Saturday, October 24, 2009
ငါနဲ့ မတူ… ငါ့ရန်သူ…
Sunday, October 18, 2009
တစ်ချိန်တုန်းက...အချမ်းသာဆုံးပုဂ္ဂိုလ်...
ကြားဖူးကြမှာပါ။
သူဌေးကြီး ဂျွန်ဒီရော့ကဖဲလား ဆိုတာလေ။
သူ့ခေါင်းထဲမှာ တစ်ချိန်လုံး ငွေအကြောင်းပဲ တွေးနေတယ်။
အမြဲတမ်း ငွေအတွက်ပဲ စိုးရိမ်ပူပန်နေတယ်။
ငါ့ကို ဘယ်သူတွေက လိမ်မလဲ?
ငါ ခိုင်းထားတဲ့ ဘယ်သူတွေက သစ္စာဖောက်သွားမလဲ?
အမြဲ တကြောင့်ကြကြ ဖြစ်နေတော့ သူက ပိုက်ဆံရှိပေမယ့် စည်းစိမ်မခံနိုင်ဘူး။
တကယ်တော့ သူ ဟာငွေကိုမပိုင်၊
ငွေကသာ သူ့ကိုပိုင်ပြီး သူ့အရှင်သခင်ဖြစ်သွားတယ်။
သူ့မှာ ငွေတွေကုန်သွားမှာ၊
စီးပွားပျက်သွားမှာ ကြောက်တဲ့စိတ်တွေ နှိပ်စက်တဲ့အတွက်
စိတ်ထောင်းကိုယ်ကြေ ဆိုတာလိုဖြစ်ပြီးခန္ဓာကိုယ်မှာ ရောဂါတွေ ဝင်လာတယ်။
အစာအိမ်က ခံနိုင်ရည်မရှိ ဖြစ်လာတယ်။
အစာအိမ်ရောဂါကြောင့် နို့နဲ့ပေါင်မုန့်ကလွဲပြီး ဘာမှမစားနိုင်ဘူး။
သူခိုင်းထားတဲ့ အနိမ့်ဆုံး အဆင့်ဝန်ထမ်းကမှ
သူ့ထက်စားနိုင်၊သောက်နိုင် ကောင်းကောင်းမွန်မွန် နေနိုင်သေးတယ်။
သူနဲ့သူ့ဝန်ထမ်းကလေး ဘယ်သူက ပိုချမ်းသာသလဲ စဉ်းစားစရာပါ။
လောဘစိတ်နဲ့ကြောက်စိတ် နှစ်ဖက်ညှပ်တိုက်လို့ ခံနိုင်တဲ့သူဆိုတာ မရှိပါဘူး။
အနည်းဆုံးတော့ ကျန်းမာရေးပျက်စီးသွားမှာ သေချာတယ်။
နောက်တစ်ဆင့်ကတော့ စိတ်ချမ်းသာမှုဆုံးရှုံးသွားဖို့သေချာပါတယ်။
ကျန်းမာရေးနဲ့စိတ်ချမ်းသာမှု အဆုံးရှုံးခံပြီး ရလာတဲ့ငွေဟာ
ကိုယ့်ဘဝအတွက်တန်သလားလို့အမြဲတမ်းမေးသင့်ပါတယ်။
အမှတ်တရလားကွယ်?
ဆေးခန်းတစ်ခုရှေ့တွင် လူနာအများအပြားစောင့်နေကြတယ်။
ဆရာဝန်ကြီးကမလာသေးပါ။
ခန္ဓာဗေဒကို စိတ်ဝင်စားစေလိုသောစေတနာဖြင့်
လူအရိုးစုတစ်ခုကို ဆေးခန်းထဲတွင်ချိတ်ဆွဲထားပါတယ်။
လူနာနှစ်ဦးပြောသောစကားကိုကြားလိုက်ရတာကတော့
“ဒီဆရာဝန်က သူရဲ့ဆေးခန်းထဲမှာ လူအရိုးစုကို ဘာဖြစ်လို့ ချိတ်ဆွဲထားရတာလဲ?”
“မပြောတတ်ဘူးလေ၊
ဖြစ်နိုင်တာကတော့ သူ့ရဲ့ပထမဦးဆုံး လူနာဖြစ်မယ်ထင်တယ်။”
နောက်နေ့မှစပြီး လူအရိုးစုကို မတွေ့ရတော့ပါ။ ။
Saturday, October 17, 2009
အပြောထက်...အလုပ်ခက်...
ပေါက်တူးတစ်လက်နဲ့ မြေကြီးကိုပေါက်နေတယ်။
အတန်ကြာတော့ မောမောနဲ့ ကုန်းကမူလေး တစ်ခုမှာထိုင်နားနေတယ်။
အဲဒီအချိန်မှာပဲ ရွက်သဘောင်္တစ်စင်းဟာ ရွက်လွှင့်သွားတာကို ထိုင်ကြည့်နေမိတယ်။ ရွက်သဘောင်္ဟာ တဖြည်းဖြည်းနဲ့ ဝေးသထက်ဝေးသွားတယ်။
ပြီးတော့ ပင်လယ်အောက်ကို ငုပ်ပြီးပျောက်ကွယ်သွားတယ်။
(အဲဒီအချိန်တုန်းက ကမ္ဘာကြီးဟာပြားတယ်လို့ လူအများက ယုံကြည်နေတဲ့အချိန် ဖြစ်ပါတယ်။ ) အဲဒီလူဟာအတွေးတစ်ခုဝင်လာပါတယ်။
ပေါက်တူးလက်ကိုင်ရိုးပေါ်မှာ လက်ညှိုးတင်ပြီးလှည့်ကြည့်မိတယ်။
သဘောင်္ဟာပင်လယ်ထဲကို ငုပ်ပြီးပျောက်ကွယ်သွားတဲ့အတွက်
ကမ္ဘာကြီးဟာပြားတာမဖြစ်နိုင်ဘူး၊
ကမ္ဘာကြီးဟာလုံးတာဖြစ်နိုင်တယ် ဆိုတဲ့ အတွေးပါပဲ။
အဲဒီအတွေးကအစပြုပြီးသက်သေပြနိုင်အောင် သူကြိုးစားခဲ့တယ်။
အစဦးမှာ သူစကားကို ဘယ်သူမှ မယုံကြည်ခဲ့ပါဘူး။
သူရဲ့စိတ်အားထက်သန်မှုကြောင့် မယုံကြည်သော်လည်း ကူညီသူပေါ်လာခဲ့တယ်။
အဲဒီလူဟာ ကိုလံဘတ်ဆိုတဲ့ ပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။
ကိုလံဘတ်ဟာ အခက်အခဲမျိုးစုံကို ရင်ဆိုင်ပြီး စတင်ထွက်ခွာရာအရပ်ကို
သဘောင်္နဲ့ ပြန်ရောက်အောင် ပြန်လာနိုင်ခဲ့ပါတယ်။
ကိုလံဘတ်က အတွေးတစ်ခုက အစပြုပြီး
ကမ္ဘာကြီးဟာ လုံးဝန်းကြောင်းကို သက်သေပြနိုင်ခဲ့ပါတယ်။ု
ကိုလံဘတ် ပြန်ရောက်ပြီးနောက် သူရဲကောင်းတစ်ဦးအဖြစ် ဂုဏ်ပြုပါတယ်။
သူ့ကိုဂုဏ်ပြုတဲ့ ဧည့်ခံပွဲမှာ တက်ရောက်လာတဲ့ ဂုဏ်သရေရှိ လူကြီးလူကောင်းတစ်ဦးက
“ ကိုလံဘတ်မှ လုပ်နိုင်တာမဟုတ်ပါဘူး၊
သူလုပ်မယ်ဆိုရင်လည်းဖြစ်နိုင်တဲ့အလုပ်မျိုးပါ” ဟု အော်ကြီးဟစ်ကျယ် ထပြောပါတယ်။
ကိုလံဘတ်ကတော့ ဘာမှ မပြောပါဘူး။
သူ့ရဲ့လက်ထဲမှာရှိတဲ့ ကြက်ဥတစ်လုံးကို မှန်စားပွဲပေါ်မှာ ဘယ်သူထောင်နိုင်သလဲ? လို့မေးလိုက်ပါတယ်။
ဧည့်ခံပွဲကိုတက်ရောက်လာတဲ့ လူတွေ တစ်ယောက်ပြီးတစ်ယောက် ကြက်ဥကိုထောင်ကြည့်ကြပါတယ်။
အော်ကြီးဟစ်ကျယ်ပြောတဲ့လူလည်းထောင်ကြည့်ပါတယ်။
ဒါပေမဲ့ မထောင်နိုင်ပါဘူး။
နောက်ဆုံး ဘယ်သူမှ မထောင်နိုင်တဲ့အခါကျမှ ကိုလံဘတ်ဟာ
ကြက်ဥရဲ့ဖင်ပိုင်းဖြစ်တဲ့ လုံးတဲ့အပိုင်းကို ဆတ်ကနဲ ဆောင့်ချလိုက်တဲ့အခါ
ကြက်ဥ ဟာမှန်စားပွဲပေါ်မှာ ထောင်နေတာကို အားလုံးက တွေ့ရပါတော့တယ်။
စိတ်ဓါတ်အရည်အသွေးပြည့်ဝတဲ့ လူတွေရဲ့လုပ်ရပ်ကို စိတ်ဓါတ် ခပ်ညံ့ညံ့ လူတွေက ကဲ့ရဲ့ပြစ်တင်ရှုတ်ချတတ်တာကို
ကိုလံဘတ်ဟာ အပြောထက် အလုပ်ခက်တယ်ဆိုတာကို
ထပ်မံ သက်သေပြ နိုင်ခဲ့ပြန်ပါတယ်။
ကဲ…ကိုလံဘတ်ကို လေးစားစွာဂုဏ်ပြုသောအားဖြင့်
ကျနော်တို့တတွေ အပြောလျှော့ပြီး အလုပ်များများ လုပ်ကြရအောင်လားခင်ဗျာ။

Saturday, October 10, 2009
အရူးကိုတော့...ကြောက်တယ်
တစ်ခါတုံးကပေါ့။
ကျနော် ဆေးကျောင်းသားဘဝကအဖြစ်အပျက်တစ်ခုအကြောင်းပါ။
နောက်ဆုံးနှစ်အပိုင်း(ခ)ရောက်နေပြီ။
ဟိုတုံးကတော့ အရူးထောင် လို့ခေါ်ပါတယ်။
နောက်ပိုင်း နာမည်ပြောင်းလိုက်တော့ “စိတ္တဇ ဆေးရုံ” ဖြစ်လာပါတယ်။
တစ်နေ့တော့ အဲဒီ စိတ္တဇ ဆေးရုံကိုရောက်ချိန်မှာ လူအုပ်ကြီးကိုတွေ့ရတယ်။
လူအုပ်ထဲမှာ ဆရာဝန်တွေ၊ သူနာပြုဆရာ/ဆရာမတွေ၊ လူနာတွေ၊အများအပြားကိုတွေ့ရတယ်။ အားလုံးသောလူတွေကလည်း အပေါ်မော့ကြည့်နေတာတွေ့တော့ ကျနော်လည်း မော့ကြည့်လိုက်တဲ့အခါ လူနာတစ်ယောက်က သစ်ပင်ကြီးရဲ့ထိပ်ဖျားပေါ်ကိုတက်နေလေရဲ့။
ဆရာဝန်ကြီးက အောက်ကိုဆင်းခဲ့ဖို့အော်ပြောနေတယ်။
ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့အမျိုးမျိုးပြောပါတယ်။
လူနာကတက်မြဲတက်နေပါတယ်။
သူနာပြုဆရာတွေ၊ ဆရာမတွေက လည်း တစ်ယောက်ပြီးတစ်ယောက် အောက်ကိုဆင်းခဲ့ဖို့အော်ပြောကြပါတယ်။
လူနာကခေါင်းတစ်ခါခါနဲ့ တက်မြဲတက်နေပါတယ်။
လူနာက ပြောတာကိုကြားပေမဲ့ နားမထောင်ပါဘူး။
စိတ္တဇ ဝေဒနာရှင် လူနာအတွက် ပြုတ်ကျနိုင်တဲ့ အန္တရာယ်ကလည်း နီးသထက်နီးလာပါတယ်။ အဲဒီအချိန်မှာဘဲ နှစ်ကြီးသမား လူနာတစ်ဦးက
“ ဟေ့ကောင်….ဝင်းရွှေ…ဒီမှာ တွေ့လား ငါ့လက်ထဲမှာ လွှ၊
တစ်….နှစ်….သုံး…၊ အော်လို့မှ ဆင်းမလာရင်
သစ်ပင်ကို လွှနဲ့တိုက်ဖြတ်ပစ်မယ်။ မင်းသေဖို့သာမှတ်ပေတော့။”
လူနာရဲ့လက်ထဲကလွှဆိုတာကို လှမ်းကြည့်လိုက်တော့ ဆေးပုလင်းများကို ဖြတ်သောလွှသေးသေးလေးကိုတွေ့လိုက်ရတယ်။
လူအများ၏မျက်နှာများဟာ ပြုံးစိစိဖြစ်ကုန်ကြတယ်။
အသံထွက်အောင်တော့မရီကြပါ။ ထို့နောက်မှာတော့
“တစ်……..”
“နှစ်……….”
အော်သံကိုကြားရတယ်။
သစ်ပင်ပေါ်က လူနာက
“ နေအုံး နေအုံး ဆင်းမယ်…ဆင်းမယ် ” ဆိုကာဆင်းလာပါတော့တယ်။
လူနာအောက်သို့ရောက်သောအခါ ဆရာဝန်ကြီးက
”မင်းကွာ…ငါခေါ်တော့ ဆင်းမလာဘဲနဲ့ သူခေါ်မှ ဘာကြောင့်ဆင်းလာရသလဲ?”
လူနာဝင်းရွှေ ပြန်ပြောတဲ့စကားက
”ဆရာကလူကောင်း၊ ဘာဘဲပြောပြော တကယ်လုပ်မှာမဟုတ်ဘူး၊
ဟိုကောင်ကအရူး၊
တကယ်လုပ်မဲ့အကောင်၊လွှနဲ့တကယ်ဖြတ်မှာသေချာတယ်။
ဒါ့ကြောင့်ဆင်းလာရတာပေါ့။”
ထိုအခါမှပင် လူအများတို့ဟာ လွတ်လပ်ပေါ့ပါးစွာ ရီမောနိုင်ပါတော့တယ်။
Tuesday, October 6, 2009
ဆရာများလို့ ယောကျာ်းသေတာလား?
တစ်ခါတုန်းက အမျိုးသားလူနာတစ်ယောက်ဟာ
အရက်တွေအသောက်လွန်ပြီး အသည်းရောဂါနဲ့
ဆေးကုခံဖို့ မြို့ပေါ်တက်သွားပါတယ်။
မြို့ပေါ်မှာရှိတဲ့ အထူးကုဆရာဝန်ကြီးတွေတစ်ဦးပြီးတစ်ဦးပြကြည့်ပါတယ်။
အထူးကုဆရာဝန်ကြီး လေးယောက်ရဲ့ကုသမှုခံပြီးနောက်မှာတော့
လူနာဟာ ကွယ်လွန်သွားပါတယ်။
အသုဘမှာ ကွယ်လွန်သူရဲ့ဇနီးကို အားပေးဖို့သွားတွေ့တော့
သူမပြောတဲ့စကားကြောင့်
ကျနော် ဘာပြန်ပြောရမှန်းမသိအောင်ဖြစ်သွားရပါတယ်။
သူမပြောတဲ့စကားကတော့
“လေးယောက်နဲ့တစ်ယောက်ဆိုတော့လဲ
သူဘယ်ခံနိုင်တော့မလဲဆရာရယ်” တဲ့။
ပြီးတော့ သူမ အားရပါးရငိုပါတော့တယ်။
ကျနော်မှာ ငိုရမလို၊ ရီရမလိုဖြစ်ရပါတယ်။
သီလရှိတော့...စိတ်ကြည်..
သီလရှိတော့ စိတ်ကြည်၊
စိတ်ကြည်တော့ ဝမ်းမြောက်၊
ဝမ်းမြောက်တော့ နှစ်သက်၊
နှစ်သက်တော့ ငြိမ်းအေး၊
ငြိမ်းအေးတော့ ချမ်းသာ၊
ချမ်းသာတော့ တည်ကြည်၊
တည်ကြည်တော့ အမြင်မှန်၊
အမြင်မှန်တော့ ငြီးငွေ့၊
ငြီးငွေ့တော့ မဂ်မြင်၊
မဂ်မြင်တော့ ဖိုလ်ရောက်၊
တည်တောဆရာတော်ဘုရား
သီလ သီလ သီလ သီလ သီလ သီလ သီလ သီလ သီလ သီလ သီလ သီလ သီလ
...................................................................................................................................................................
တစ်နေ့တော့ စံကင်းဆရာတော်ဘုရားဆီကို
ဦးနုနဲ့အဖွဲ့ ရောက်လာကြပါတယ်။
အဲဒီအချိန်မှာ ဆရာတော်ဘုရားက သက်တော် (၉၂) နှစ် ရှိနေပြီ။ ရွှေကျင်သာသနာပိုင်လည်းဖြစ်နေပြီ။
ဆရာတော်ဘုရားက ဦးနုမေးတဲ့မေးခွန်းကိုဖြေရင်းနဲ့
ပုံပြင်တစ်ပုံကို ပြောပြပါတယ်။
" ရှေးက မင်းရယ်(အစိုးရရယ်)၊ ဘုန်းကြီးရယ်၊ လူထုရယ်
ဘယ်သူတရား(သီလ)ရှိ/မရှိ သိရအောင်
တရား(သီလ)ရှိတဲ့ သူရဲ့ဆန်ထုပ်က
ပြုတ်ရင်နပ်မှာပဲဆိုပြီး
ဆန်ထုပ်သုံးထုပ်ပြုတ်ကြသတဲ့။
ပြုတ်ပြီး အားလုံးဆယ်ကြည့်ကြတော့ တစ်ထုပ်မှ မနပ်ဘူးဆိုဘဲ "
သီလ သီလ သီလ သီလ သီလ သီလ သီလ သီလ သီလ သီလ သီလ သီလ သီလ
....................................................................................................
ဆရာတော်ဘုရားက
တိုင်းပြည်တစ်ခု တိုးတက်ဖို့ ဆိုရင်
မင်းကော၊ ရဟန်းကော၊ ပြည်သူကော
တရား(သီလ)ရှိဖို့
သိမ်သိမ်မွေ့မွေ့ဟာသဆန်ဆန် ပုံပြင်လေးနဲ့
သြဝါဒ ပေးထားတာပါ။
ကိုယ့်တိုင်းပြည် တကယ်တိုးတက် ကြီးပွားစေချင်ရင်
ရဟန်းရော၊ မင်းရော၊ပြည်သူရော
သီလကို
အထူးစောင့်ထိန်း ပေးကြရမှာပါ။
သီလ သီလ သီလ သီလ သီလ သီလ သီလ သီလ သီလ သီလ သီလ သီလ သီလ .........................................................................................................
သီလကို ပါရမီဖြစ် ကုသိုလ်ဖြစ်ပဲ ပူဇော်ပူဇော်၊
ပြဿနာကို ဖြေရှင်းဖို့အတွက်ပဲ ပူဇော်ပူဇော်၊
ဘဝမှာ မလုပ်ဖူးသေးတဲ့ ကုသိုလ်တစ်ခုကို
လုပ်ကြည့် လိုက်တာတော့ အကောင်းဆုံးပါပဲ။
{ ရဝေနွယ်(အင်းမ)၏ မြင့်မြတ်သူတို့ရဲ့အလုပ်စာအုပ်မှ.........}










