Tuesday, October 18, 2011

" အမေ့ထံသို့ပေးစာများ-၁၇..."






သို့
ချစ်သောအမေ…
သားသတိရစွာဖြင့်စာရေးလိုက်ပါတယ်။
အမေနေကောင်းလားဟင်။
သားတို့နေကောင်းကြပါတယ်။
သားတို့တာချီလိတ်မြို့မှာနေတုန်းက
သားတို့အိပ်ခန်းရဲ့နံရံမှာ
ရွှေတံတားကြီး (Golden Gate Bridge Wall Sheet ) နံရံကပ်ပိုစတာအကြီးကြီးကို
ရွှေယုံလေး က အမှတ်တရကပ်ထားတယ်အမေ။
ကြာလှပါပြီ။
ကျနော်တို့ အမေရိကန်ကို လာဖို့ဘာအကြောင်းအရာမှ
မပေါ်သေးတဲ့အချိန်ကထဲက ကပ်ထားတာပါ။
ညရှုခင်းပါ။
မီးရောင်တွေထိန်ထိန်လင်းနေတဲ့တံတားကြီးကို ရိုက်ထားတဲ့ပုံပါ။
တော်တော်ကိုလှတဲ့ပုံပါ။
မိန်းမက သတိတရရှိတိုင်း အဲဒီပုံကြီးကိုကြည့်ပြီး
“တစ်နေ့သောအခါ ရောက်ကိုရောက်ရမယ်”ဆိုပြီး
ပါးစပ်ကလည်းတတွတ်တွတ်နဲ့ရွတ်လေ့ရှိတယ်။
အိပ်ခန်းရဲ့နံရံဆိုတော့ နေ့တိုင်းတွေ့နေရတယ်။
တစ်ခါတစ်လေ အိမ်မက်ထဲမှာ အဲဒီတံတားကြီးဆီကိုရောက်သွားတဲ့အကြောင်း
အိပ်ယာကနိုးနိုးချင်းပြောလေ့ရှိတယ်။
ကျနော်လည်းရောက်ချင်တာပါပဲ။
ဒါပေမယ့် သူ့လောက်တော့ Crazy မဖြစ်ဘူး။
မရူးဖူးပေါ့အမေရယ်။
အဲဒီလိုသူ Crazy ဖြစ်ခဲ့တာ နှစ်ပေါင်းများစွာပါပဲ။
ကျနော်တွေးထင်မိခဲ့တာက ကျနော်တို့ချမ်းသာလာတဲ့အခါ
အမေရိကန်နိုင်ငံကိုသွားလည်မယ်ပေါ့။
အဲဒီအခါ အဲဒီ ရွှေတံတားကြီး (Golden Gate Bridge)ဆီကို
သွားလည်မယ်ပဲထင်ခဲ့တယ်။
ဟော…သူ့ရဲ့အိမ်မက်က တစ်ကယ်ဖြစ်လာခဲ့ပြီအမေ။
အမေရိကန်နိုင်ငံကိုရောက်လာဖို့ အကြောင်းတရားတွေဖြစ်လာတယ်။
ကယ်လီးဖိုးနီးယားကိုရောက်ပြီးမကြာပါဘူး။
ရွှေတံတားကြီး (Golden Gate Bridge)ဆီကိုသွားလည်ဖြစ်တယ်။
လိုက်ပို့တဲ့အိမ်ရှင်တွေဆိုရင် အဲဒီနေရာကို မရောက်တာတောင်
ဆယ်နှစ်ကျော်ကြာပြီ တဲ့။
နီးနီးလေးနဲ့။
ငွေရှာနေရတာနဲ့ ဘယ်မှမသွားနိုင်ဘူးပြောတာပဲ။
“သေရင် ဘာမှယူသွားလို့မရဘူး” လို့တော့ ခဏခဏပြောနေလေရဲ့။
လူကြားကောင်းအောင်ပြောနေသလားမသိပါဘူး။
ပြီးတော့ မသေတော့မယ့်အတိုင်း ငွေကိုရှာနေလေရဲ့။
ထမင်းစားနေတဲ့ပါစပ်လိုပဲ ဟခိုင်းလိုက်ရင်
ပါးစပ်ထဲမှာ ထမင်းတစ်လုံးမှလည်း ရှိတာမဟုတ်ဘူး။
ရွှေ တံတားကြီး (Golden Gate Bridge)ဟာ
အရမ်းလှတဲ့တံတားကြီးပါပဲအမေရယ်။
တံတားပေါ်ကားဖြတ်မောင်းသွားချိန်မှာ စဉ်းစားမိတယ်။
“အော်…အိမ်မက်အပေါ်စွဲစွဲလမ်းလမ်းဖြစ်ခဲ့မယ်ဆိုရင်
အိမ်မက်ဟာ တကယ်ဖြစ်လာတဲ့အရာပါလား”
လို့လက်တွေ့သိလိုက်ရတယ်အမေ။
ယုံယုံ က တကယ်စွဲစွဲလမ်းလမ်းဖြစ်ခဲ့တယ် အမေ။
ကျနော်တို့နေတဲ့ဆန်ဟိုဈေးမြို့လေးက အဲဒီတုန်းက ရာသီဥတုကပူနေတယ်။
ဆန်ဖရန်စစ္စကိုရောက်တော့ ရာသီဥတုက ချက်ချင်းအေးလာတယ်။
ရွှေတံတားကြီးပေါ်ရောက်တော့ နှင်းတွေမှုန်ပြီ ချမ်းလာတယ်။
ပစ္စိဖိတ် (Pacific Ocean) သမုဒ္ဒရာကြီးကိုလှမ်းမြင်ရတယ်။
ရှုခင်းကလှလိုက်တာ။
သူဆိုရင် တကယ်ရောက်တာတောင်
အိမ်မက်ထဲကလို့ ထင်တုန်းရှိသေးတယ်။
တကယ်မှ ဟုတ်ရဲ့လားပေါ့။
သူအရမ်းပျော်နေမိတယ်။
သူ့ကိုကြည့်ပြီးကျနော်တောင်ပျော်လာတယ်။
ဆန်ဖရန်စစ္စကိုမြို့အနှံလျှောက်လည်ဖြစ်တယ်။
စည်းကားလိုက်တာလည်း မပြောပါနဲ့တော့။
ကျိုက်ထီးရိုးဘုရားပွဲကျနေတာပဲ။
လူတွေ ဒီလောက်များများကို မတွေ့ရတာကြာပြီ။
နယူးရောက်မြို့ကြီးကိုရောက်တုန်းက တစ်ခါ တွေ့ဖူးတယ်။
ကြက်ပျံမကျပါပဲ။
ကျနော်တို့အခုနေတဲ့မြို့လေးဆိုရင် လူကိုမတွေ့ရဘူး။
ကားတွေပဲတွေ့ရတယ်။
လူတွေက ကားနဲ့အလုပ်သွားရင်သွား၊
ဈေးသွားရင်သွား၊
မသွားလို့ အိမ်ရောက်ပြီဆိုတာနဲ့ အိမ်ပြင်ကိုမထွက်တော့ဘူး။
အဲဒီအိမ်မှာ လူရှိ၊ မရှိကတော့ ကားအရည်အတွက်ကြည့်ပြီးခန့်မှန်းကြရတယ်။
ရောက်စတုန်းကတော့ ဘာကြောင့်အိမ်ပြင်မထွက်ကြတာလဲလို့
သဘောမပေါက်ဘူး။
အိမ်ကိုဈေးကြီးကြီးနဲ့ဝယ်ပြီး အိမ်မှာနေရတဲ့အချိန်က အတော်နည်းကြပါတယ်။
အိမ်အကြွေးပေးဆပ်ဖို့ အလုပ်တွေကိုပဲ နင်းကန်လုပ်နေရပုံရတယ်။
အလုပ်ကပြန်လာရင်လည်း ပင်ပန်းတော့ အိမ်ပြင်ဝရံတာတွေဖက်တောင်
ထွက်မထိုင်နိုင်ကြတဲ့ပုံပါပဲ။
အိပ်ချင်အိပ်၊ မအိပ်ချင် အနားယူ၊
အနားယူတဲ့စံနစ်ကအများကြီးပါပဲ။
အချို့က တီဗွီကြည့်တယ်။
အချို့က သီချင်းနားထောင်တယ်။
အချို့က ကွန်ပျူတာနဲ့အလုပ်ရှုတ်နေကြတယ်။
အချို့က ဂိမ်းတွေဆော့ကြတယ်။
အချို့က အားကစားရုံတွေသွားပြီးကစားကြတယ်။
အချို့က စာဖတ်တယ်။
ကိုယ်ကြိုက်တာကိုယ်လုပ်ကြတာပါပဲ။
ဒီမှာထူးဆန်းတာက အိမ်တွေမှာ လေအေးပေးစက်တပ်ဆင်ထားတာမတွေ့ရဘူး။
ရာသီဥတုက အေးလို့ထင်တာပဲ။
အရမ်းအေးရင်တော့ အပူပေးစက် (heater)တော့ တပ်ထားတာတွေ့ရတယ်။
ရာသီဥတုက တာချီလိတ်နဲ့တူတယ်။
ကွာခြားတာက ဒီမှာက မိုးနည်းတယ်။
အအေးပိုကဲတယ်။ ဖုံတွေမရှိဘူး။
လမ်းတွေကောင်းတယ်။
အိမ်တိုင်းမှာ အတွင်း၊အပြင်ပန်းခြံတွေရှိကြတယ်။
တာချီလိတ်မြို့ကတော့ မိုးများတယ်။
ဖုံထူတယ်။ ဗွက်ပေါတယ်။
လမ်းကောင်းတွေနည်းတယ်။
အိမ်တိုင်းမှာ အလှစိုက်ပန်းခြံတွေမရှိဘူး။
အဲဒီမှာကလည်းဘယ်လောက်ရှာရှာ၊
ရှာမလောက်တော့ အလှတရားကိုရှာဖွေချိန်မရှိဘူးထင်ပါရဲ့။
ဒီမှာက အားလပ်ချိန် သုံးရက်လောက်ရရင်ပဲ ခရီးထွက်ပြီ။
မရောက်ဖူးတဲ့နေရာကို ရောက်အောင်သွားလေ့ရှိတယ်။
ဒေသန္တရဗဟုသုတ ရှာကြတာဝါသနာပါတယ်။
ခရီးသွားတာကို အပန်းဖြေတယ်လို့လည်းခံယူပုံရပါတယ်။
ခရီးသွားလည်းသွားသူတိုင်း စာအုပ်တွေပါသွားကြတယ်။
စာဖတ်ဝါသနာတော်တော်ပါပုံရတယ်။
စာကြည့်တိုက်ကိုလည်း လူကြီး၊ကလေးအတော်များများလာကြတယ်။
မိဘတွေက သားသမီးတွေကို စာကြည့်တိုက်ကိုခေါ်လာကြတယ်။
စာကြည့်တိုက်ကိုနောက်ကျမှ သွားလို့ကတော့ နေရာမရတာများတယ်။
လာတဲ့လူကြီးတိုင်းလိုလိုလည်း ကွန်ပျူတာကိုယ်စီပါလာကြတယ်။
ကျနော်ကံကောင်းတယ်လို့ပြောနိုင်တာတစ်ခုက
ဒီကိုမလာခင် လေး-ငါးနှစ်လောက်အလိုရောက်မှ
ကွန်ပျူတာပညာကိုသေသေချာချာ သင်ဖြစ်လိုက်တယ်။
ကာရိုးလိုင်းနား(မြောက်)မှာ Laptopဆိုတဲ့ကွန်ပျူတာတစ်လုံးကိုဝယ်လိုက်တယ်။
ဒီမှာက အားလုံးလိုလို ကွန်ပျူတာတွေနဲ့ပဲအလုပ်လုပ်ကြတော့
ကွန်ပျူတာပညာသာမတတ်ရင် စာမတတ်သူတွေလို
ဘာမှလုပ်တတ်မှာမဟုတ်တော့ဘူး။
တော်တော်ဒုက္ခရောက်မှာသေချာတယ်။
ကွန်ပျူတာခလုတ်မနှိပ်တတ်ရင်
အအေးလည်းသောက်ရမှာမဟုတ်ဘူး။
ငွေကိုလည်းထုတ်လို့ရမှာ မဟုတ်ဘူး။
ကား/ရထားလက်မှတ်လည်းဝယ်လို့ရမှာမဟုတ်ဘူး။
ဓာတ်ဆီလည်းထည့်လို့ရမှာ မဟုတ်ဘူး။
အို…တော်တော်များများဟာ ကွန်ပျူတာနဲ့အလုပ်လုပ်နေကြတယ်။
ကျောင်းသား/သူလည်းကွန်ပျူတာကိုယ်စီနဲ့။
လူကြီးတိုင်းလည်းကွန်ပျူတာကိုယ်စီနဲ့။
ကွန်ပျူတာနည်းနည်းနားလည်တာ ကံကောင်းတာပဲ။
ကွန်ပျူတာဟာ ခေတ်သစ်ရဲ့သင်္ကေတတစ်ခုလိုဖြစ်နေပုံရပါတယ်။
ကျနော်ဘဝမှာ ကံကောင်းတဲ့အရာတွေအများကြီး။
ငယ်ငယ်တုန်းက စာဖတ်ဝါသနာပါအောင်အမေကအားပေးခဲ့တယ်။
ကျနော်စာဖတ်ဝါသနာပါလာတဲ့အတွက်
ကျနော့်ဘဝမှာ အပြောင်းအလဲတွေများစွာဖြစ်ခဲ့တယ်။
ကောင်းတဲ့အပြောင်းအလဲတွေချည်းပါပဲ။
အဲဒီအတွက် အမေ့ကိုကျေးဇူးတင်မိပါတယ်။
နောက်တစ်ခုက တရားစခမ်းဝင်ဖြစ်အောင် အမေက တိုက်တွန်းခဲ့တယ်။
ကျနော် တရားစခမ်းဝင်ရင်
အမေက အစအဆုံးလိုက်ဝင်ပြီးအားပေးခဲ့တယ်။
အသက်အရွယ်ကြောင့် အမေပင်ပန်းမှန်း သားသိပါတယ်။
အမေက ဇွဲနဲ့ပြီးဆုံးတဲ့အထိ တရားအလုပ်ကိုလုပ်နိုင်တဲ့အတွက်လည်း
အမေကို မချီးကျူးပဲမနေနိုင်ခဲ့ပါဘူး။
ဒီအတွက်လည်း အထူးကို ကျေးဇူးတင်မိပါတယ်။
အဲဒီတရားအလုပ်တွေလုပ်ခဲ့တဲ့အတွက်လည်း
အကောင်း၊အဆိုးလောကဓံနဲ့တွေ့တဲ့အခါ
အပြုံးအရယ်မပျက်ခံနိုင်ခဲ့တာလည်း
အမေ့ကျေးဇူးကြောင့်ပါအမေ။
ကဲ…စာလည်းရှည်သွားပြီ။
အမေလည်းညောင်းရော့မယ်။
တော်ဦးမယ်နော်။
ချစ်တဲ့သား
အောင်ဝင်းဟိန်း
ဆန်ဟိုဆေးမြို့(San Jose)
ကယ်လီဖိုးနီးယားပြည်နယ်(California)
အမေရိကန်ပြည်ထောင်စု(USA)
၁၀-၁၈-၂၀၁၁


" သတ္တိရှိမှ လွတ်လပ်မယ်..."





ငါ ဘယ်လိုလူဖြစ်ချင်သလဲ ဆိုတာကို

သေသေချာချာ အာရုံပြုပါ။

သိအောင်လုပ်ပါ။

ကိုယ့်ကိုယ်ကို ကိုယ်ဘယ်လိုလူ ဖြစ်ချင်သလဲဆိုတာ

သိအောင်လုပ်ပြီး

ကိုယ်ဖြစ်ချင်တဲ့သူ ဖြစ်အောင် အစွမ်းကုန်

ကြိုးစားပါ။

အဲဒါ အခက်ဆုံးနဲ့

ကျေနပ်စရာအကောင်းဆုံးအလုပ်ပဲ။

ဒါ ကိုယ့်ကိုယ်ကို ကိုယ်တကယ်ယုံကြည်မှုရှိတဲ့သူပဲ

လုပ်နိုင်မယ်။

သတ္တိရှိရင် လုပ်လိုက်ပါ။

လွတ်လပ်ချင်ရင် လုပ်လိုက်ပါ။

သတ္တိရှိမှ လွတ်လပ်မယ်။

++++++++++++++++++

ဘဝအတွေ့အကြုံတွေပေါ်မှာ

အခြေခံပြီး တိုးတက်လာတဲ့ ကိုယ့်ရဲအသိဉာဏ်၊

စိတ်ထား၊

အတွေးအခေါ်တွေကို ဆွေးနွေးမယ်။

တစ်ယောက်ကိုတစ်ယောက် အနိုင်မယူရဘူး။

အထင်သေးတာ၊ အထင်ကြီးတာ မရှိရဘူး။

တစ်ယောက်ကို တစ်ယောက် နားလည်နိုင်ရမယ်။

တစ်ယောက်ရဲ့လွတ်လပ်မှုကို တစ်ယောက်

အတားအဆီး မဖြစ်စေရဘူး။

နှစ်ယောက်စလုံး လွတ်လပ်မှုဘက်ကို သွားနေရမယ်။

ဒါမှ soul mate ဖြစ်မယ်။

++++++++++++++++++

မိတ်ဆွေကောင်းနဲ့တွေ့ရင်တောင်မှ

ကိုယ်က မိတ်ဆွေကောင်းနဲ့တန်တဲ့ စိတ်ထားမျိုးရှိမှသာ

သူနဲ့ကိုယ်နဲ့ဟာ မိတ်ဆွေကောင်းဖြစ်တော့မယ်။

++++++++++++++++++

မိတ်ဆွေကောင်းရှိတာဟာ

မင်္ဂလာရှိတယ်။

မိတ်ဆွေကောင်းကြောင့် တိုးတက်တယ်။

ကြီးပွားတယ်။

အောင်မြင်တယ်။

မိတ်ဆွေကောင်းဟာ ကိုယ့်ကိုပိုပြီး အသိဉာဏ်ကော၊

စိတ်ထားကော၊

မြင့်မားလာအောင် အထောက်အကူပေးတယ်။

++++++++++++++++++

ကိုယ့်လုပ်ရပ်တွေ၊

ကိုယ့်စိတ်ထားတွေ မှားနေရင်

စေတနာမှန်မှန်နဲ့ထောက်ပြနိုင်တာ

ကိုယ့်မိတ်ဆွေကောင်းပဲ။

++++++++++++++++++

တစ်ကိုယ်တည်းဖြစ်နေတဲ့အချိန်မှာ

ငါဟာ ငါနဲ့အတူတူရှိနေအောင်

ကြိုးစားပါ။

ကိုယ့်ရဲ့ကြည်လင်ရွှင်လန်းပြီး

မေတ္တာစိတ်ဖြစ်နေတဲ့ စိတ်ကလေးကိုပဲ

အဖော်ဖြစ်ပြီးနေတတ်အောင် ကြိုးစားပါ။

++++++++++++++++++

ကိုယ့်စိတ်က ကိုယ့်မိတ်ဆွေ၊

သူ့စိတ်က သူ့မိတ်ဆွေ၊

ဒါမှသာ သူနဲ့ငါ နဲ့လည်း မိတ်ဆွေ။

++++++++++++++++++

သတိနဲ့နေတဲ့စိတ်ဟာ

ဘယ်တော့မှ မအိုဘူး။

++++++++++++++++++

သဘာဝအလှဟာ

ကြည့်လို့မဝအောင်

လှပါတယ်။

++++++++++++++++++

လောကကြီးကို တိုးတက်စေချင်ရင်

လူတွေကို သေသေသပ်သပ်၊ လှလှပပ၊

နေတတ်

ထိုင်တတ်၊

ပြောတတ်၊

ဆိုတတ်အောင်

သင်ပေးဖို့လိုတယ်။

++++++++++++++++++

ဒီလောကကြီးမှာ ငါ

လူဖြစ်နေတာ

လောကကို လှပတာတွေ ပေးဖို့ပါ။

++++++++++++++++++

ကိုယ့်ကိုယ်ကို ကျေနပ်နေတဲ့စိတ်ဟာ

ကိုယ့်အဖော်ဖြစ်နေတယ်။

သတိဟာကိုယ့်အဖော်ဖြစ်နေတယ်။

++++++++++++++++++

အပြင်မှာ ရှိနေတာကို ရင်ဆိုင်ဖို့ထက်

ကိုယ့်စိတ်ထဲမှာ ရှိနေတာကို

ရင်ဆိုင်ဖို့က သတ္တိပိုပြီး

လိုအပ်ပါတယ်။
++++++++++++++++++

အရှုံးအမြတ်မတွက်ပဲ ချစ်နိုင်ဖို့ သတ္တိလိုတယ်။

အနိုင်အရှုံးမရှိပဲ ချစ်နိုင်ဖို့ သတ္တိလိုတယ်။

တကယ့်သတ္တိရှိမှ ချစ်နိုင်တယ်။

++++++++++++++++++

ကိုယ့်မှာရှိတဲ့အရည်အချင်းတွေကို ကြီးထွားလာအောင်လုပ်တာ၊

ပိုပြီးတော့ လွတ်လပ်တဲ့လူဖြစ်အောင်၊

ပိုပြီးတော့ တာဝန်ကျေတဲ့၊

တာဝန်သိတဲ့၊

တာဝန်ယူနိုင်တဲ့လူတစ်ယောက်ဖြစ်လာအောင်

ကိုယ့်ကိုယ်ကို ပြုစုတာ၊

ပျိုးထောင်တာ၊

ကိုယ့်ကိုယ်ကို ပိုပြီးတော့

ကောင်းတဲ့လူတစ်ယောက်ဖြစ်လာအောင်

ပုံဖော်တာလည်း တီထွင်ဖန်တီးတာပဲ။

ဒါတွေဟာ သတ္တိရှိမှ လုပ်နိုင်တယ်။

++++++++++++++++++

ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တဲ့လူ၊

ကိုယ့်လမ်းကို ကိုယ်ရှာပြီး သွားနေတဲ့လူ

ဖြစ်ဖို့ သတ္တိ အများကြီးလိုပါတယ်။

++++++++++++++++++

သတ္တိမရှိတဲ့သူဟာ ထီထိုးတယ်။

သတ္တိရှိတဲ့သူဟာ အလုပ်လုပ်တယ်။

++++++++++++++++++

အတိတ်က ဘာဘဲဖြစ်ခဲ့၊ဖြစ်ခဲ့

ရှေ့လျှောက်ပိုကောင်းလာဖို့ဟာ

ငါ့တာဝန်ပဲဆိုတာကို လက်ခံတယ်။

ကိုယ့်ဘဝမှာ ဖြစ်သမျှ အကောင်း၊အဆိုး

အားလုံး ကိုယ့်မှာတာဝန်ရှိတယ်

ဆိုတဲ့သဘောထားမျိုးကိုလည်း ထားရမယ်။

++++++++++++++++++

ဆရာတော် ဦးဇောတိက

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com