Sunday, April 17, 2011

"တန်ဖိုးထားခဲ့ရတဲ့ လက်ဆောင်များ…..."


သမ္မတကြီး ဝီလ်ဆင်ဟာ
အမေရိကန်ပြည်ထောင်စုကို
ရထားနဲ့ခရီးလှည့်ရာမှာ

ပရိသတ်ကို စကားပြောဖို့
မွန်တနာ ဘီလင်းစ်တွင် ခဏရပ်နားပါတယ်။

ကားရပ်တဲ့လူသွားလမ်းပေါ်မှာ တက်ပြီး
စကားပြောပါတယ်။

သမ္မတကြီး ဝီလ်ဆင်ရဲ့ ဘေးနားမှာ
မစ္စစ်ဝီဆင်နဲ့ နိုင်ငံရေးမှာ အရေးကြီးတဲ့

ပုဂ္ဂိုလ်အချို့ဟာ သူနဲ့အတူတူ ရပ်နေကြပါတယ်။

အဲဒီအချိန်မှာ
ကလေးငယ် နှစ်ဦးဟာ
အစောင့်ရဲများရပ်နေတဲ့နေရာက

ရှေ့တိုးဝင်လာပြီး
သမ္မတကြီး ဝီလ်ဆင်စီးလာတဲ့ရထားတွဲနဲ့

ကပ်လျက်ရပ်နေပါတယ်။
သူတို့နှစ်ဦးဟာ
သမ္မတကြီး ဝီလ်ဆင်ရဲ့မျက်နှာကို မော့ပြီး
ကလေးတစ်ဦးက
သူ့လက်ထဲမှာ ယူဆောင်လာတဲ့
အမေရိကန်အလံလေးကို
ဝှေ့ရမ်းနှုတ်ဆက်ပါတယ်။

မစ္စစ်ဝီလ်ဆင်က
ကလေးဆီက အလံလေးကို လက်ခံပြီး
အဲဒီလက်ဆောင်အတွက်

ကလေးကို
ဝမ်းပန်းတသာ ကျေးဇူးတင်စကားဆိုပါတယ်။


အခြားကလေးတစ်ယောက်က
ခပ်ကြောင်ကြောင်ဖြစ်ပြီး ရပ်နေပါတယ်။

သူ့မှာ လက်ဆောင်ပေးစရာ
အလံ မရှိတဲ့အတွက်ကြောင့်ဖြစ်တယ်။

အဲဒါကြောင့်
အဲဒီကလေးဟာ
သူ့ဘောင်ဘီအိတ်ကပ်ထဲမှာ
တစ်ခုခုကို မရမက
လိုက်စမ်းပြီး ရှာနေပါတယ်။
နောက်ဆုံးမှာ သူရှာတွေ့ပြီး
အပြင်ကို ဆွဲထုတ်လိုက်ပါတယ်။

ထွက်လာတဲ့ပစ္စည်းကတော့
ပြားစေ့လေးတစ်စေ့ဖြစ်ပါတယ်။

သူဟာ ပြားစေ့လေးကို သမ္မတကြီး ဝီလ်ဆင်ဆီကို
ခြေဖျားထောက်ပြီး လှမ်းပေးပါတယ်။

သမ္မတကြီး ဝီလ်ဆင်ဟာ ကိုယ်ကို ကိုင်းပြီး
ကလေးဆီက ပိုက်ဆံတစ်ပြားကို လှမ်းယူပါတယ်။

အဲဒီနောက်
ကျေးဇူးတင်စကားကို
ကြင်ကြင်နာနာပြောဆိုပါတယ်။


ဒါပေမယ့်
အဲဒီအဖြစ်အပျက်ဟာ အဲဒီမှာ မပြီးဆုံးသွားခဲ့ပါ။
နောက်ထပ် ၅-နှစ်ကြာတဲ့အခါ
သမ္မတကြီး ဝီလ်ဆင်ကွယ်လွန်ခဲ့ပါတယ်။

မစ္စစ်ဝီလ်ဆင်က
သမ္မတကြီးရဲ့ကိုယ်ပိုင်ပစ္စည်းတွေကို စစ်ဆေးပါတယ်။
သမ္မတကြီး ဝီလ်ဆင်အမြဲဆောင်တတ်တဲ့အိတ်ကလေးကို
ဖွင့်ကြည့်ပါတယ်။
အဲဒီအိတ်ထဲရှိ သီးသန့်အကန့်လေးတစ်ခုမှာ
စာရွက်နဲ့သေသေချာချာထုပ်ထားတဲ့
အထုပ်ကလေးတစ်ခုကို တွေ့ပါတယ်။
ဖွင့်ကြည့်လိုက်တဲ့အခါ
ကလေးလေးပေးထားတဲ့
လက်ဆောင်ပိုက်ဆံပြားစေ့လေးဖြစ်နေပါတယ်။
အဲဒီပိုက်ဆံပြားစေ့လေးဟာ
သမ္မတကြီးနဲ့အတူ ၅-နှစ်တိုင်တိုင် ရှိနေခဲ့ပါတယ်။

သမ္မတကြီး ဝီလ်ဆင်
သွားလေရာပါနေတဲ့ ပစ္စည်းလေးဖြစ်ခဲ့ပါတယ်။
သမ္မတကြီး ဝီလ်ဆင်ဟာ
ကလေးရဲ့လက်ဆောင်လေးကို
တန်ဖိုးထားမြတ်နိုးလွန်းတဲ့အတွက်
သူနဲ့အတူထားပြီး
အသက်ထက်ဆုံးသိမ်းဆည်းထားခဲ့ပါတယ်။

သမ္မတကြီး ဝီလ်ဆင်ဟာ
ကလေးတွေကို တန်ဖိုးထားတယ်။

ကလေးတွေ ပေးတဲ့လက်ဆောင်ကို လက်ခံတယ်။
တန်ဖိုးထားတယ်။
အမြဲသိမ်းဆည်းပြီး အမှတ်တရထားတယ်။
အဲဒီလက်ဆောင်ကို
မွန်မွန်မြတ်မြတ် သိမ်းဆည်းထားခဲ့ပါတယ်။


Saturday, April 16, 2011

" တရားကို စကားနဲ့မပြပါနဲ့၊လုပ်ရပ်နဲ့ပြ..."


တစ်ခါတုန်းက စက်ရုံမှူးတစ်ဦးဟာ
အမေရိကန်နိုင်ငံ၊ ဒက်ထရိုက်မှာရှိတဲ့ မော်တော်ကားစက်ရုံတစ်ရုံကို
ရောက်လာတဲ့ တရားဟော ဓမ္မဆရာတစ်ဦးကို စက်ရုံအတွင်း လိုက်လံပြသပါတယ်။
အဲဒီစက်ရုံမှာ အလုပ်လုပ်နေတဲ့အလုပ်သမားများအနက် ဝီလျံ ဆိုတဲ့ အလုပ်သမားဟာ
ဘာသာရေးကို စိတ်ဝင်စားသူ တစ်ဦးဖြစ်တယ်။
ဝီလျံ ဟာ ကျွမ်းကျင်တဲ့စက်ဆရာတစ်ဦးဖြစ်တာကို
တရားဟောဆရာက ကောင်းကောင်းသိပါတယ်။

ဒါကြောင့် စက်ရုံမှူးကို တရားဟောဆရာက
" ဝီလျံ ဟာ ဒီစက်ရုံမှာ
အကောင်းဆုံးအလုပ်သမားတစ်ဦးဖြစ်မယ်လို့ ထင်ပါတယ်"
လို့ထင်မြင်ချက်ပေးပါတယ်။

စက်ရုံမှူးက
" ဆရာ ပြောတာကို သဘောမတူနိုင်လို့ ဝမ်းနည်းပါတယ်။
သူတော်တာ မှန်ပါတယ်။
သူဟာ အကောင်းဆုံးလူတစ်ယောက်၊
ကျွမ်းကျင်တဲ့ အလုပ်သမားတစ်ယောက် ဖြစ်နိုင်ပါတယ်၊
ဒါပေမယ့် သူဟာ စက်နဲ့အလုပ်လုပ်နေရမဲ့အချိန်မှာ
အလုပ်မလုပ်ဘဲ ဘာသာရေးအကြောင်းပဲ လျှောက်ပြောနေတတ်ပါတယ်၊
ပုဂ္ဂိုလ်ရေးအရ သူဟာ လူကောင်းပါ၊
အလုပ်လုပ်တဲ့အခါမှာလည်း သူဟာ တော်ပါတယ်။
သူ တာဝန်ယူရတဲ့ စက်တွေနဲ့ အလုပ်လုပ်တဲ့အခါ သူယုံကြည်တဲ့ဘာသာအယူဝါဒ
ဟာ သူ့လက်ကထွက်လာဖို့လိုပါတယ်၊
နှုတ်ကချည်းထွက်နေလို့ မရသေးပါဘူးဆိုတာ
သူသိဖို့ လိုပါတယ်"
လို့ပြန်ပြောလိုက်ပါတယ်။


ဘာသာတရားဟာ အပြစ်မဟုတ်ပါဘူး၊
ဘာသာတရားကို ကျင့်ကြံအားထုတ်သူတွေကသာ အပြစ်တွေကိုလုပ်ကြတာပါ။
လုပ်ငန်းခွင်မှာ အလုပ်ကိုမလုပ်ဘဲ ဘာသာတရားကိုပြောဆိုတာ၊
ဘုရားဝတ်ပြုတာဟာ မှန်ကန်တဲ့လုပ်ရပ်တော့မဟုတ်ပါဘူး၊

သတိမရှိရင် ဥာဏ်မရှိနိုင်ပါဘူး။
သတိရှိရင် ဥာဏ်လည်းရှိလာပါတယ်။
လုပ်ငန်းခွင်မှာ သတိနဲ့အလုပ်လုပ်ရင် ဥာဏ်နဲ့အလုပ်လုပ်ရာရောက်ပါတယ်။
သတိ၊ဥာဏ်နဲ့အလုပ်လုပ်ရင်လည်း
နေ့စဉ်နဲ့အမျှ အဲဒီအလုပ်ကို ကောင်းသထက်ကောင်းအောင်
လုပ်ရာရောက်ပါတယ်။
ဒါဆိုရင်လည်း
ကိုယ့်ရဲ့ဘာသာတရားကို လုပ်ရပ်နဲ့
ကောင်းအောင်လုပ်ပြရာရောက်ပါတယ်။



Thursday, April 14, 2011

" ဆရာဝန်ဆိုသည်မှာ..."


တစ်ခါတုန်းက

အလွန်မှောင်မိုက်တဲ့ ညတစ်ည ဖြစ်ပါတယ်။

ဝေးလ်ပြည်နယ် ဝေးလံတဲ့ဒေသတစ်ခုမှာ

လူငယ်လေးတစ်ယောက်ဟာ

အပြင်းအထန်ဖျားနေပါတယ်။

အခြေအနေမှာ တော်တော်ဆိုးနေပါတယ်။


အဲဒီကလေးရဲ့မိထွေးဟာ

ဆရာဝန်ပင့်ဖို့အတွက်

၅-မိုင်ခရီးကို ခြေလျင်သွားခဲ့ပါတယ်။

ဒါပေမယ့် ဆရာဝန်က အဲဒီလောက် ဝေးလံပြီး

ခက်ခဲပင်ပန်းတဲ့ခရီးကို လိုက်ဖို့ဝန်လေးနေပါတယ်။

“ လိုက်သွားသင့်သလား ”

လို့

ဆရာဝန်က

သူ့ကိုယ်သူ ပြန်မေးကြည့်မိပါတယ်။


တကယ်လို့ လိုက်သွားခဲ့ရင်လည်း

ဝန်ဆောင်ခအတွက် ဘာမှမရနိုင်တာကိုလည်း

ဆရာဝန်က အသေအချာသိနေပါတယ်။

အဲဒီကလေးငယ်ရဲ့အသက်ကိုကယ်တင်လိုက်နိုင်ခဲ့ရင်လည်း

အဲဒီကလေးငယ်ဟာ

နောင်အခါ ဆင်းရဲတဲ့အလုပ်သမားတစ်ဦးသာ

ဖြစ်လာဖို့အလားအလာများနေပါတယ်။


ဒါပေမယ့်….

လူသားချင်းစာနာတဲ့စိတ်ဓါတ်နဲ့

ဆရာဝန်တစ်ဦးရဲ့

လုပ်ငန်းဆိုင်ရာဂုဏ်သိက္ခာကို ထောက်ထားပြီး၊

ဆရာဝန်ဟာ

ဖျားနာနေတဲ့ကလေးငယ်ရဲ့အသက်ကို လိုက်သွားပြီး ကယ်ခဲ့ပါတယ်။


နှစ်ပေါင်းများစွာ ကြာတဲ့အခါမှာတော့

တစ်ချိန်က အကူအညီမဲ့ပြီး ဒုက္ခဆင်းရဲခံစားခဲ့ရတဲ့

ကလေးရဲ့အမည်ဟာ

တစ်ကမ္ဘာလုံးထင်ရှားတဲ့အမည်ဖြစ်လာခဲ့ပါတယ်။

အဲဒီလူဟာလည်း

ဗြိတိန်တစ်နိုင်ငံလုံးက

လေးစားအားထားရသူဖြစ်လာခဲ့ပါတယ်။

အဲဒီလူဟာ တခြားတော့မဟုတ်ပါ။

' လွိုက်ဂျော့' ပင်ဖြစ်ပါတယ်။


Wednesday, April 13, 2011

" သူတို့တွေအားလုံးကို ကျမချစ်ပါတယ်..."


လွန်ခဲ့တဲ့နှစ်ပေါင်းငါးဆယ်က

လူမှုရေးဗေဒပါမောက္ခဖြစ်သူ

ဂျွန်ဟော့ပ်ကင်ဟာ သူ့အတန်းသားများအား

လုပ်ရိုးလုပ်စဉ်မဟုတ်တဲ့ လုပ်ငန်းတစ်ခုပေးပါတယ်။


အမေရိကန်နိုင်ငံ၊ဘော်လ်တီမိုးအရပ်၊ ပျံကျအရပ်မှာနေတဲ့

ယောကျာ်းလေးအယောက်၂၀၀ကို လူတွေ့မေးမြန်းပြီး၊

သူတို့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး

ခန့်မှန်းချက်ထုတ်တဲ့စာတမ်းတစ်စောင်တင်သွင်းဖို့

တာဝန်ပေးပါတယ်။


ကျောင်းသားများဟာ ရလာတဲ့ခန့်မှန်းခြေရလဒ်အရ

တော်တော်တုန်လှုပ်မှု ဖြစ်ကြပါတယ်။

အဲဒီယောကျာ်းလေးတွေအထဲက ၉၀%ဟာ

တစ်ချိန်ချိန်မှာ

ထောင်ကျလိမ့်မယ်လို့ခန့်မှန်းချက်အဖြေ

ထွက်လာတဲ့အတွက်ကြောင့်ဖြစ်တယ်။


နောက်ထပ်၂၅-နှစ်ကြာတဲ့အခါ

နောက်ထပ်ပါမောက္ခတစ်ဦးဟာ ဖိုင်တွေကိုရှင်းရင်း

ကြိုတင်ခန့်မှန်းချက်ကို တွေ့သွားခဲ့ပါတယ်။

အဲဒီခန့်မှန်းချက်တွေ

ဘယ်လောက် အတိုင်းအတာအထိ မှန်သလဲဆိုတာကို

သိချင်တဲ့အတွက်

သူ့တပည့်များကို လေ့လာစစ်ဆေးခိုင်းခဲ့ပါတယ်။


မူလလေ့လာခဲ့တဲ့

ယောကျာ်းလေး၂၀၀ယောက်အနက်

၁၈၀ ယောက်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အဲဒီအထဲက လေးယောက်သာ

ထောင်ကျခဲ့ဖူးတာကိုတွေ့ခဲ့ရပါတယ်။


မူလ ခန့်မှန်းချက်နဲ့

အကွာကြီးကွာနေတာကိုတွေ့ရတာကြောင့်

အဖြေမှန်ကို သိဖို့အတွက် လူတွေ့မေးမြန်းခဲ့ပါတယ်။

အဲဒီတွေ့ဆုံမေးမြန်းရာမှာ

ထူးဆန်းတဲ့ကိစ္စကို တွေ့ခဲ့ရပါတယ်။


လူတွေ့စစ်မေးသူများအနက်

၁၀၀-ယောက်ကျော်ကျော်က

သူတို့အထက်တန်းကျောင်းတက်စဉ်အခါက

တွေ့ခဲ့ရတဲ့ဆရာမ ‘ အိုဂူကယ် ’ ရဲ့နာမည်ကို

ထုတ်ဖော်ပြောပြကြပါတယ်။


အဲဒီဆရာမဟာ

သူတို့အား စိတ်အားတက်ကြွစေရန်

တစ်နည်းမဟုတ် တစ်နည်း

ကူညီခဲ့တယ်လို့ ထုတ်ဖော်ပြောခဲ့ကြပါတယ်။


အဲဒါကြောင့်

ကွင်းဆင်းလေ့လာနေကြတဲ့ကျောင်းသားတွေက

အလွန်စိတ်ဝင်စားလာပြီး၊

ဆရာမ အိုဂူကယ်ကို လိုက်ရှာကြပါတယ်။

အချိန်တော်တော်ကြာရှာတော့မှ

ဆရာမကြီးကို လူအိုရုံမှာ သွားတွေ့ပါတယ်။


ဆရာမကြီးကို

သူတို့လုပ်ခဲ့တဲ့သုတေသနမှ

ထူးခြားတဲ့တွေ့ရှိချက်ကိုပြောပြပါတယ်။

" လူငယ်တွေရဲ့ဘဝကို လွှမ်းမိုးစေခဲ့တဲ့အကြောင်းအရာတွေက ဘာလဲ "

လို့မေးမြန်းခဲ့ကြပါတယ်။


အဲဒီအမေးကို

ဆရာမကြီးက တိတိကျကျ မဖြေနိုင်ပါ။

ဆရာမကြီးက

တပည့်တွေအကြောင်းကို ပြန်စဉ်းစားကြည့်ပါတယ်။

တဖြည်းဖြည်းနဲ့ ဆရာမကြီးရဲ့မျက်နှာမှာ ပြုံးယောင်သမ်းလာပြီး၊

စကားကိုတလုံးချင်းပြောလိုက်တာကတော့...


" ကျမပြောနိုင်တာ တစ်ခုပဲ ရှိပါတယ်။

အဲဒါကတော့ သူတို့တွေ အားလုံးကို ကျမချစ်တယ် ဆိုတာပါပဲ "


" အမေရိကန်ရဲ့ကားမောင်းလိုင်စင်ရမှဖြစ်မယ်..."


တာချီလိတ်မြို့က

ကွန်ပျူတာဆရာလေးဖြစ်တဲ့

ကိုဟိန်းနီရဲ့တိုက်တွန်းချက်ကြောင့်

အမေရိကန်နိုင်ငံရောက်ပြီးနောက်ပိုင်း

အခြားသူများအတွက်အကျိုးရှိမယ့်

အတွေ့အကြုံအချို့ကိုတင်ပြပေးလိုက်ပါတယ်။


ကျနော် မြန်မာပြည်မှာရှိစဉ်တုန်းက

သက်တမ်း (၉)နှစ်ရှိတဲ့

ကားမောင်းလိုင်စင်ကို ကိုင်ဆောင်ထားခဲ့ပါတယ်။

ရန်ကုန်မှာ တစ်ခါ ကားမောင်းသင်ဖူးပါတယ်။

မန္တလေးမှာ တစ်ခါ ကားမောင်းသင်ဖူးပါတယ်။

နှစ်ခါစလုံး ထိထိရောက်ရောက်တော့ မဖြစ်ခဲ့ပါ။

ကိုယ်ပိုင်ကားမရှိတော့ သင်တာပဲရှိတယ်။

လေ့ကျင့်ချိန်မရှိခဲ့ပါ။


မိတ်ဆွေရဲ့အကျိုးဆောင်မှုကြောင့်

ကားလိုင်စင်ကတော့ လက်ထဲရောက်လာခဲ့ပါတယ်။

ကားလိုင်စင်ရှိချိန်တွင် ကားမမောင်းဖြစ်သော်လည်း

ဆိုင်ကယ်တော့ မောင်းဖြစ်ခဲ့ပါတယ်။

တာချီလိတ်မြို့ဟာ

ဆိုင်ကယ်အလွန်ပေါတဲ့ နေရာဖြစ်တယ်။

ဆိုင်ကယ်ရှိမှ ဖြစ်မယ့်အခြေအနေမှာတော့

ဘာဘဲဖြစ်ဖြစ် ဆိုင်ကယ်တစ်စီးရှိအောင်တော့ လုပ်ထားရပါတယ်။

ဆိုင်ကယ်ရှိတော့ ဆိုင်ကယ်ကို ကျွမ်းကျွမ်းကျင်ကျင်စီးတတ်ခဲ့ပါတယ်။


ဟော…အမေရိကန်ကိုရောက်လာတော့

မြောက်ပိုင်းကာရိုးလိုင်းနားမှာ

လမ်းလျှောက်သူကို မတွေ့ပါ။

ဘတ်စ်ကားလည်း မတွေ့မိပါ။

ထူးဆန်းသလို ခံစားမိပါတယ်။

သူငယ်ချင်းကို မေးကြည့်မိပါတယ်။

“ ကားမရှိသူတွေ ဘယ်လိုခရီးသွားသလဲ”

လို့ပေါ့။


သူငယ်ချင်းက

“ ကားမရှိသူတွေ မရှိဘူး၊

အလုပ်ရှိရင် ကားရှိရတယ်။

ကားရှိမှ အလုပ်သွားလို့ရတယ်။

အလုပ်ကလည်း အနီးမှာ မရှိဘူး။

အဝေးမှာပဲရှိတော့ ကိုယ်ပိုင်ကားနဲ့သွားမှအစဉ်ပြေမယ်၊”

ကျနော်တို့ ရောက်စဆိုတော့ ဘယ်မှာကားရှိမလဲ၊

ကားလည်း မရှိ၊ အလုပ်လည်းမရှိပါ။

သူငယ်ချင်းကလိုက်ပို့မှ အပြင်ထွက်ဖြစ်တယ်။

သူငယ်ချင်းက အလုပ်သွားရင်တော့ လင်မယားနှစ်ယောက်စလုံး အိမ်ထဲမှာ

စာဖတ်၊စာရေး၊စာကျက်၊အိမ်အလုပ်လုပ်ရတယ်။

ဘာမှလုပ်စရာမရှိရင် အိပ်။

သူငယ်ချင်းရဲ့အိမ်မှာ ကိုယ်ပိုင်ကား သုံးစီးရှိတယ်။

တစ်စီးက သူငယ်ချင်းအလုပ်သွားတဲ့အခါ သုံးတယ်။

တစ်စီးကတော့ အလုပ်မပျက်ချင်တဲ့အတွက် အရန်ကားအဖြစ်အိမ်ဘေးမှာ ရပ်ထားတယ်။

နောက်ကားတစ်စီးကတော့ သူငယ်ချင်းရဲ့သမီးက တက္ကသိုလ်ကျောင်းတက်တဲ့အခါ သုံးတယ်။

သူငယ်ချင်းရဲ့အမျိုးသမီးက ကားမမောင်းတတ်တဲ့အတွက် အမျိုးသားဖြစ်စေ၊

သမီးဖြစ်စေလိုက်ပို့ပေးမှ အပြင်ထွက်ဖြစ်တော့တယ်။


ရန်ကုန်ကပါလာတဲ့

ကားမောင်းလိုင်စင်ကလည်း ဒီမှာ သုံးလို့မရ။

ကဲ…ဘာလုပ်မလဲ...?

သူငယ်ချင်းကိုတိုင်ပင်ကြည့်တော့

“ငါအားတဲ့အခါ ကားမောင်းသင်ရမယ် ”

လို့ပြောတယ်။

“ ဒီမှာက ကားမောင်းမတတ်လို့မရဘူး၊

ကားမောင်းလိုင်စင်က အမျိုးသားမှတ်ပုံတင်(I.D) ဘဲ” တဲ့။

သူငယ်ချင်းက အလုပ်များသူဖြစ်တယ်။

သူ မအားချိန်မှာတော့ လင်မယားနှစ်ယောက်ဟာ စာကျက်ရပါတယ်။

ကားမောင်းလိုင်စင်ရုံးက ရလာတဲ့-

DRIVER'S HANDBOOK (ကားမောင်းသမားများအတွက် လက်စွဲ)

စာအုပ်ကို ကျက်၊မှတ်ရခြင်းဖြစ်ပါတယ်။


အမေရိကန်နိုင်ငံတွင် ကားမောင်းလိုင်စင်ရဖို့အတွက်...

၁။ အမြင်ကောင်း၊မကောင်း (Vision;)

၂။ လမ်းစည်းကမ်းသိ၊မသိစစ်ဆေးခြင်း ( Traffic signs;)

၃။ မော်တော်ကားနှင့်ပတ်သက်တဲ့ ဥပဒေဆိုင်ရာ ဗဟုသုတများ၊

(Knowledge of motor vehicle laws;)

၎။ ကားမောင်းကျွမ်းကျင်မှု (Driving skill (on-road test;)

တို့ကို စစ်ဆေးပါတယ်။


အားလုံးအောင်မြင်မှသာ

ကားမောင်းလိုင်စင်ကို ရရှိမှာဖြစ်ပါတယ်။

( ၁+၂+၃ )ကို

ရေးဖြေအဖြစ်တစ်ရက်ဖြေရပါတယ်။

နှစ်ကြိမ်ဖြေလိုက်ရပါတယ်။

ပထမအကြိမ်ဖြေတယ်။ ကျတယ်။

နောက်နှစ်ရက်ခြား

ဒုတိယအကြိမ်ပြန်ဖြေတော့မှ အောင်မြင်တယ်။


အီလုံတက္ကသိုလ်ကျောင်း (၁၀)ရက်ပိတ်တော့မှ

သူငယ်ချင်းက အလုပ်အားတော့တယ်။

သူပြောထားတဲ့အတိုင်း အီလုံတက္ကသိုလ်ဝန်းအတွင်း

လူရှင်းရှင်းနဲ့ကားရှင်းရှင်းနဲ့ကားမောင်းသင်ရတယ်။

တက္ကသိုလ်ကျောင်းဖွင့်ချိန်မှာတော့

ကျောင်းသူကျောင်းသားတိုင်းလိုလို

ကားကိုယ်စီနဲ့မို့ ကားများနဲ့ပြည့်ကြပ်နေပါတယ်။

ကျောင်းပိတ်တော့

ကားရှင်းရှင်းနဲ့ ကားမောင်းသင်ဖြစ်တယ်။

သုံးရက်ကားမောင်းသင်ပြီး စတုတ္ထမြောက်နေ့မှာ စာမေးပွဲ ဝင်ဖြေရတယ်။

တစ်ခါတည်းနဲ့ ကားမောင်းစာမေးပွဲ (Road Test ) အောင်မြင်သွားတယ်။

တစ်ပတ်အကြာမှာတော့

ကားမောင်းလိုင်စင်ဟာ စာတိုက်ကတစ်ဆင့် အိမ်ကိုရောက်လာခဲ့ပါတယ်။


အမေရိကန်နိုင်ငံကိုရောက်လာသူအဖို့

ကားမောင်းလိုင်စင်ဟာ အရေးကြီးတဲ့၊

စာရွက်စာတမ်းတစ်ခုဖြစ်ပါတယ်။

မော်တော်ကားဟာလည်း ဇိမ်ခံပစ္စည်းတစ်ခုမဟုတ်တော့ပါ။

အလုပ်လုပ်ဖို့အတွက် မရှိမဖြစ် အရာတစ်ခုဖြစ်နေပါပြီ။


( မှတ်ချက်။ ။ ကျနော်တို့ လင်မယားနှစ်ဦးစလုံးကို ကားမောင်းလိုင်စင်ရတဲ့အထိ

အစစအရာရာကူညီပေးခဲ့တဲ့ သူငယ်ချင်း ကိုလှမင်းကို

အထူးကျေးဇူးတင်ပါကြောင်းပြောကြားလိုပါတယ်။ )




လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com