်ဖို့" လို့ပြောလိုက်ပါတယ်။

++++++++++++++++++


ဒီပုံပြင်က သေသေချာချာနားမထောင်ခြင်းရဲ့အပြစ်ကို
ထောက်ပြပါတယ်။
လူတွေဟာ နားနဲ့နားထောင်ရမယ့်အစား
အတွေးနဲ့နားထောင်တတ်ကြတယ်။
ဒီတော့ ပြောတဲ့သူရဲ့စကားကို အတွေးနဲ့နားထောင်တော့
ထင်ရာကိုလုပ်မိပါတော့တယ်။
ဒီတော့ ပြောတာတခြား၊
လုပ်တာတခြားဖြစ်တတ်တဲ့သဘောကို
ထောက်ပြပါတယ်။
ဒီလိုမဖြစ်အောင် ဘာလုပ်သင့်သလဲ။

++++++++++++++++++

တစ်ပါးသူရဲ့အတွင်းသဘာဝကို ထိုးထွင်းသိမြင်နိုင်ဖို့အတွက်
မိမိရဲ့အာရုံငါးပါးကို ဖွင့်ထားဖို့လိုတယ်။
ကိုယ်က နည်းနည်းပြောပြီး၊
သူများပြောတာကို များများနားထောင်တတ်ဖို့လိုတယ်။
အကဲခတ်တတ်ရမယ်၊
ဂရုတစိုက်နားထောင်တတ်ရမယ်၊
ကိုယ့်ပါးစပ်ကိုပိတ်ထားပြီး
မျက်စိကိုဖွင့်၊
နားကိုစွင့်ထားရမယ်။

++++++++++++++++++



လိုက်နာသင့်တဲ့ အခြေခံ (၇)ချက်…..

၁။ လေးလေးနက်နက် နားထောင်ပါ။
ဘာကိုပြောနေသလဲ၊

၂။ လေးလေးနက်နက် လေ့လာပါ။

၃။ နည်းနည်းပြောပါ။
တစ်ဖက်သားပြောတာကို
များများနားထောင်ပြီးကိုယ်က
နည်းနည်းသာပြောရင် များများမြင်ရမယ်။
များများကြားရမယ်။ များများသိရမယ်။
ကိုယ့်ဘက်က အမှားနည်းမယ်။

၎။ ပြန်ပြီးသုံးသပ်ပါ။

၅။ အချိန်ယူပါ။

၆။ ချင့်ချိန်တတ်ပါစေ။
အကောင်းဆုံးကတော့ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေ၊
အောင်မြင်မှုတွေ၊ အရည်အချင်းတွေ
ကို တစ်ဖက်သားသိအောင်လုပ်ဖို့ပဲ။

၇။ တုန့်ပြန်ခြင်းကို ရှောင်ပါ။
စီးပွားရေးလုပ်ငန်း၊အခြေအနေတစ်ရပ်မှာ
တင်းမာမှုရှိနေရင် ထိပ်တိုက်ရင်မဆိုင်ပါနဲ့။
ကိုယ်က နောက်ဆုတ်ပေးပါ။
ဘယ်လိုစီးပွားရေးအခြေအနေမျိုးမှာပဲဖြစ်ဖြစ်
“ လုပ်ဆောင်ခြင်း(Acting)ဟာ
တန်ပြန်ခြင်း( Reacting )ထက် အရေးကြီးပါတယ်။

++++++++++++++++++

နားထောင်တတ်တဲ့ အရည်အချင်းဆိုတာ
တခြားလူပြောတာကို စိတ်ရှည်ရှည်နဲ့
နားထောင်တတ်ခြင်းပါပဲ။

++++++++++++++++++

သူတစ်ပါးပြောတာကို
နားထောင်တတ်သူဖြစ်အောင် ကြိုးစားပါ။

++++++++++++++++++

မိမိရဲ့နားထောင်နှုန်းနဲ့
ပြောဆိုနှုန်း အချိုးအစားကို ဂရုစိုက်ပါ။

++++++++++++++++++

လေ့လာမှုမှာ လေးနက်စူးစိုက်မှုပါတယ်။
အတွင်း၊အပြင်မြင်အောင်ကြည့်ပါ။
လေ့လာချိန်ဆ၊
ပြီးတော့မှ အသုံးဝင်အောင် ကောက်ချက်ချပါ။

++++++++++++++++++

လူတစ်ယောက်ကို အကဲခတ်လေ့လာရာမှာ
အကျိုးအရှိဆုံး၊
အထိရောက်ဆုံး၊
မလွဲတမ်းအမှန်ကန်ဆုံးကတော့
သူရဲ့မျက်လုံးကို လေ့လာခြင်းပါပဲ။
မျက်လုံးက တခြားအရာတွေထက်
အများကြီးစကားပြောတယ်။

++++++++++++++++++
ကိုယ်ကစကားပြောဆိုတဲ့အခါ
ကိုယ့်ရဲ့နားနဲ့မျက်လုံးဟာ
အလိုလို ပိတ်သွားတတ်တယ်ဆိုတာ
အမြဲတမ်းသတိထားပါ။




Sunday, October 30, 2011

" ဟုတ်သလိုလိုပဲနော်..."


တစ်ခါတုန်းက

တာချီလိတ်မြို့ရဲ့

တန်ဆောင်းမုန်းလပြည့်နေ့ညမှာ

မီးပုံပျံတွေကိုကြည့်ရင်းကလေးတွေနဲ့ဝိုင်းဖွဲ့စကားပြောဖြစ်တယ်။

အဲဒီအထဲက အိမ်နီးချင်းဖြစ်တဲ့ မူကြိုကလေးငယ်မောင်သိုင်းအောင်ကျော်ကို

မေးခွန်းတစ်ခု မေးဖြစ်တယ်။

"လမင်းနဲ့အမေရိကန်နိုင်ငံ

ဘယ်ဟာက တို့နဲ့ပိုနီးသလဲ"

သိုင်းအောင်ကျော်က ချက်ချင်းဖြေတယ်။

"လမင်းပေါ့"

"ဘာဖြစ်လို့လဲ"

သိုင်းအောင်ကျော်ပြန်ဖြေလိုက်တာက...

"ဒီကနေကြည့်လိုက်ရင် လမင်းကိုမြင်ရတယ်။

အမေရိကန်နိုင်ငံကိုမမြင်ရဘူးလေ"


Saturday, October 29, 2011

"ကမ္ဘာကျော် သူကြွယ်ကြီးရဲ့စံအိမ်(၂)..."






































ဘီလ်ဂိတ်ဟာ ကမ္ဘာကျော်သူကြွယ်ကြီးတစ်ဦးဖြစ်ပါတယ်။
သူဟာ ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ နံပါတ်တစ်ဆိုတဲ့နေရာမှာ
(၁၃)ကြိမ်တိုင်တိုင် ဗိုလ်စွဲခဲ့သူလည်းဖြစ်တယ်။
သူဟာ ချမ်းသာလွန်းလို့နာမည်ကျော်သလို
လှူဒါန်းတဲ့နေရာမှာလည်း ကမ္ဘာကျော်ပါတယ်။
အချို့စာစောင်တွေက သူဟာ သူ့ပိုင်ပစ္စည်းရဲ့ထက်ဝက်ကျော်ကို
လှူဒါန်းခဲ့ပြီးလို့လည်းဆိုပါတယ်။
အထူးသဖြင့် အာဖရိကမှာရှိတဲ့ဆင်းရဲတဲ့နိုင်ငံများနဲ့အိန္ဒိယနိုင်ငံတွေမှာ
လှူဒါန်းခဲ့တယ်လို့ဆိုပါတယ်။
သူရဲ့ချမ်းသာကြွယ်ဝမှုဟာ အမွေရလို့ချမ်းသာတာမဟုတ်သလို
မတရားတဲ့နည်းလမ်းတွေနဲ့ချမ်းသာခဲ့တာမဟုတ်ပါဘူး။

သူရဲ့မိဘများဟာ ချမ်းသာသူတွေမဟုတ်ကြပါဘူး။
သာမန်ပြည်သူတွေပဲဖြစ်ကြပါတယ်။
သူဟာ တက္ကသိုလ်ကိုရောက်ခဲ့ပေမယ့်
တက္ကသိုလ်က ဘွဲ့၊ဒီဂရီတွေမရခဲ့ပါဘူး။
နောက်ပိုင်းမှ သူတက်ခဲ့ဖူးတဲ့တက္ကသိုလ်က
သူ့ရဲ့နည်းပညာတွေကြောင့် ဒေါက်တာဘွဲ့ကို
အပ်နှင်းခဲ့ပါတယ်။

ကွန်ပျူတာရဲ့အပျော့ပိုင်း(Software)ကိုတီထွင်ပြီး
ကိုယ်ထူးကိုယ်ချွန်ချမ်းသာကြွယ်ဝလာသူဖြစ်တယ်။
သူ့ရဲ့ချမ်းသာမှုကြောင့် လူသားများစွာကိုအကျိုးပြုနိုင်ခဲ့သလိုပင်
သူ့ရဲ့တီထွင်မှုကြောင့်လူသားများစွာကိုအကျိုးပြုနေဆဲပင်ရှိပါတယ်။
ကွန်ပျူတာဟာ ယနေ့ခေတ်မှာ
မရှိမဖြစ်အရေးပါတဲ့လူသုံးပစ္စည်းတစ်ခုဖြစ်လာပါတယ်။
ဝင်းဒိုး (Windows)-ဆိုတဲ့စကားလုံးကို လူတိုင်းကြားဖူး၊မြင်ဖူးကြမှာပါ။
ကွန်ပျူတာကိုသုံးစွဲသူများဟာ
ဘီလ်ဂိတ်ရဲ့ကျေးဇူးမကင်းသူများဖြစ်လာပါတယ်။
ဒါကြောင့်သူဟာ လူသားများစွာရဲ့ကျေးဇူးရှင်ပုဂ္ဂိုလ်တစ်ဦးလို့
ဆိုရင်လည်းလွန်အံ့မထင်ပါ။
လူသားများစွာကိုအကျိုးပြုသူဘီလ်ဂိတ်ဟာလည်း
တကမ္ဘာလုံးကသိသူဖြစ်လာပါတယ်။

ကမ္ဘာကျော် သူကြွယ်ကြီးရဲ့စံအိမ်ကို
ကြည့်ရှုလေ့လာပြီး
မုဒိတာပွားနိုင်ကြပါစေ။

လူငယ်တိုင်း သူ့ကိုအားကျအတုယူနိုင်ကြပါစေ။

မြန်မာနိုင်ငံရဲ့ မိခင်တိုင်းဟာလည်း
ဘီလ်ဂိတ်လိုပုဂ္ဂိုလ်မျိုး များများမွေးနိုင်ကြပါစေ။



(ဓာတ်ပုံများကိုပေးပို့သူ ဆရာဦးကျော်ဝင်းနဲ့
ဒေါ်ထွေးလေးခိုင်တို့အားအထူးကျေးဇူးတင်ပါတယ်)
























"တန်ရာတန်ဖိုးကို အမြင့်ဆုံးယူပါ..."


တစ်ခါတုန်းက ကမ္ဘာကျော် ပန်းချီဆရာကြီး ပီကာဆိုဟာ

စားသောက်ဆိုင်တစ်ခုမှာ ထိုင်စားနေတုန်း

အမျိုးသမီးကြီးတစ်ယောက်က ပီကာဆိုကို မိတ်ဆက်လာပါတယ်။

ပြီးတော့ ကမ္ဘာကျော်ပန်းချီဆရာကြီးမှန်းလည်း သိသွားတဲ့အခါ

စားသောက်ဆိုင် မှာရှိတဲ့ တစ်သျှူးစက္ကူနဲ့ ပုံတစ်ပုံကို ဆွဲခိုင်းပါတယ်။

ပီကာဆိုက ဆွဲပေးပြီး

ဒေါ်လာ တစ်ထောင် ပေးပါ

လို့တောင်းပါတယ်။

အမျိုးသမီးက

အိုစက္ကန့် ၃၀ လောက်ပဲကြာတဲ့ဥစ္စာ၊

ဒီလောက်တောင် ပေးရသလား

လို့ ပြောတဲ့အခါ

ပီကာဆိုက

ဒီလို ဆွဲတတ်အောင်

ကျုပ် နှစ်ပေါင်း ( ၄၀ ) တိတိလေ့ကျင့်ခဲ့ရတာဗျ

လို့ပြန်ပြောလိုက်ပါတယ်။

++++++++++++++++++

အကောင်းဆုံး ဝန်ဆောင်မှုပေးပြီး

တန်ရာတန်ဖိုးကို အမြင့်ဆုံးယူပါ။

++++++++++++++++++

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com