Monday, March 28, 2011

“ အပျော်ဆုံးလူ…”


သတိရတိုင်း ပစ္စုပ္ပန်တည့်တည့်လေးသိပြီး

သတိကပ်ပြီး နေပါ့မယ်လို့

အဓိဋ္ဌာန်ပါ။


ဘာဘဲလုပ်လုပ်၊

ဘာဘဲတွေးတွေး၊

အချိန်မရွေး၊ အခါမရွေး၊ သတိနဲ့နေရတာ

အကောင်းဆုံးပါပဲ။


ဆရာဝန်တစ်ဦးအနေနဲ့ ဆေးခန်းရောက်လို့

လူနာတွေ စမ်းသပ်ကြည့်ရှုရတဲ့အခါ

မှာလည်း တတ်နိုင်သလောက် သတိလေးကပ်ပြီး၊

သိပြီး တော့ လုပ်ပါတယ်။


ဘုရားကို ကြည်ညိုရင်

တရားနဲ့ပူဇော်ပါ။

( ရသလောက် သတိပဋ္ဌာန်တရားလေးနဲ့နေပါ )


အပျော်ဆုံးလူဆိုတာ ကိုယ့်မှာရှိတဲ့ကောင်းတဲ့

အရည်အချင်းတွေကို အမြင့်မားဆုံး၊ အကောင်းဆုံး

ဖြစ်အောင် ထုတ်ဖော်လိုက်တဲ့ လူပဲ။


ဆရာဝန်ဆိုရင် လူနာကို ရောဂါပျောက်ကင်းအောင်

ဆိုပြီးတော့ မေတ္တာ၊ စေတနာ၊အပြည့်နဲ့ကုသပေးလိုက်တယ်

ဆိုရင် သူ့မှာ မေတ္တာ၊စေတနာအပြည့်ပါတဲ့စိတ်ထား

ဖြစ်နေတဲ့အတွက်ကြောင့် မြင့်မြတ်မှု သဘောရှိပါတယ်။


စိတ်အေးချမ်းမှု၊ မြင့်မြတ်မှုရဖို့က တော့

ဝိပဿနာတရားကို တကယ်ကြိုးကြိုးစားစား အားထုတ်မှ

ဖြစ်မှာပါ။


တရားအားထုတ်လို့ ပိုပြီးသတိ၊ သမာဓိ ၊တွေ

ရင့်ကျက်ပြီး ပိုသိမ်မွေ့တဲ့အာရုံတွေကိုသိနိုင်တဲ့

အဆင့်ရောက်ရင်တောင်မှ

အာနာပါနနဲ့ ထိသိကို

အခြေခံအနေနဲ့ ဘယ်တော့မှ

လက်မလွှတ်သင့်ဘူး။


တကယ် အဓိကအကျဆုံးအလုပ်က

အသိဉာဏ် ပါ။

ဘဝဖြစ်လာတာဟာ အသိဉာဏ်ရဖို့ဆိုရင်

စိတ်ဓာတ်မြင့်မားမှ၊

စိတ်ဓာတ်မြင့်မြတ်မှုရှိမှ၊

ဖြစ်နိုင်မယ်။


တရားဆိုတာ သစ္စာတရား၊

အမှန်တရား။

အမှန်တရားကို တကယ်သိချင်ရင်

သစ္စာရှိမှပဲ ဖြစ်တယ်။

ရိုးသားမှုအပြည့်အဝ ရှိမှပဲ ဖြစ်တယ်။


ဘဝရဲ့အရည်အသွေးကိုကောင်းစေတာ

အသိဉာဏ်ပါ။

အသိဉာဏ်ရှိဖို့ဆိုတာ အသိရှိမှ ဖြစ်မယ်။

(ဆရာတော် ဦးဇောတိက )


Saturday, March 26, 2011

" အရေးကြီးဆုံးက သဘောထားမှန်ဖို့ပါ..."


တရားအားထုတ်စဉ်
အရေးကြီးဆုံးက သဘောထားမှန်ဖို့ပါ...။

စိုက်မရူနဲ့၊
ထိန်းမရူနဲ့၊
လုပ်မရူနဲ့၊
ချုပ်မရူနဲ့။


ဖြစ်အောင်လည်း မလုပ်နဲ့၊
ပျက်အောင်လည်း မလုပ်နဲ့။
ဖြစ်တိုင်းပျက်တိုင်းလည်း မမေ့နဲ့၊
သိနေရမယ်။


ဖြစ်အောင်လုပ်ရင် လောဘ၊
ပျက်အောင်လုပ်ရင် ဒေါသ၊
ဖြစ်တိုင်း ပျက်တိုင်း မသိရင် မောဟ။


ရှုမှတ်စိတ်မှာ
လောဘ၊ ဒေါသ ၊ သောကမပါမှ
ရှုမှတ်စိတ်ဖြစ်မယ်။


ဘယ်လို သဘောထားနဲ့
အားထုတ်နေလည်းလို့
မပြတ်စစ်ဆေးကြည့်ရမယ်။


ကောင်းတာလည်း ရှုရမှာပဲ။
ဆိုးတာလည်း ရှုရမှာပဲ။


ကောင်းတာမှ လိုချင်တယ်။
မကောင်းတာဆို နည်းနည်းမှ မလိုချင်ဘူးဆိုရင်
တရားပါ့မလား...?


မျှော်လင့်ချက်မပါစေနဲ့
လိုချင်တာ မပါစေနဲ့
ကြောင့်ကြစိတ် မပါစေနဲ့
ဒီသဘောထားတွေ ရှုစိတ်ထဲရှိနေရင်
တရားအားထုတ်လို့ အဆင်မပြေနိုင်ဘူး။


ကျနော်ဟာ
တရားစခမ်းအတော်များများကိုဝင်ခဲ့ဘူးပါတယ်။

အတွေ့အကြုံလည်း များစွာရခဲ့ပါတယ်။
သဘောထားမှန်ရင် နည်းလမ်းမှန်လာပါတယ်။
နည်းလမ်းမှန်တော့ အလုပ်မှန်လာပါတယ်။
အလုပ်မှန်လာတော့ စိတ်ထားမှန်လာပါတယ်။
စိတ်ထားမှန်တော့ သတိ၊ဥာဏ်တွေတိုးတက်လာပါတယ်။
အရာရာဟာ ကျေနပ်စရာကောင်းလှပါတယ်။

Friday, March 25, 2011

" ငါ ပညာတတ်ဖို့ဟာ ငါ့တာဝန်ပဲ..."


ငါ ပညာတတ်ဖို့ဟာ ငါ့တာဝန်ပဲ။

ငါ အစွမ်းကုန်ကြိုးစားမှ ဖြစ်မယ်။

ဘယ်လို အခက်အခဲ ရှိရှိ…

ငါ ဖြစ်အောင်လုပ်မယ်။


ဖြစ်အောင်လုပ်မယ်ဆိုတဲ့သူအတွက်

ဖြစ်နိုင်တဲ့ နည်းလမ်းကောင်းတွေ

တစ်မျိုးပြီးတစ်မျိုးတွေ့မှာ သေချာတယ်။


ကိုယ့်ဘဝမှာ

ကောင်းတာတွေဖြစ်လာဖို့ဆိုတာ

ကိုယ့်ဟာ ကိုယ်ဆုံးဖြတ်ရမယ်၊

ရွေးချယ်ရမယ်၊

တာဝန်ယူရမယ်။


ဘယ်လိုမှ ရှောင်လွှဲလို့မရတော့တဲ့ သေခြင်းတရားနဲ့

တွေ့တဲ့အချိန်မှာ

အဲဒီသေခြင်းတရားကို အေးအေးဆေးဆေးလက်ခံနိုင်တာဟာ

လွတ်လပ်တာပဲ။

ဆော့ကရေးတီးကို သေဒဏ်ပေးလိုက်တဲ့သူတွေက

မလွတ်လပ်တဲ့သူတွေ ဖြစ်တယ်။

ဆော့ကရေးတီးကတော့ လွတ်လပ်တဲ့သူပဲ ။


ကိုယ့်ကိုယ်ကို ပိုပြီးတော့

ကောင်းတဲ့လူတစ်ယောက်ဖြစ်လာအောင်

ပုံဖေါ်နိုင်တဲ့ ဖန်တီးယူနိုင်တဲ့စွမ်းရည်သတ္တိဟာလည်း

လွတ်လပ်မှုတစ်မျိုးဖြစ်တယ်။


အရာရာတိုင်းကို အတ္တရှုဒေါင့်ကနေ

ကြည့်နေလို့ လေးလံတာပါ။


လေးစားတဲ့စိတ်၊

တန်ဖိုးထားတဲ့စိတ်၊

ချစ်တဲ့စိတ်နဲ့

ဆက်ဆံရတာ အင်မတန်လေးနက်တယ်။


လောကမှာ တကယ်စိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်၊

တကယ်အသိဉာဏ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်လို့

ခေါ်လောက်တဲ့ပုဂ္ဂိုလ်တွေဟာ သူများတွေ

ဘယ်လိုနေနေ

သူတို့ရဲ့လေးနက်တဲ့၊

မြင့်မြတ်တဲ့ခံယူချက်ဟာ

ဘယ်တော့မှ မပြောင်းဘူး။


( ဆရာတော်ဦးဇောတိက )

Thursday, March 24, 2011

" သတိနဲ့ဉာဏ်နဲ့ ပြောပါ..."


ကိုယ့်ကိုယ်ကို သူများအောက်ကိုလည်း နှိမ့်ဖို့မလိုဘူး။

ကိုယ့်ကိုယ်ကိုသူများအထက်ကိုလည်း မြှင့်ဖို့မလိုဘူး။

ရိုးရိုးသားသား မှန်မှန်ကန်ကန် တန်းတူရည်တူပဲ

ကြည့်တတ်ဖို့လိုတယ်။


စကားပြောတဲ့အခါမှာလည်း သတိနဲ့ဉာဏ်နဲ့ ပြောပါ။

သတိဟာလူကို ပိုပြီး အသက်ဝင်စေတယ်။

သတိဟာ စိတ်ကိုပိုပြီးအားရှိစေတယ်။


အရင်တုန်းကထက်

စိတ်ထားတွေ၊ သဘောထားတွေ၊

အသိဉာဏ်တွေ သာတဲ့လူတစ်ယောက်ဖြစ်လာအောင်

လုပ်နေတာကိုက ကိုယ့်ရဲ့လိုအပ်ချက်ကို

ကိုယ်ဖြည့်ဆည်းနေတာပဲ။


အင်မတန်စူးရှတဲ့၊

အင်မတန်ထက်မြက်တဲ့၊

အင်မတန်အင်အားကြီးတဲ့၊

သတိနဲ့ပညာက

ကိုယ့်ရဲ့ချို့ယွင်းချက်လေးတွေကို

သူ့ဟာသူ ပြင်ပြင်ပြီးတော့ သွားတတ်တယ်။


စိတ်ဓာတ်အင်အားပျော့ညံ့တဲ့သူ၊

စစ်မှန်တဲ့သတ္တိမရှိတဲ့သူတွေဟာ

သူတစ်ပါးကို အနိုင်ကျင့်တဲ့သူတွေ

ဖြစ်လာတယ်။


တာဝန်ယူတာဟာအမှန်တော့

လွတ်လပ်မှုတစ်မျိုးပဲ။


ဒီအခြေအနေမှာ ဒီလိုလုပ်မှ ဖြစ်မယ်လို့သိပြီးတော့

အခြေအနေနဲ့ကိုက်အောင်လုပ်နိုင်တာဟာ

လည်း ပဲ လွတ်လပ်မှုတစ်မျိုးပဲ။


ဘယ်အချိန်သေသေ၊

သေမှာကိုကြိုတင်ပြင်ဆင်ထားပြီး

အချိန်မရွေးသေတာကို လက်ခံနိုင်တဲ့စိတ်မျိုးနဲ့

နေသွားနိုင်ရင် လွတ်လပ်တဲ့စိတ်နဲ့နေတယ်လို့ ဆိုနိုင်တယ်။


တွေ့ကြုံနေရတဲ့ အခက်အခဲကို ကိုယ့်ဘဝအတွက်

အကောင်းဘက်ကို ရောက်သွားဖို့ရာ အခွင့်အရေးတစ်ခု

အနေနဲ့ မြင်တတ်ရင် ကိုယ့်ဘဝဟာ

ကြာလေ တိုးတက်လေ ဖြစ်မယ်။

ကြာလေ အဆင်ပြေလေဖြစ်မယ်။

ကြာလေ စိတ်ထားရင့်ကျက်လေ ဖြစ်မယ်။

ကြာလေ စိတ်ဓာတ်အင်အားကြီးသူ ဖြစ်လာမယ်။

ပိုပြီးလွတ်လပ်သူ ဖြစ်လာမယ်။


ဆရာတော်ဦးဇောတိက



Tuesday, March 22, 2011

" ဂုဏ်ယူစရာ အရက်ပါ..."



တစ်ခါတုန်းက
သေမင်းဟာ သူရဲ့တရားရုံးမှာ ရုံးထိုင်နေပါတယ်။
လူများအား ဒုက္ခအမျိုးမျိုးပေးနိုင်တဲ့ ဝန်ကြီးချုပ်တစ်ဦးကို ရှာနေပါတယ်။
အဲဒီရာထူးအတွက်လျှောက်ထားသူများရဲ့တင်ပြချက်များကို သေမင်းက နားထောင်နေခဲ့ပါတယ်။
မကောင်းဆိုးဝါး (၇)ဦးကလည်း အဲဒီရာထူးအတွက် လျှောက်ထားကြပါတယ်။
ငတ်မွတ်ခြင်း၊ဘေးဆိုးကြီးကလည်း အဲဒီရာထူးကို လျှောက်ထားပါတယ်။
နောက်ဆုံးမှာ မကောင်းမှုပြုနိုင်သူ နှစ်ဦးအပြိုင်အဆိုင်ပေါ်လာပါတယ်။
တစ်ဦးက လောဘနဲ့ နောက်တစ်ဦးက တယူသန်သူဖြစ်ပါတယ်။
လောဘက စစ်ဖြစ်အောင်လုပ်ပြီး လူတွေအများကြီးသေအောင် ဒုက္ခရောက်အောင်လုပ်နိုင်ပါတယ်လို့ကတိပြုပါတယ်။
တယူသန်သူက တော်လှန်ရေးဖြစ်အောင်လုပ်ပြီး အများဆူပူအုံကြွမှုဖြစ်အောင်
လုပ်ပေးပါမယ်လို့ ကတိပြုပါတယ်။
သေမင်းက အဲဒီနှစ်ဦးထဲကတစ်ဦးကို ရွေးချယ်ဖို့် စဉ်းစားနေတုန်း
နောက်ထပ် အဲဒီရာထူးလျှောက်ထားသူတစ်ဦး ထပ်ပေါ်လာပါတယ်။
လျှောက်ထားသူမှာ ကျက်သရေရှိပြီး လှပတဲ့အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။
သူမရဲ့စကားကို သေမင်းက အလွန်သဘောကျသွားပါတယ်။

" စစ်တို့ တော်လှန်ရေးတို့ဆိုတာလူအများသေစေနိုင်တယ်ဆိုတာ မှန်နိုင်ပါတယ်။
ဒါပေမယ့် စစ်နဲ့တော်လှန်ရေးဆိုတာမျိုးတွေဟာ ဖြစ်နိုင်ခဲတဲ့ဖြစ်ရပ်များဖြစ်ပါတယ်။
တကယ်တော့ သေမင်းလိုတာက အေးချမ်းပြီး သာယာဝပြောနေတဲ့ကာလမှာပင် အသေအပျောက်များဖို့မို့လား
အဲဒီလိုဖြစ်အောင် ကျမလုပ်နိုင်ပါတယ်။
ကျမသူငယ်ချင်း ခေတ်ယဉ်ကျေးမှုနဲ့အတူ ပူးပေါင်းပြီး
သေမင်းဆန္ဒပြည့်ဝအောင် ဖြည့်ပေးနိုင်ပါတယ်။
လူတွေဟာ ချမ်းသာမှုတွေ ပေါများကြွယ်ဝမှုတွေကို များများခံစားလာတာနဲ့အမျှ
သေကျေဆုံးရှုံးမှုတွေဟာ များလာမှာပါ။
စစ်ကာလ အေးချမ်းသာယာပြည့်ဝတဲ့ကာလမှာ သေဆုံးတဲ့ဦးရေက ပိုများမျာပါ "
လို့ရှင်းပြပါတယ်။
သေမင်းက အဲဒီစကားကြားတဲ့အခါ အလွန်သဘောကျပြီး
တင်ပြသူရဲ့အမည်ကိုမေးပါတယ်။
ကျမနာမည်က သေရည်ဆိုတဲ့အရက်ပါ။"
လို့ ပြန်ဖြေပါတယ်။
သေမင်းဟာ အရက်အား ဝန်ကြီးချုပ်ရာထူးကို ခန့်လိုက်ပါတယ်။
အဲဒီအချိန်ကစပြီး အခုအချိန်အထိ သူ့တာဝန်တွေကို
ကျေကျေပြွန်ပြွန်ဆောင်ရွက်နေပါတော့တယ်။

(အင်္ဂလိပ်စာရေးဆရာမကြီး အယ်မလီဗရွန်တီဟာ
ငယ်စဉ်အခါက ရေးသားခဲ့တဲ့ဇာတ်လမ်းတစ်ပိုဒ်ဖြစ်ပါတယ်)









Monday, March 21, 2011

" ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်နိုင်တဲ့အခါ..."


လွန်ခဲ့တဲ့နှစ်များစွာက နယူးရောက်မြို့ရှိ လူချမ်းသာ မိသားစုမှာ
ကလေးငယ်တစ်ဦး မွေးဖွားလာခဲ့ပါတယ်။
အဲဒီကလေးမှာ အမြင်အာရုံအားနည်းပါတယ်။
ကျန်းမာရေး ချို့တဲ့လွန်းတဲ့အတွက် သူဟာ အခြားကလေးများနည်းတူ
ကျောင်းကိုပင် ကောင်းကောင်းမတက်နိုင်ခဲ့ပါ။
အခြားကလေးများနဲ့လည်း အတူတူမကစားနိုင်ပါ။
သူဟာ ဘောလုံးသိပ်ကန်ချင်ပါတယ်။
ဒါပေမယ့် သူမကစားနိုင်ပါ။
ကောင်လေးက သူ့အား အခြားကလေးများကစားတဲ့ ကြမ်းကြမ်းတမ်းတမ်း ကစားရတဲ့
ကစားနည်းများတွင် ပါဝင်ခွင့်ပြုဖို့တောင်းဆိုတယ်။
ဒါပေမယ့် သူရဲ့ကျန်းမာရေးကြောင့် သူ့ကို ကစားခွင့်မပြုခဲ့ကြပါ။
ဒီတော့
ကောင်လေးက အားလုံးကြားလောက်အောင် ကြေညာပါတော့တယ်။
" ဆရာဝန်တွေ ပြောချင်တာ ပြောပါစေ၊
ငါ ဒီနေ့ကစပြီးသန်မာအောင်လုပ်မယ်။
ဒီလောက်ချိနဲ့တဲ့ ကိုယ်ခန္ဓာကို
လေ့ကျင့်ပြီး အားကစားသမားတစ်ဦးဖြစ်အောင်လုပ်မယ် "
လို့ ကြေညာခဲ့ပါတယ်။
အစပိုင်းမှာ လေ့ကျင့်ခန်းကို ဖြည်းဖြည်းသာ လုပ်ပါတယ်။
နောက်ပိုင်းမှာ ပိုပိုပြီး လေ့ကျင့်ခဲ့ပါတယ်။
အစပိုင်းမှာ စိတ်ပျက်စရာတွေနဲ့ တွေ့ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့အောင်မြင်လာခဲ့ပါတယ်။
လူငယ်ဘဝမှာတော့ သူဟာအနောက်ပိုင်းဒေသသို့သွားပြီး.
ကျွဲခြံ၊ နွားခြံများမှာအလုပ်သွားလုပ်ပါတယ်။
အဲဒီအချိန်တုန်းက တစ်နေ့တာရဲ့နာရီပေါင်းများစွာကို မြင်းကုန်းနှီးပေါ်မှာ
အချိန်ုကုန်ခဲ့ပါတယ်။
အခြားကျွဲကျောင်းသား၊ နွားကျောင်းသားများစွာက
သူ့ကို ချစ်ခင်လေးစားကြတယ်။
အဲဒါကြောင့် အမေရိကန်နဲ့စပိန်တို့ဖြစ်တဲ့စစ်ပွဲမှာ
အဲဒီလူငယ်လေးဦးဆောင်တဲ့မြင်းစီးသူရဲတပ်ဖွဲ့မှာ
ကျွဲကျောင်းသား၊နွားကျောင်းသားများစွာပါဝင်လာကြတယ်။
အဲဒီကောင်လေးကိုချစ်ခင်တဲ့အတွက်ကြောင့်
စစ်ပွဲမှာ ပါဝင်လာကြခြင်းဖြစ်တယ်။
အဲဒီအချိန်ကစပြီး
" အကြမ်းမြင်းသည်တော်များ "လို့ အမည်တွင်လာကြပါတယ်။
အဲဒီကောင်လေးကတော့
တစ်ချိန်မှာတော့ အမေရိကန်နိုင်ငံတော်ရဲ့ ၂၆ယောက်မြောက်
အမေရိကန်သမ္မတကြီး သီအိုဒို ရုစဗဲ့ ဖြစ်လာပါတယ်။

ကဲ... ဘာစိတ်ပျက်ဖို့လိုသလဲ။
ဒါဟာ တစ်ချိန်တုန်းက အားနည်းချက်တွေကို
အားသာချက်တွေဖြစ်လာအောင် အသွင်ပြောင်းနိုင်တယ်ဆိုတဲ့ သာဓကပဲ မဟုတ်လား။
အဓိက ကတော့ ကိုယ့်စိတ်ကို ကိုယ်အောင်နိုင်ခဲ့မယ်ဆိုရင်
ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့ အဖြစ်အပျက်ပါပဲ။
ကဲ... အမေရိကန်မှာ အောင်မြင်တဲ့ပုဂ္ဂိုလ်တွေ
ဖြစ်အောင် ကြိုးစားလိုက်ကြရအောင်လား။
ဘယ်သူမဆို ဖြစ်အောင်ကြိုးစားနိုင်ပါတယ်။

Friday, March 18, 2011

“ ဒန်းစီးခြင်း…”


ရှေ့တိုးလိုက်၊


နောက်ဆုတ်လိုက်နဲ့၊


အောင်မယ်လေး


ကောင်းလှချည်းလားနော်။


(သားသားလေး)

Thursday, March 17, 2011

“ မင်းအမေဆီ သွားပေါ့…”



သည်းမခံနိုင်တော့တဲ့အဆုံး မိန်းမဖြစ်သူ မကြိုင်ကြိုင်က

ယောက်ျားကိုမြင့်နိုင်ကို ပြန်အော်တယ်။


“ ရှင့် ကျမကို နှိပ်စက်တာ လွန်လွန်းပြီ၊

ဘယ်မိန်းမမှ ရှင့်အနွံအတာကို မခံနိုင်ဘူးရှင့်၊

နားလည်လား ”


“ မခံနိုင်ရင် မင်းအမေနောက် လိုက်သွားဟေ့၊

မတားဘူး ”


“ ကျမအမေ ဆုံးသွားပြီ ဆိုတာ

ရှင်သိတယ်မဟုတ်လား ”


ကိုမြင့်နိုင်က ပြန်ပြောလိုက်တာက...

“ သိလို့ပြောတာပေါ့ ”


Wednesday, March 16, 2011

" လွတ်လပ်မှုဟာ ငါတို့ရဲ့အကောင်းဆုံးရတနာ..."





လွတ်လပ်မှုဟာ
ငါတို့ရဲ့အကောင်းဆုံး၊

အသိမ်မွေ့ဆုံး၊
အမွန်မြတ်ဆုံး၊
အလှပဆုံး ရတနာဖြစ်တယ်။

လွတ်လပ်မှုဟာ တန်ဖိုးထားစရာ
တွေ အားလုံးရဲ့မိခင်ဖြစ်တယ်။

တစ်နေ့ထက်တစ်နေ့ ပိုပြီး အသိဉာဏ်ရှိတဲ့သူ
ဖြစ်လာဖို့ ကြိုးစားနေရတာ
တစ်နေ့ထက်တစ်နေ့ ပိုလွတ်လပ်လာဖို့
ကြိုးစားနေရတာ အဓိပ္ပာယ်ရှိတယ်။

မှန်တာကို လုပ်ရဲတာဟာ
ရိုးသားမှုနဲ့ သတ္တိ နှစ်မျိုးလုံးရှိလို့ပါ။
ရိုးသားမှုနဲ့ သတ္တိရှိတဲ့သူမှသာ
လွတ်လပ်တဲ့သူ ဖြစ်တယ်။

ပေးမှ ရတဲ့လွတ်လပ်မှုဟာ
လွတ်လပ်မှု အစစ်မဟုတ်ဘူး။
ဘယ်သူကမှ လွတ်လပ်မှုကို ပေးလို့မဘူး။
မိမိဘာသာ ဖြစ်အောင် လုပ်ယူမှ ရတယ်။

ဘယ်သူ့ဆီကမှ ခွင့်တောင်းစရာမလိုတဲ့
လွတ်လပ်မှုကို အပြည့်အဝယူပါ။
ဒီအခွင့်အရေးကို ယူနိုင်တဲ့သူဟာ
ကျန်တဲ့အခွင့်အရေးတွေ ကိုပါရလာမယ်။

လွတ်လပ်တဲ့သူရဲ့ဘာသာတရားမှာ
ဆုပေးတာမရှိဘူး။
ဒဏ်ပေးတာ မရှိဘူး။
ဉာဏ်ကို ပြည့်ပြည့်ဝဝသုံးပြီး
အမြင့်ဆုံး၊အမြတ်ဆုံးကို လုပ်တာပဲရှိတယ်။

စိတ်ထားနဲ့ အသိဉာဏ်မြင့်သွားလေလေ၊
လွတ်လပ်မှုကို မြတ်နိုးလေလေပဲ။

လွတ်လပ်မှုဟာ ချမ်းသာအစစ်ပဲ။

ပစ္စည်းတွေတော့ အများကြီး ပိုင်ပါတယ်။
ဒါပေမယ့် ကိုယ့်ဘဝကိုယ် ကိုယ်မပိုင်ဘူး။
ဘာဖြစ်လို့လဲ။
ဘဝကို ရောင်းစားထားလို့ပေါ့။
ငွေရပြီး ဂုဏ်ရှိပြီး လွတ်လပ်မှုမရှိတဲ့ဘဝကို မက်မောတာဟာ
ဘဝရဲ့မြင့်မြတ်တဲ့သဘောကို မခံစားတတ်လို့ပါ။

ငါ့မှာ အရည်အချင်းရှိဖို့၊
သတ္တိရှိဖို့၊
စည်းကမ်းရှိဖို့၊
ဇွဲရှိဖို့၊
ပညာတတ်ဖြစ်ဖို့၊
ငါတာဝန်ယူတယ်လို့ ပြောနိုင်တဲ့စိတ်ဟာ
လွတ်လပ်တဲ့စိတ်ဖြစ်တယ်။

ကိုယ့်အရည်အချင်းတွေကို ကိုယ့်အမြဲတမ်း မြှင့်တင်နေရမယ်။
ကိုယ့်စိတ်ဓာတ်ကို ခိုင်မာအောင် ၊ရင့်ကျက်အောင်
လေ့ကျင့်နေရမယ်။
ငါဟာ ဉာဏ်ရှိတဲ့သူ၊
သတ္တိရှိတဲ့သူ၊
အမှား၊အမှန်၊ အကောင်းအဆိုး၊
တရားတယ်၊ မတရားဘူးဆိုတာကို
ခွဲခြားပြီးသိတဲ့သူဆိုတာကို ဖော်ပြနိုင်ရမယ်။

( ဆရာတော် ဦးဇောတိက)
လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com