Wednesday, April 20, 2011
“ အဆိုးကို ကောင်းအောင်ဘယ်လိုလုပ်မလဲ…”

အိမ်စာအဖြစ်
လှေကားတစ်စင်းကို ရေးဆွဲဖို့
ကျနော်တာဝန်ကျပါတယ်။
ကျနော် ကြိုးစားပြီး ရေးဆွဲရာ
လှေကားပြီးစီးသွားပါတယ်။
အားလုံးပြီးစီးသွားတဲ့အတွက်
စိတ်ပေါ့ပါးပြီး
အသုံးပြုတဲ့မင်အိုးကိုသိမ်းလိုက်ရာ
မင်စက်တစ်စက်ဟာ
အချောသတ်ရေးဆွဲပြီးတဲ့
လှေကားပေါ်ကိုကျသွားပါတယ်။
နောက်တစ်ခုပြန်ဆွဲဖို့မှာ
အချိန်နောက်ကျသွားပါပြီ။
အဲဒါကြောင့်
ကျနော်အကြီးအကျယ် စိတ်ပျက်ပြီး
မျက်ရည်များပင် ကျမိခဲ့ပါတယ်။
ကျနော်ကြုံတွေ့ရတဲ့ ဒုက္ခကို
ဖေဖေကိုပြောပြဖြစ်ပါတယ်။
ဖေဖေက
ညင်ညင်သာသာဖြင့်
“ သားရယ် ဘာမှ စိတ်မပူပါနဲ့၊
အခုကျသွားတဲ့ မင်အမဲကွက်က
တယ်ရီယာခွေးလေးမှာတွေ့ရတတ်တဲ့
အကွက်လေးနဲ့ သိပ်တူတာပဲ၊
အဲဒါကြောင့်
သားလုပ်ရမှာက အဲဒီအမဲစက်လေးပါတဲ့
ခွေးလေးတစ်ကောင်ဆွဲပေးဖို့ပဲ၊
လွယ်လွယ်နဲ့ စိတ်မပျက်စမ်းပါနဲ့သားရယ်၊
အဆိုးဖြစ်လာရင်
အဲဒီအဆိုးကို
အကောင်းဖြစ်အောင်လုပ်ဖို့အတွက်
စိတ်ကူးနည်းနည်းစဉ်းစားဖို့လိုတယ်၊
အချို့ဟာတွေက
အစပိုင်းမှာ
မျှော်လင့်စရာမရှိတော့ဘူးလို့ထင်ရတယ်၊
တကယ်တော့ အဲဒီလို မဟုတ်ဘူး၊
အဲဒါကို သားမှတ်ထားပါ ”
လို့
ဖေဖေက
စိတ်ရှည်ရှည်ရှင်းပြပါတယ်။
အဖေပြောတဲ့အတိုင်း
ကျနော်ဟာ
မင်အမဲစက်ကျသွားတဲ့နေရာမှာ
တယ်ရီယာခွေးလေးတစ်ကောင်
ရေးဆွဲလိုက်ပါတယ်၊
နောက်နေ့မှာတော့
ကျနော်ရေးဆွဲတဲ့ခွေးရုပ်လေးပါတဲ့
လှေကားပုံဟာ
အကောင်းဆုံးပုံအဖြစ် အရွေးခံရပါတယ်။
စိတ်ကူးဥာဏ်နည်းနည်းထည့်လိုက်ရင်
ဘယ်လောက်တောင်ကောင်းသွားတယ်ဆိုတာ
ဒါ သက်သေပါပဲ။
“ ဒီပုံမှာ
တယ်ရီယာခွေးလေးထည့်လိုက်တဲ့
စိတ်ကူးဥာဏ်ကြောင့်
ပုံဟာ ပြည့်စုံသွားပါတယ် ”
လို့
ဆရာက
တစ်တန်းလုံးကို ရှင်းပြလိုက်ပါတယ်။
အဲဒီအချိန်စပြီး
တစ်ခုခုမှားမှားယွင်းယွင်းဖြစ်သွားတဲ့အခါတိုင်း
အမဲစက်ပါတဲ့ တယ်ရီယာခွေးလေးကို
ပြေးပြေးပြီး
မြင်ယောင်မိပါတော့တယ်။
Tuesday, April 19, 2011
" တကယ်မြင်နိုင်လို့လား..."

အမေရိကားမှာ ရှိနေတဲ့မိတ်ဆွေတစ်ယောက်က
မုန့်ဟင်းခါးစားဖိတ်ပါတယ်။
သူ့နာမည်က ကိုစိုးမိုးနိုင်ပါ။
သူဟာ ကျနော်ရဲ့မိတ်ဆွေမဟုတ်ပါဘူး။
ကျနော်ရဲ့သူငယ်ချင်းရဲ့မိတ်ဆွေပါ။
ရန်ကုန်က မိတ်ဆွေတွေ
ရောက်လာကြောင်းကြားသိရတဲ့အတွက်
ဝမ်းသာအားရနဲ့အလှူတစ်ခုလုပ်ပြီး
ဖိတ်လိုက်ခြင်းဖြစ်ဟန်တူပါတယ်။
ရန်ကုန်တိုင်း၊
လှိုင်မြို့နယ်မှာ
နေတာချင်းတူတာကို
စိတ်ဝင်စားပုံလည်းရဟန်တူပါတယ်။
တစ်ရပ်တစ်ကျေးရောက်လာတာမို့
ဝမ်းသာရပါတယ်။
မုန့်ဟင်းခါးကလက်ရာကောင်းလှပါတယ်။
အရသာကောင်းလှတဲ့မုန့်ဟင်းခါးစားရတော့
မြန်မာပြည်ကိုလွမ်းမိပါတယ်။
ကျနော့်မိတ်ဆွေကို
သူဝယ်ထားတဲ့ကား
တန်မတန်ပြနေတာကိုတွေ့ရတယ်။
တစ်နှစ်ကျော်ကျော်အတွင်းမှာ
ကားဝယ်ထားတဲ့အတွက်
သူဟာ ကြိုးစားသူဖြစ်ကြောင်းကို
အသိအမှတ်ပြုရမယ်ထင်တယ်။
ကျနော်တို့
မုန့်ဟင်းခါးစားနေတုန်းမှာ
အနားမှာဧည့်ခံစကားပြောနေပါတယ်။
" မိဘတွေဆီကို
အိမ်ပြင်မယ်ဆိုလို့
ငွေတွေကို ပို့ထားတာကြာပြီ၊
အခုထိအိမ်မပြင်သေးဘူးဗျာ."
မိတ်ဆွေကိုလှဦးက
" အိမ်ပြင်၊မပြင်
ခင်ဗျားဘယ်လိုလုပ်သိသလဲ "
ကိုစိုးမိုးနိုင်က
" ဂူဂယ်မတ်ပ်ထဲကကြည့်တာပေါ့ဗျာ
ဂူဂယ်မတ်ပ်ထဲမှာ ဘာမှမပြောင်းလဲဘူးလေ၊
အဲဒါကြောင့်
အိမ်ကိုဖုန်းဆက်ပြီး
ညီမလေးကို ခဏခဏဆူရတယ်၊
သူတို့ကတော့
အိမ်ပြင်ပြီးပြီလို့ချည်းငြင်းနေတယ်။
ကျနော်ကို ဘာမှမသိဘူးလို့ထင်နေတယ်လေ၊
ကျနော်က
အင်တာနက်ကနေကြည့်နေတာ
သူတို့မသိကြဘူးလေ"
တဲ့
" အသက်ပေးပြီးကာကွယ်မယ်..."

တစ်ခါတုန်းက
ဟိုင်မင်တတ်စ်တောင်ရှိ ပျားအုံတစ်အုံမှ
ပျားဘုရင်မတစ်ကောင်ဟာ
အိုလံပတ်စ်တောင်ကို ဆင်းလာခဲ့တယ်။
အိုလံပတ်စ်တောင်ရှိ ဂျူပီတာဆီကို
ပျားရည်လက်ဆောင်ပေးဖို့လာခဲ့တာဖြစ်တယ်။
ပျားရည်လက်ဆောင်ရတဲ့အတွက်
ဂျူပီတာက အလွန်အားရကျေနပ်ပါတယ်။
အဲဒါ ကြောင့် ပျားဘုရင်မကို လိုရာပြောပါ၊
ပြည့်ဝစေရမယ်လို့ ကတိစကားပြောပါတယ်။
အဲဒီအခါ ပျားဘုရင်မက
“ ကျမရဲ့စုဆောင်းထားတဲ့ ပျားရည်တွေကို
လာရောက်ယူကြတဲ့
သက်ရှိတွေကို ထိုးသတ်နိုင်ဖို့ အဆိပ်ပေးပါ”
လို့
တောင်းဆိုပါတယ်။
အဲဒီတောင်းဆိုချက် ကြားရတော့
ဂျူပီတာက စိတ်မကောင်းဖြစ်ရပါတယ်။
ဘာကြောင့်ဆိုတော့
ဂျူပီတာဟာ လူသားတွေကို
အရမ်းချစ်တဲ့အတွက်ကြောင့်ဖြစ်တယ်။
ဒါပေမယ့်
ပေးထားတဲ့ကတိစကားကရှိနေတဲ့အတွက်
ပျားဘုရင်မရဲ့
တောင်းဆိုမှုကို မပယ်ဖျက်နိုင်ပါ။
အဲဒါကြောင့်
ဂျူပီတာကပျားဘုရင်မကို
“ ခင်ဗျားတောင်းဆိုတဲ့အတိုင်း ပြည့်ဝစေရပါမယ်၊
ဒါပေမယ့်
အဲဒီအဆိပ်ကို သုံးလိုက်တာနဲ့တပြိုင်နက်
ခင်ဗျားရဲ့အသက်အန္တရာယ်
ထိခိုက်ပါလိမ့်မယ်၊
ခင်ဗျားက တစ်ယောက်ယောက်၊
တစ်ကောင်ကောင်ကို အဆိပ်နဲ့ထိုးလိုက်ရင်
ခင်ဗျားထိုးလိုက်တဲ့ ဒဏ်ရာထဲမှာပဲ
အဆိပ်တွေက ကျန်ခဲ့လိမ့်မယ်၊
အဲဒီအဆိပ်တွေ ဆုံးရှုံးတာနဲ့တပြိုင်နက်
ခင်ဗျားလည်း သေဆုံးပါလိမ့်မယ် ”
လို့
ဂျူပီတာ ရှင်းပြလိုက်ပါတယ်။
Monday, April 18, 2011
“ရဖို့ထက် သိဖို့က ပိုပြီး အရေးကြီးပါတယ်….”

တစ်ဦးပေါ်တစ်ဦးထားတဲ့
စစ်မှန်တဲ့ မေတ္တာ၊
လေးစားမှု၊
တန်ဖိုးထားမှုဟာ
ဘဝမှာစိတ်ချမ်းသာမှု
အများဆုံး ပေးနိုင်တဲ့အရာ ဖြစ်ပါတယ်။
+++++++
မျှော်လင့်ချက်နဲ့
အဖြစ်မှန်၊
အခြေအနေမှန်ကို မျှအောင်လုပ်ပြီး
နေသွားတာဟာ လောကမှာ
ဉာဏ်အမြော်အမြင်ရှိတဲ့
တစ်ခုတည်းသောနေနည်းပါပဲ။
+++++++
ကျေးဇူးတင်နိုင်တဲ့စိတ်ဟာ
ချမ်းသာတဲ့စိတ်ဖြစ်ပါတယ်။
ကျေးဇူးမသိတတ်တဲ့သူဟာ
ဉာဏ်ပညာကြီးမားသူ
မဖြစ်နိုင်ဘူး။
+++++++
ကျေးဇူးသိတတ်တဲ့သူမှာ
မိတ်ဆွေကောင်းပေါတယ်။
အခက်အခဲနဲ့တွေ့တဲ့အခါ
အကူအညီပေးမည့်သူ ပေါတယ်။
+++++++
ကျေးဇူးကို သိတဲ့စိတ်၊
အသိအမှတ်ပြုတဲ့စိတ်ဟာ လေးနက်၊
နူးညံ၊ အေးချမ်းတဲ့စိတ် ဖြစ်တယ်။
+++++++
သတိမြဲလေလေ၊
အသိမြဲလေလေ၊
စိတ်နေသဘောထားလေးနက်၊
မြင့်မြတ်လေလေ၊
ကြည်လင်အေးချမ်းလေလေ၊
ဖြစ်လာနိုင်တယ်။
+++++++
ဘယ်လို လောကဓံနဲ့တွေ့ရ၊ တွေ့ရ၊
အားလုံးဟာ ရင့်ကျက်မှုကို
အထောက်အကူ ပြုမယ်။
+++++++
အကောင်းအဆိုး၊
တွေ့ရသမျှ ဘဝအတွေ့အကြုံထဲက
လေးနက်တဲ့အသိအမြင် ကို
ရမှသာ အတွေ့အကြုံဟာ တန်ဖိုးရှိတယ်။
+++++++
အမြင်မှန်ဖို့၊
သဘောထားမှန်ဖို့၊
စေတနာမှန်ဖို့၊
အရေးအကြီးဆုံးဖြစ်ပါတယ်။
ရဖို့ထက်၊
သိဖို့က၊
ပိုပြီး အရေးကြီးပါတယ်။
+++++++
တကယ်စစ်မှန်တဲ့သတိ
( ပစ္စုပ္ပန်တည့်တည့်သိနေတဲ့သတိ )
နဲ့
တရားအားထုတ်ခြင်းဟာ
တကယ်စစ်မှန်တဲ့ မေတ္တာကို
ဖော်ပြတာနဲ့တူနေတယ်။
+++++++
အသိအမြင်ထူးမှ၊
သဘောထားထူးမှ၊
မြင်သမျှ၊
ကြားသမျှ ၊
လုပ်သမျှတွေဟာ
ထူးလာမယ်။
( ဆရာတော်ဦးဇောတိက )

