Thursday, September 10, 2009

" တစ်နေ့တော့.....ကောင်းလာမှာပါ..."




" Sorrow "
By Abraham Lincoln

In this sad world of ours, sorrow comes to all,
and it often comes with bitter agony.
Perfect relief is not possible,
except with time.
You cannot now believe that you will ever feel better.
But this is not true.
You are sure to be happy again.
Knowing this,
truly believing it,
will make you less miserable now.
I have had enough experience to make this statement.


########################################




"တစ်နေ့တော့....ကောင်းလာမှာပါ....."

ဒီလောကကြီးကိုက ၀မ်းနည်းကြေကွဲစရာ လောကကြီးပါ၊
ဝမ်းနည်းကြေကွဲမှုဟာ လူတိုင်းဆီကို ရောက်လာစမြဲ။
ရောက်လာပြန်ရင်လည်း ဝေဒနာတွေက ခါးခါးသီးသီး၊ ပြင်းပြင်းထန်ထန်၊
လုံးလုံးလျှားလျှား ပျောက်ကင်းသွားမယ်ဆိုတာ မဖြစ်နိုင်လောက်အောင်ပါပဲ၊

အချိန်ရဲ့ကုစားမှု မရခဲ့ဘူး ဆိုရင်ပေါ့။
လောလောဆယ်မှာ ပြန်ကောင်းလာမယ်လို့တောင် မထင်တော့ဘူးလေ။

ဒါပေမယ့်..................
ဒီလိုထင်တာ မမှန်ပါဘူး။
သေချာပေါက်ကိုပျော်ရဦးမှာပါ။

အဲဒါကို သိနေရင်.....
အဲဒါကို ယုံကြည်နေရင်......
လတ်တလောအချိန်မှာ ခံစားရတဲ့ ၀မ်းနည်းကြေကွဲမှု-ဒုက္ခဟာ
အထိုက်အလျှောက် လျော့ပါးသွားပါ လိမ့်မယ်။

ဒီလိုသေချာပေါက် ပြောနိုင်တာက...
ကျနော်မှာ အတွေ့အကြုံတွေ...လုံလုံလောက်လောက် ရှိနေလို့ပါ။



**********************************************************



ငွေသံဆိုရင်...အားလုံးကြားကြပါတယ်.....



တစ်ခါတုန်းက...သူငယ်ချင်းနှစ်ယောက် ရှိတယ်။
တစ်ယောက်ကတောသား၊ တစ်ယောက်ကမြို့သား။
တက္ကသိုလ်မှာ ဆုံရင်း မိတ်ဆွေဖြစ်သွားကြပါတယ်။
ဘာသာရပ်တူ၊ အဆောင်တူ ကြတော့ သွားအတူ၊လာအတူနဲ့ပေါ့။
တစ်နေ့မှာတော့ ရုပ်ရှင်ကြည့်ဖို့မြို့ထဲကိုအတူတူသွားကြရင်း...
တောသားက " ပုရစ်သံ ကြားတယ် မင်းကြားလား? "လို့မေးလိုက်ပါတယ်။
မြို့သားက "မကြားမိဘူး၊ ကားသံ...လူသံတွေ ဒီလောက်ဆူညံနေတာ၊
ပုရစ်သံ မဖြစ်နိုင်ပါဘူး။"

တောသားက "သေသေချာချာနားထောင်ကြည့်လေ၊ဒီဘက်နားလောက်ကလာတဲ့အသံ။"
တောသားက ပြောပြောဆိုဆို အသံလာရာဘက်ကိုသွားပြီး လက်နဲ့အုပ်ဖမ်းလိုက်တယ်။
ပြီးတော့ မြို့သားကို ပုရစ်တစ်ကောင်ပြလိုက်တယ်။
မြို့သားက "မင်းကတောသားဆိုတော့ဒီအသံတွေနဲ့ယဉ်ပါးနေတော့ ကြားရတာပေါ့။"
တောသားက "ဒီလိုလည်းမဟုတ်ပါဘူး၊သတိထားပြီး နားထောင်ရင်ကြားနိုင်ပါတယ်၊
မင်းတို့မြို့သားတွေနားထောင်တာက ပိုက်ဆံအသံတွေဖြစ်နေလို့
သဘာဝအသံကို မကြားရတာပါ
ငါ လက်တွေ့ပြမယ်။"
ဆိုပြီး အိတ်ထဲက အကြွေစေ့တစ်စေ့ကို ထုတ်လိုက်တယ်။ ပြီးတော့...
လမ်းမပေါ်ကိုလှိမ့်ပစ်လိုက်တယ်။
အကြွေစေ့ဟာ လူအုပ်ကြားထဲကိုမြည်သံပေးပြီးလှိမ့်သွားသောအခါ...
လူတွေအားလုံးဟာ လှည့်ကြည့်ကြပါတယ်။
"တွေ့လား....ငွေသံဆိုရင် အားလုံးကြားကြပါတယ်။"

***************************************
လူတွေဟာ ငွေနောက်ကိုဘ၀ရဲ့အချိန်အတော်များများ ပေးပြီးလိုက်ကြတယ်။
စဉ်းစားကြည့်ရအောင်...ငွေဟာစိတ်ငြိမ်းချမ်းမှုကို တကယ်ပေးနိုင်ပါသလား?
ငွေမရှိရင် အခက်အခဲများစွာဖြစ်နိုင်တယ်ဆိုတာကိုလက်ခံပါတယ်။
ငွေရှိရင် ပျော်ရွင်မှုများစွာကို ဖန်တီးနိုင်တယ်ဆိုတာကိုလည်း လက်ခံပါတယ်။
ဒါပေမယ့်...
ငွေဟာ စိတ်ငြိမ်းချမ်းမှုကို တကယ်မပေးနိုင်ပါဘူး။
ငွေဟာ ရုပ်ဝတ္တု၊ ငွေဟာ ပြင်ပအကြောင်းအရာတစ်ခု။
စိတ်ငြိမ်းချမ်းမှုကို ငွေနဲ့ဝယ်လို့မရပါဘူး။ငွေနဲ့ဝယ်လို့မရတဲ့ အရာတွေအများကြီးရှိပါတယ်။
စိတ်ငြိမ်းချမ်းမှုဟာ တကယ်တော့စိတ်အတွင်းက လာရတာမျိုးပါ။
သတိနဲ့နေတတ်တဲ့ အလေ့အကျင့်ရှိရင်စိတ်ငြိမ်းချမ်းမှုဖြစ်နိုင်ပါတယ်။
စိတ်ကောင်းနှလုံးကောင်းရှိရင်လည်း စိတ်ငြိမ်းချမ်းမှုဖြစ်နိုင်ပါတယ်။
သဘာဝရဲ့အလှအပကို ချစ်တတ်ရင်လည်း စိတ်ငြိမ်းချမ်းမှုဖြစ်နိုင်ပါတယ်။
ဒါတွေဟာ လူတိုင်းလုပ်နိုင်ပါတယ်။ ငွေနဲ့ဝယ်စရာမလိုပါဘူး။
လူကြီးမင်း...ရော ဘယ်လိုသဘောရပါသလဲ...?
ဘ၀တိုတိုလေးမှာ ငွေသံကိုဘဲ နားထောင်မလား..?.
အစစ်အမှန် တန်ဖိုးကိုဘဲ တည်ဆောက်မလား...?။
ကြိုက်ရာရွေးချယ်နိုင်ပါတယ်။

Tuesday, September 8, 2009

ရင်မောလိုက်တာ.....ဟူး....



တစ်ခါတုန်းက... ရေနံဓါတုနဲ့ဒေါက်တာဘွဲ့ရထားတဲ့ နိုင်ငံခြားသားတစ်ဦးဟာ သဲကန္တာရတစ်ခုရဲ့ရေနံမြေမှာအလုပ်လုပ်နေပါတယ်။
တစ်နေ့တော့ အရေးပေါ်ကိစ္စနဲ့အင်္ဂလန်ကိုပြန်ဖို့ဖြစ်လာပါတယ်။

လေကြောင်းနဲ့ပြန်ဖို့အားလုံးစီစဉ်ပြီးကာမှ တစ်စီးတည်းသောဂျစ်ကားက ပျက်နေတယ်။
လေယာဉ်ကွင်းကိုသွားရင် (45)မိနစ်လောက်ကြာတဲ့ ခရီးမှာကားနဲ့သွားမှ
လေယာဉ်ကိုမီနိုင်မှာဆိုတော့ ဂျစ်ကားကိုအတတ်နိုင်ဆုံးပြင်တယ်။ ဒါပေမဲ့ ကားကအစဉ်မပြေပါဘူး။
လေယာဉ်ချိန်ကလည်းနီးသထက်နီးလာပြီး။ စိတ်ကလည်း ပူသထက် ပူလာပြီး။

ဘာလုပ်ရပါ့မလဲ....။ အဲဒီအချိန်မှာ အာရပ်ကြီး တစ်ယောက်က ကုလားအုတ်တစ်ကောင်နဲ့ရောက်လာပြီးအခြေအနေ
ကိုစပ်စုတယ်။ အာရပ်ကြီးက ပြောတယ်။
"ကားပျက်နေတယ်ဆိုရင်တော့ ဒီကုလားအုတ်နဲ့သွားရင် လေယာဉ်ကွင်း
ကိုအချိန်မီရောက်နိုင်ပါတယ်။"
"ဟ....ငါမှ ကုလားအုတ်မစီးတတ်တာ..."
"ကုလားအုတ်စီးတာမခက်ပါဘူး....
ဒီကုလားအုတ်ကစံနစ်တကျလေ့ကျင့်ထားတဲ့အတွက်အချိန်မီရောက်နိုင်တယ်

လို့ပြောတာပါ။"
ရွေးချယ်စရာလမ်းကမရှိတော့တာမို့ အာရပ်ကြီးနဲ့အပေးအယူလုပ်ပြီးကုလားအုတ်စီးနည်း
သင်ရပါတော့တယ်။ အာရပ်ကြီးက " ဟူး... "လို့ပြောရင်စပြေးတော့တာဘဲ။
"ဟူး...ဟူး... "လို့ပြောရင်အရှိန်ပိုပြီးမြန်မြန်
ပြေးလိမ့်မယ်။" ဟူး...ဟူး...ဟူး... "လို့သုံကြိမ်ဆက်တိုက်ပြောရင် အမြန်ဆုံးပြေးလိမ့်မယ်။
ရပ်ချင်ရင်တော့" အာမင်... " လို့ပြောပါ။
လေယာဉ်ကွင်းအချိန်မီရောက်ဖို့ကုလားအုတ်ပေါ်တက်စီးပြီး" ဟူး... "လို့ပြောတာနဲ့ ကုလားအုတ်ကစပြေးတော့တာပဲ။
စိတ်လောနေတဲ့အတွက်" ဟူး...ဟူး... "လို့ဆက်ပြောတော့ ကုလားအုတ်က
အရှိန်ပြင်းပြင်းနဲ့ပြေးနေပြီ။ အားမရသေးတာနဲ့" ဟူး...ဟူး...ဟူး... "အမိန့်ပေးလိုက်တာနဲ့ ကုလားအုတ်ဟာ
ကြောက်စရာကောင်းလောက်အောင်ပြေးနေပြီ။
စိတ်ပူနေတာနဲ့ ရပ်ဆိုတဲ့စကားကိုမေ့နေတယ်။ဘယ်လိုလုပ်ရပါ့မလဲ...။ ဘုရားစာတွေကိုရွတ်ရပြီ။ဘုရားစာရဲ့အဆုံးမှာ "အာမင် "လို့ဆိုလိုက်တာနဲ့ ကုလားအုတ်က တုန့်ကနဲ
ရပ်သွားပါတယ်။ မျက်လုံးကိုပွတ်ပြီးကြည့်လိုက်တော့ လား...လား...ချောက်ကမ်းပါးရဲ့အစွန်းနားမှာရောက်နေပါပေါ့လား။
ရင်မောလိုက်တာ
"...ဟူး...
. "လို့သက်ပြင်းချလိုက်မိတဲ့အခါမှာတော့....။
တစ်လောကလုံး မှောင်...မိုက.်..မဲ...။

Saturday, September 5, 2009

ညီမလေးရယ်...စိုးရိမ်မိတယ်...



တစ်ခါတုန်းက... လူကြီးလူကောင်း တစ်ဦးဟာ ဆေးရုံ တက်နေရတယ်။
လူကြီးဆိုပေမဲ့ အသက်ကမကြီးသေးပါဘူး။ ရာထူးကြီးလို့လူကြီးပြောတာပါ။
ဂုဏ်သရေလည်း ရှိတော့လူကောင်းပေါ့လေ။
လူနာရဲ့ ရောဂါအခြေအနေက ဆိုးသထက်ဆိုး လာတယ်။
နောက်ဆုံးမှာတော့ ဆရာဝန်ကြီးတွေက လူနာကို
ပွင့်ပွင့်လင်းလင်း ဖွင့်ပြောလာပါတယ်။နောက်ဆုံးအချိန်ရောက်ပြီမို့
အိမ်မှာပြန်ပြီးနေလိုက နေနိုင်ကြောင်း ပြောပါတယ်။ လူနာလည်း အိမ်ကို ပြန်ခဲ့ပါတယ်။ အိမ်ရောက်တော့ လူနာနဲ့ပတ်သက်တဲ့ မိတ်ဆွေတွေ၊ ဆွေမျိုးသားချင်းတွေက
လူနာရဲ့အခြေအနေကို မေးဖို့ အများအပြား ရောက်လာကြပါတယ်။
မသိတဲ့ ဆွေမျိုးသားချင်းတွေက “ဘာရောဂါဖြစ်တာလဲ ”လို့မေးကြတဲ့ အခါမှာတော့
လူနာက “AIDS အက်(စ်)ရောဂါဖြစ်တာပါ”လို့ပြန်ဖြေလိုက်ပါတယ်။ လုံးဝမမျှော်လင့်ထားတဲ့အဖြေမို့အားလုံးက တအံ့တသြ
ဖြစ်ကြတာပေါ့။အများစုကတော့မယုံနိုင်ကြပါဘူး။ ဒါပေမဲ့ လူနာကိုယ်တိုင်ကပြောနေတော့လည်းမယုံလို့မဖြစ်ပြန်ဘူး။
အံ့သြ စိုးထိတ်စွာနဲ့ဘဲ မိတ်ဆွေတွေ၊ ဆွေမျိုးသားချင်းတွေဟာ တစ်ဦးပြီးတစ်ဦး ပြန်သွားကြတယ်။ အနားမှာတစ်ဦးမှမရှိတဲ့အချိန်မှာသားကြီးက အဖေကိုမေးပါတယ်။
“ အဖေ....အက်(စ်)ရောဂါ တကယ်ဖြစ်တာလားဟင်...”
အဖေ(လူနာ)ပြန်ဖြေတဲ့ အဖြေကတော့
“ ဘယ်ကလာဟုတ်ရမှာလဲ...အက်(စ်) ရောဂါဖြစ်တယ်လို့ပြောထားရင်
ငါသေသွားတဲ့အခါ မင်းအမေအနားကို ဘယ်သူမှ မကပ်ရဲတော့ဘူးပေါ့။”.....ဟူသတည်း။

အဆိုးထဲမှာအကောင်းတွေရှိနေပါတယ်။ အဲဒီအကောင်းတွေကိုရှာဖွေတတ်ဖို့ပဲလိုပါတယ်။
အခုဆိုရင်ညီမလေးအတွက် အက်(စ်)ဖြစ်နေတယ်လို့ပြောဖို့သတ္တိရှိကောင်းရှိနေမှာပါ။

Saturday, August 29, 2009

အကောင်းဆုံးအစားအစာ



တစ်ခါတုံးကပေါ့......ကတော်ရုပ်ပေါက်နေတဲ့ ၀၀တုတ်တုတ် ခန့်ခန့်ငြားငြား အမျိုးသမီးတစ်ယောက်ဟာ စားသောက်ဆိုင်ထဲဝင်လာပါတယ်။
ဆာလို့သာဝင်လာတာ ဘာစားရမှန်းမသိဘူး။ဒါနဲ့ဘဲ စားပွဲထိုးလေးကိုမေးပါတယ်။ “ဒီစားသောက်ဆိုင်မှာ အကောင်းဆုံးအစားအစာ ဘာရှိလဲ.....”
စားပွဲလေးက“ကျနော်တို့ဆိုင်မှာတော့ သိုးကလေးလျှာကိုဒိန်ချဉ်ဆမ်းထားတဲ့ အစားအစာကတော့
လူကြိုက်များတယ် ” လို့ပြန်ဖြေပါတယ်။
ကတော်ကြီးကစိတ်ဆိုးသွားပါတယ်။

“ငါက သူများပါးစပ်ပေါက်ကထွက်တဲ့အစားအစာကို မစားဘူးဟဲ့.....”
စားပွဲထိုးလေးက ကြောက်ကြောက်လန့်လန့်နဲ့ပြန်ပြောလိုက်တာက
“ဒီလိုဆိုရင်....ကြက်ဥကျော်စားပါလား အမကြီးရယ်” တဲ့ ။

ပျော်ရွှင်စွာ ရီမောစေချင်တဲ့ စေတနာနဲ့ပြောတာပါ။
ဘယ်သူ့ကိုမှ မနစ်နာစေချင်ပါဘူး။
ရီစရာဇာတ်လမ်းတွေဟာ ဖတ်ရတာထက် နားထောင်ရတာက ပိုပြီးရီရပါတယ်။
ဖတ်ရရင် စဉ်းစားရတော့တော်တော်နဲ့မရီဖြစ်ပါဘူး။ ပြောသူရဲ့ဟန်ပန်အမူအရာကိုကြည့်ရရင်တော့မြန်မြန်ဆန်ဆန်သဘောပေါက်ပြီး
အားရပါးရ ရီမောဖြစ်သွားတာပေါ့။
ကျနော်ကတော့ ဖတ်ရတာထက် နားထောင်ရတာကိုပိုနှစ်သက်မိပါရဲ့။ ပြောသူရှိတယ်ဆိုရင်ပေါ့။ လူကြီးမင်းအနေနဲ့ နားထောင်သူရှိရင် ရီမောစရာပုံပြင်တွေကို လက်ဆင့်ကမ်း
ပြောပြပေးပါလား။
အကြောင်းကတော့ နှစ်ဦးနှစ်ဖက် တဒင်္ဂ စိတ်ချမ်းသာစေနိုင်တဲ့အတွက်ဖြစ်လို့ပါဘဲ။
“စိတ်ချမ်းသာမှုဟာ ကောင်းမှုကုသိုလ် ”လို့
အမေက ပြောခဲ့ဘူးပါတယ်။ လူကြီးမင်းကို ကျေးဇူးတင်ပါတယ်။
ကြက်ဥကျော်စားတိုင်း သတိရနိုင်ပါစေ။

Wednesday, August 26, 2009

သေမတတ်....လိုချင်စိတ်.....



ကျနော်လေးစားတဲ့ပုဂ္ဂိုလ်တွေထဲမှာ ဆိုကရေးတီးဆိုတဲ့ ပုဂ္ဂိုလ်လဲပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်ကျော်က အဖြစ်အပျက်တစ်ခုအကြောင်းပါ။
ဆိုကရေးတီးက ပန်းခြံထဲမှာ ထိုင်ပြီး စဉ်စားနေတယ်။ အဲဒီအချိန်မှာ ရည်မှန်းချက်
ကြီးတဲ့လူငယ်လေးတစ်ယောက်ရောက်လာပြီး ပညာရှိကြီးဖြစ်တဲ့ ဆိုကရေးတီးကိုမေးခွန်းမေးပါတယ်။
“ကျနော်...အရာရာမှာအောင်မြင်သူ ဖြစ်ချင်ပါတယ်၊အဲဒါ ဘာလုပ်ရမလဲ”
“ငါပြောတဲ့အတိုင်း လုပ်မယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်”
“ပြောပါ ကျနော်ဘာမဆို လုပ်နိုင်ပါတယ်”
“ဒီလိုဆိုရင်တော့ ငါ့နောက်လိုက်ခဲ့ပေါ့”
ပညာရှိကြီးနောက်ကို လူငယ်လေး လိုက်သွားပါတယ်။ ပန်းခြံရဲ့အလယ်မှာရှိတဲ့ ရေကန်နားရောက်တော့ လူငယ်လေးကို ရေကန်ထဲ ဆင်းခိုင်းလိုက်ပါတယ်။ လူငယ်လေးက မအူမလည်နဲ့ဆင်းသွားပါတယ်။
လည်ပင်းထိရောက်တဲ့အခါမှာတော့ လူငယ်လေးရဲ့ဆံပင်ကိုကိုင်ပြီး ရေထဲနှစ်လိုက်ပါတယ်။ လူငယ်လေးက ရေနစ်တော့ရုန်းကန်တာပေါ့။ ဒါပေမဲ့ အားချင်းမတန်တော့ ရုန်းကန်လို့မရပါဘူး။ အတန်ကြာတော့ ပညာရှိကြီးက လွှတ်လိုက်ပါတယ်။လူငယ်လေးက လေကိုအားရပါးရ ရူရှိုက်လိုက်ပါတယ်။
ပညာရှိကြီးက
“ရေအောက်မှာ ရောက်နေတဲ့အချိန်မှာ ဘာကိုအလိုချင်ဆုံးလဲ” ဟုမေးလိုက်ပါတယ်။
လူငယ်လေးက မကျေမနပ်နဲ့
“လေကိုအလိုချင်ဆုံးပဲ” ဟုဖြေလိုက်ပါတယ်။
“ရေအောက်မှာ လေကို မရရင် ဘာဖြစ်သွားမလဲ” ထပ်မေးပါတယ်။
“သေသွားမှာပေါ့” ဟုဖြေပါတယ်။
ပညာရှိကြီးက
“သေမတတ်လိုချင်စိတ် ဖြစ်ရင်
ဘာမဆိုဖြစ်နိုင်ပါတယ်” ဟုပြောပြီး ထွက်သွားပါတော့တယ်။

Tuesday, August 25, 2009

တာဝန်သိရင်...တာဝန်ရှိပါတယ်.....


တစ်ခါတုန်းက...တောမီးအကြီးအကျယ်လောင်နေချိန်မှာ
ငှက်ကလေးတစ်ကောင်ကရေကန်မှာတစ်ကိုယ်လုံး
ရေစွတ်ပြီးမီးလောင်တဲ့နေရာကိုသွားဖြန်းပါတယ်။
ကျန်တဲ့သတ္တ၀ါတွေ အဝေးကိုထွက်ပြေးနေချိန်မှာ
အဲဒီ ငှက်ကလေးကထွက်မပြေးဘဲ ရေကန်နှင့်တောမီးလောင်နေတဲ့နေရာကို
ခေါက်တုန့်ခေါက်ပြန်သွားလိုက်၊
လာလိုက်နဲ့ မီငြှိမ်းတဲ့အလုပ်ကို အားကြိုးမာန်တက်လုပ်နေပါတယ်။
မိုးနတ်မင်းကြီးကနားမလည်နိုင်အောင်ဖြစ်နေတာနဲ့ ငှက်ကလေးကိုမေးတာပေါ့။
“ငှက်ကလေး ဘာလုပ်နေတာလဲ?”
ငှက်ကလေးက “မီးငြှိမ်းနေတာ မတွေ့ဘူးလား”လို့ပြန်ဖြေသတဲ့။
မိုးနတ်မင်းကြီးက“ ရီဖို့ကောင်းလိုက်တာ...ဟား...ဟား...။ မင်းလိုအကောင်သေးသေးလေးက ဒီလောက်ကြီးတဲ့
တောမီးကိုငြှိမ်းတော့ရော ငြိမ်းမတဲ့လား”
ငှက်ကလေးက
“မီးငြိမ်းတာ၊မငြိမ်းတာကငါ့အလုပ်မဟုတ်ဘူး၊ မီးလောင်တာတွေ့ရင်မီးငြှိမ်းရမဲ့တာဝန်က
ငါ့တာဝန်ပဲ၊ ဒါ့ကြောင့်ငါမီးငြှိမ်းနေတာပေါ့။” ဟုပြောပြီးရေကန်ကိုသွားပြီးတောင်ပံကိုရေစွတ်၊
မီးလောင်တဲ့နေရာသွားပြီး မီးငြှိမ်းတဲ့အလုပ်ကိုဆက်လုပ်နေပါတယ်။
နောက်ဆုံးမှာတော့...မိုးနတ်မင်းကြီးဟာမနေသာတော့ဘဲ မိုးရွာပေးလိုက်ပါတော့တယ်။
တောမီးလောင်တဲ့သတင်းကို အတူကြည့်ကြရင်း တာဝန်မဲ့စကား၊ ပြောတဲ့မိတ်ဆွေကြောင့်ဒီပုံပြင်လေးကိုမျှဝေဖြစ်သွားခဲ့ပါတယ်။
“တာဝန်သိရင် ဘယ်နေရာမှာမဆို...တာဝန်ရှိပါတယ် ”လို့ ငှက်ကလေးကညွှန်ပြနေပါတယ်။ တာဝန်သိပြီးတာဝန်ယူတတ်တဲ့ပုဂ္ဂိုလ်တွေကြောင့် လောကကြီးဟာလှပနေတာပါ။ တတ်နိုင်တာ၊မတတ်နိုင်တာတေ၊ွဖြစ်နိုင်တာ....မဖြစ်နိုင်တာတွေကအရေးမကြီးလှပါဘူး။ တကယ်အရေးကြီးတာက.....
လုပ်စရာရှိတာကိုစိတ်စေတနာကောင်းထားပြီး
တာဝန်သိသိ လုပ်သွားဖို့ပါ။ လူကြီးမင်းကရော.....ဘယ်လိုမြင်ပါသလဲ။
သိပါရစေလားခင်ဗျာ။

တာဝန်သိတဲ့ပုဂ္ဂိုလ်တွေများသထက်များပါစေ။

Monday, August 24, 2009

အကောင်းဆုံးလက်ဆောင်,အကောင်းဆုံးအချိန်......


"Present" ဆိုတဲ့အဓိပ္ပါယ်ကိုစဉ်းစားကြည့်ရအောင်၊
အဓိပ္ပါယ်နှစ်မျိုးတွေ့ရတယ်။ တစ်မျိုးက
“လက်ဆောင်”
နောက်တစ်မျိုးက
“ပစ္စုပ္ပန်ကာလ”
လူသားတွေအတွက်အကောင်းဆုံးအချိန်ဟာ...
“ပစ္စုပ္ပန်ကာလ”...
တစ်နည်းအားဖြင့်..
.“ယခုအချိန်”ပါပဲ။
အတိတ်ဆိုတာ...ပြီးသွားပြီ။
တာတာ့လုပ်သွားပါပြီ။အဲဒါကိုမပြီးနိုင်၊မစီးနိုင်အောင်စဉ်းစားနေလို့လဲ...
အတိတ်ကပြောင်းလဲသွားမှာမဟုတ်ပါဘူး။
အတိတ်အကြောင်းကိုတွေးလိုက်လေတိုင်း လူသားပီပီလုပ်ခဲ့မိတဲ့အမှားတွေအကြောင်းကိုဘဲ စဉ်းစားမိတာများပါတယ်။
အဲဒီအချိန်မှာ...နောင်တတွေကြောင့် ပူလောင်ရပါတယ်။
အနာဂတ်အကြောင်းစဉ်းစားပြန်တော့လည်း ဘာထူးလဲ။ စိုးရိမ်ကြောင့်ကြနေရပြန်ပါတယ်။
အေးချမ်းမှုကိုလိုချင်ပေမဲ့ တကယ်ရလာတာက...ပူလောင်မှု။
တကယ်စစ်မှန်တဲ့အေးချမ်းမှုကိုလိုချင်ရင်...“ပစ္စုပ္ပန်ကာလ”ကိုပဲတွေး။
ပြောရလွယ်ပေမဲ့ လုပ်ဖို့တော့ခက်လှပါတယ်။
မဖြစ်နိုင်လောက်အောင် ခက်ခဲပါသလား....
နည်းလမ်းသိရင်မခက်ခဲပါဘူး။
သတိနဲ့နေတတ်တဲ့အလေ့အကျင့်ရှိဖို့လိုအပ်ပါတယ်။
သတိနဲ့သာနေတတ်မယ်ဆိုရင်...စစ်မှန်တဲ့အေးချမ်းမှုကိုခံစားနိုင်ပါတယ်။
လူကြီးမင်း....နည်းလမ်းသိသိနဲ့ လေ့ကျင့်ကြည့်ပါလား။
ဒါဆိုရင်...
“present”.....ဆိုတဲ့ အကောင်းဆုံးအချိန်ကို အသုံးချတတ်တဲ့
လူကြီးမင်းအတွက်
“present” ဟာ အကောင်းဆုံးလက်ဆောင်ဖြစ်လာပါလိမ့်မယ်။

Saturday, August 22, 2009

“ခါချ.....ပြီးတော့ တက်နင်း.....”



တစ်ခါတုန်းက...လယ်သမားတစ်ယောက်မှာ မြည်းတစ်ကောင်ရှိတယ်။
တစ်နေ့မှာတော့ အဲဒီမြည်းဟာလယ်ကွက်ထဲက ရေတွင်းပျက်တစ်ခု
ထဲကိုပြုတ်ကျသွားပါတယ်။ မြည်းဟာ ကြောက်ကြောက်လန့်လန့်နဲ့အော်တာပေါ့။
လယ်သမားက လာကြည့်ပြီး စဉ်းစားတယ်။“မြည်းကလည်း
အိုပြီ၊ ရေတွင်းကလည်းပြိုပြီ၊ မထူးပါဘူး၊ အားလုံးကို ဖို့ပစ်လိုက်တာဘဲကောင်းပါတယ်၊”ဆိုပြီး အနီးအနားမှာရှိတဲ့ မိတ်ဆွေ လယ်သမားတွေ
ကိုခေါ်ပြီးမြည်းကိုရော ရေတွင်းပျက်ကိုရော မြေဖို့တဲ့အလုပ်ကို စလုပ်ပါတော့တယ်။ မြေကြီးတွေ ကျောပေါ်ကျလာတော့ မြည်းဟာ စစဦးမှာ
တော့ နားမလည်ပါဘူး။ နောက်မှာတော့ သူ့ကိုမြေဖို့နေပါလား ဆိုတာနားလည်သွားပါတယ်။သူ့မှာက လုပ်စရာ များများစားစား မရှိပါဘူး။
အော်တာကိုရပ်၊ကျောပေါ်ကျလာတဲ့ မြေကြီးတွေကို ခါချ၊ ပြီးတော့ တက်နင်း၊
“ခါချ......တက်နင်း”....။
တက်နင်းလိုက်တိုင်း မြည်းဟာ တစ်ဆင့်
ပြီး တစ်ဆင့် မြင့်....မြင့်လာပါတယ်။ ခါချရင်း တက်နင်းရင်း..နဲ့ မြည်းဟာမြေပြင်ကို ရောက်လာပါတော့တယ်။ မြေပြင်ပေါ် ရောက်ပြီဆိုတော့
ခုန်ပေါက်ပြေးလွှား ထွက်သွားပါတော့တယ်။

ပုံပြင်ကတော့ ဒါပါပဲ။
ကျနော်တို့ရဲ့ကျောပေါ်ကို၊
ခေါင်းပေါ်ကို၊
ရင်ဘတ်ပေါ်ကို
မြေကြီးနဲ့တူတဲ့ ပြဿနာတွေ၊
အခက်အခဲတွေ၊
အစဉ်မပြေမှုတွေကတော့
နေ့စဉ်နှင့်အမျှ ကျရောက်နေပါတယ်။ ခါမချတတ်ဘူး ဆိုရင်တော့ ကျနော်တို့ဟာမြေကြီးအောက်ကိုမြန်မြန်ရောက်
သွားဖို့ရှိနေပါတယ်။
“ခါချ...ပြီးတော့တက်နင်း ”
ဆိုတာ
ကိုယ့်ရဲ့ စိတ်နေသဘောထားကိုပြောင်းလိုက်တာနဲ့အစဉ်ပြေသွားတတ်ပါတယ်။

သတိထားပြီးလေ့ကျင့်ရင် ဖြစ်နိုင်ပါတယ်။ လူကြီးမင်း...အနေနဲ့ သတိရှိရင်....
အကြောင်းတစ်ခုခုကြောင့် ရင်ဘတ်ထဲပူလောင်လာတာနဲ့
“ခါချ... ပြီးတော့ တက်နင်း”
ဖို့
မမေ့ပါနဲ့လို့သတိရပေးပါစေလားခင်ဗျာ။

“ ချစ်ရတဲ့ မေ့အတွက်ဆိုရင်....”



ချစ်သူနှစ်ဦးတို့ဟာ မြစ်ဆိပ်နားကခုံတန်းတစ်ခုပေါ်မှာ

ချိန်းတွေ့နေကြတယ်။

အမျိုးသားက ရုပ်ရှင်မင်းသားရန်အောင်နဲ့တူတယ်။

အမျိုးသမီးက ချောတယ်။လှတယ်။ နွဲ့တယ်။

အမျိုးသားက အမျိုးသမီးထက်

အသက်(၇)နှစ်လောက်ကြီးတယ်လို့ယူဆရတယ်။

သူတို့ချစ်သူနှစ်ဦးပြောသောစကားများကို ကြားနေရတယ်။


“မောင် ရေကူးတတ်လားဟင် ?”

“မကူးတတ်ပါဘူး၊ ဘာဖြစ်လို့လဲ?”

“ တကယ်လို့ မေက မတော်တဆ မြစ်ထဲလိမ့်ကျသွားမယ်ဆိုရင်

မောင် ဘာလုပ်မလဲဟင်?”

“အနားက ရွာကိုပြေးပြီး အကူအညီတောင်းမှာပေါ့”

“ရွာကအဝေးကြီးပဲလေ”

“အို… ဘာဖြစ်လဲ? ကိုယ် အင်မတန်ချစ်ရတဲ့ မေ့အတွက်ဆိုရင်

ကမ္ဘာတစ်ဘက်စွန်းကိုပဲဖြစ်ဖြစ် မောင်ရောက်အောင် ပြေးပါ့မယ်။”တဲ့။

Wednesday, August 19, 2009

မြတ်ဗုဒ္ဓ၏အဆုံးအမ



မေတ္တာနဲ့စွန့်သမျှ

အနှစ်ပါတဲ့အညွန့်အလှတွေချည်းပါပဲ


မြတ်စွာဘုရားရှင်က

“ထမင်းစားသောက်ပြီးလို့

ပန်းကန်ဆေးရည်၊

အိုးဆေးရည်တွေကို

မြောင်းထဲသွန်တဲ့အခါ

“ဒီပန်းကန်ဆေးရည်၊

အိုးဆေးရည်တွေထဲက

ထမင်းလုံးဟင်းပေါက်လေးတွေ၊

ဆီဖတ်လေးတွေကို

မြောင်းထဲက ပိုးကောင်လေးတွေ

စားကြ သောက်ကြပါစေ” လို့

နှလုံးသွင်းစိတ်ထားပြီး

စွန့်သွန်ရင်၊

ကြီးကျယ်တဲ့ဒါနကုသိုလ်

ဖြစ်ပါတယ်” လို့

ဟောကြားတော်မူထားပါတယ်။

စိတ်ထားတတ်ရင်

အပိုပစ္စည်း၊ အပိုပိုက်ဆံ

တကူးတက အကုန်မခံရဘဲနဲ့

ဒါနကုသိုလ် ရနိုင်ပါတယ်။


အရှင်ဆန္ဒာဓိက (စိတ်အားဖြည့် ဓမ္မပန်းပွင့် စာအုပ် မှ.....)

Tuesday, August 18, 2009

နမ်းတိုင်းပျောက်တယ်ဆိုရင်......




တစ်ခါတုန်းက...ပင်စင်စားအဖိုးကြီးတစ်ယောက်ဟာ ပန်းခြံရဲ့ခုံတန်းလေးတစ်ခုမှာ စိတ်ညစ်ညစ်နဲ့
ထိုင်နေတယ်။စိတ်ညစ်ရတဲ့အကြောင်းကလည်း ခွဲစိတ်ရမဲ့ရောဂါကရှိနေတယ်။(ခွဲစိတ်ခကလည်းဈေးကြီးပါဘိသနဲ့)၊
ပင်စင်လစာကနည်းနည်းလေး၊
ဘာလုပ်ရမှန်းမသိတာနဲ့လာထိုင်နေတယ်။ မလှမ်းမကန်းခုံတန်းလေးမှာလည်း ချစ်သူစုံတွဲလေးတစ်တွဲက လာထိုင်
နေတာကိုတွေ့ရတယ်။သူတို့ရဲ့ပြောသံတွေကိုလည်းကြားနေရတယ်။
အမျိုးသမီးက..“မောင်.....ခင်ရဲ့ပါးပြင်ကဘာဖြစ်မှန်းမသိဘူးနာနေတယ်”
အမျိုးသားလေးကနာနေတယ်ဆိုတဲ့မိန်းကလေးရဲ့ပါးပြင်ကို ရွှတ်ကနဲနမ်းလိုက်ပါတယ်။ပြီးမှမေးလိုက်ပါတယ်။
“ခင်...နာသေးလား..ဟင်..”
“မနာတော့ဘူး၊ပျောက်သွားပြီ”
အတန်ကြာငြိမ်ပြီးနောက်မှာတော့ အမျိုးသမီးလေးက“မောင်....ခင့်ရဲ့လည်ပင်းကအရမ်းကိုက်တာဘဲ
မောင်ရယ်...”
အမျိုးသားလေးကမိန်းကလေးရဲ့လည်တိုင်ပတ်ပတ်လည်ကိုနမ်းလိုက်ပြီးနောက်မေးလိုက်ပါတယ်။
“ခင်လေး...ကိုက်နေသေးလားဟင်”
မိန်းကလေးက“ပျောက်သွားပြီမောင်ရယ်...”
ထိုအခါ အနီးထိုင်ခုံတွင် ထိုင်နေသောအဖိုးကြီးက“ဟေ့သူငယ်...ဟေ့သူငယ်....မင်းနမ်းတိုင်းပျောက်တယ်ဆိုရင်
ငါ့ရဲ့လိပ်ခေါင်းရောဂါကိုလည်းပျောက်အောင်လုပ်ပေးပါလားကွယ်...”လို့ပြောလိုက်ပါသတည်း။

Monday, August 17, 2009

" မေးကြည့်စမ်းပါ..."





“တစ်နှစ်”

ရဲ့တန်ဖိုးကို သိချင်ရင်...
စာမေးပွဲကျတဲ့ ကျောင်းသားကို
မေးကြည့်စမ်းပါ။


“တစ်လ”

ရဲ့တန်ဖိုးကို သိချင်ရင်...

လမစေ့ဘဲ ကလေးမွေးတဲ့ မိခင်ကို
မေးကြည့်စမ်းပါ။


“တစ်ပတ်”

ရဲ့တန်ဖိုးကို သိချင်ရင်...

အပတ်စဉ်ထုတ်ဂျာနယ် အယ်ဒီတာကို
မေးကြည့်စမ်းပါ။


“တစ်နေ့”

ရဲ့တန်ဖိုးကို သိချင်ရင်...

ကလေး ၆ ယောက်ကို ကျွေးနေရတဲ့ နေ့စားအလုပ်သမားကို
မေးကြည့်စမ်းပါ။

“တစ်နာရီ”
ရဲ့တန်ဖိုးကို သိချင်ရင်...
ဆုံစည်းခွင့်ကို စောင့်နေကြတဲ့ ချစ်သူများကို
မေးကြည့်စမ်းပါ။


“တစ်မိနစ်”
ရဲ့ တန်ဖိုးကိုသိချင်ရင်...
ရထားမမီလိုက်တဲ့ခရီးသည်ကို
မေးကြည့်စမ်းပါ။


“တစ်စက္ကန့်”

ရဲ့တန်ဖိုးကိုသိချင်ရင်...

ယဉ်တိုက်မှုနဲ့ သီသီလေးလွဲသွားတဲ့ ဒရိုင်ဘာကို
မေးကြည့်စမ်းပါ။


“တစ်မီလီစက္ကန့်”

ရဲ့ တန်ဖိုးကို သိချင်ရင်...

အိုလံပစ်ငွေတံဆိပ်ဆုရှင်ကို
မေးကြည့်စမ်းပါ။



လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com