Thursday, August 25, 2011

" အလုပ်ပြုတ်သွားပြီ..."


တစ်နေ့မှာတော့ ကိုဟိန်းဟာ

မှိုင်နေပါတယ်။

မျက်နှာလည်းမကောင်းပါ။

ကိုအောင် ကမေးတယ်။

“ ဘာဖြစ်လို့လဲ၊

မျက်နှာလည်းမကောင်းပါလား”

ကိုဟိန်းက

“ အလုပ်ဖြုတ်စာရောက်လာလို့ဗျာ”

ကိုအောင်က

“ နေပါအုန်း၊

ခင်ဗျားက ဘယ်တုန်းက အလုပ်ရသွားလို့လဲ”

ကိုဟိန်းက

“ ဒီလိုဗျာ၊ အလုပ်ခန့်စာကမရောက်သေးပါဘူး။

မီးရထားနဲ့ပို့လိုက်သတဲ့။

အလုပ်ဖြုတ်စာကတော့

လေယာဉ်နဲ့ပို့လိုက်လို့ အရင်ရောက်လာတာပါ”


Wednesday, August 24, 2011

“စိတ်ချမ်းသာဖို့ကောင်းတဲ့နေရာ…”


အသက်-၉နှစ်ပတ်ဝန်ကျင်ရှိတဲ့ကလေးတစ်ယောက်

စာအုပ်စင်ရှေ့တွင် သူလိုချင်တဲ့စာအုပ်များကို ရှာနေတယ်။

စွတ်ကျယ်အင်္ကျီအစိမ်းရောင်နဲ့ကာကီရောင်ဘောင်ဘီအတိုကိုဝတ်ထားတယ်။

အသားမည်းတဲ့အိန္ဒိယကလေးတစ်ယောက်လို့ယူဆရပါတယ်။

အင်္ဂလိပ်စကားကို လည်လည်ဝယ်ဝယ်ပြောနေတာမို့ အမေရိကန်မှာ

မွေးဖွားတဲ့အိန္ဒိယကလေးလို့ပြောရမယ်ထင်တယ်။

မြန်မာပြည်မှာတော့ လမ်းပေါ်မှာဆော့ကစားနေတဲ့ကုလားလေးတစ်ယောက်ပုံနဲ့တူပါတယ်။

သူကစာအုပ်များကို စိတ်ဝင်စားစွာရှာဖွေနေတယ်။

သူရှာလိုတဲ့စာအုပ်ကို ရှာမတွေ့တော့

စာကြည့်တိုက်ဝန်ထမ်းတစ်ဦးကို သွားမေးပါတယ်။

အမျိုးသားဝန်ထမ်းတစ်ဦးရောက်လာပြီးသူရှာလိုတဲ့စာအုပ်ကို ကူညီပြီးရှာဖွေပေးပါတယ်။

စာအုပ်များကို ရှာတွေ့ပြီမို့ စာအုပ်တွေတစ်ပွေ့တစ်ပိုက်ကို စာအုပ်စင်မှ ဆွဲချပြီး

စာကြည့်တိုက်ရဲ့စာဖတ်တဲ့ကုလားထိုင်-စားပွဲမှာ ထိုင်ဖတ်နေပါတယ်။

သူ့ကို ကူညီပြီးစာအုပ်ကို ရှာဖွေပေးတဲ့ အမျိုးသားဝန်ထမ်းက မကြာခင်မှာပြန်ရောက်လာပြီး

သူ့လက်ထဲကို စာရွက်တစ်ရွက်ပေးပါတယ်။

အဲဒီစာရွက်ကတော့ လူငယ်လေးရှာဖွေနေတဲ့စာအုပ်များနဲ့ပတ်သက်တဲ့အညွှန်းစာရွက်

ဖြစ်ပါတယ်။

လူငယ်လေးက သူလိုချင်တဲ့စာအုပ်လည်းရပြီ။

အညွှန်းစာရွက်လည်းရပြီမို့မျက်နှာက ပြုံးပြီး စာအုပ်များကို

အေးအေးဆေးဆေး ဆက်ဖတ်နေပါတယ်။

ဒါကတော့ စာကြည့်တိုက်တွင် တွေ့ရတဲ့မြင်ကွင်းတစ်ခုဖြစ်ပါတယ်။

+++++++++++++++++++++++++++++++++++++++++++++

အမေရိကန်မှာကြီးပြင်းခွင့်ရတဲ့ကလေးတွေရဲ့အခွင့်အရေးတွေဖြစ်ပါတယ်။

အဲဒီကုလားလေးကို ကြည့်ပြီးအားကျမိပါတယ်။

ကျနော်ငယ်စဉ်တုန်းက ဒီလိုအခွင့်အရေးကို မရခဲ့ပါ။

မြန်မာနိုင်ငံမှာ ဒီလိုပတ်ဝန်ကျင်မရှိခဲ့ပါ။

စာကြည့်တိုက်ကို တက္ကသိုလ်ရောက်မှ ရောက်ဖူးတယ်။

ဝင်ဖူးတယ်။ စာအုပ်ငှားဖူးတယ်။

စာအုပ်ဖတ်ဖူးတယ်။

ဝန်ထမ်းတွေရဲ့အလေးထားခြင်းကိုလည်း မခံစားရပါ။

မေးရင်လည်း ပျူငှာစွာ ဆက်ဆံခြင်းမရှိပါ။

မတူညီတဲ့ပတ်ဝန်ကျင်နှစ်ခုကို နှိုင်းယှဉ်ကြည့်နေမိပါတယ်။

++++++++++++++++++++++++++++++++++++++++

ဒီစာကြည့်တိုက်မှာတော့ တစ်ကြိမ်ထဲမှာ

ငှားရမ်းနိုင်တဲ့စာအုပ်စာအုပ်ပေါင်းတစ်ရာ(၁၀၀)ဖြစ်ပါတယ်။

အဲဒီတစ်ရာထဲတွင် စာအုပ်အပါအဝင် DVD&VCDလည်းပါဝင်ပါတယ်။

တစ်ခါငှားရင်တော့ သုံးပတ်ဖတ်ခွင့်ရပါတယ်။

မဂ္ဂဇင်းများ၊ ဂျာနယ်များကိုတော့ တစ်ပတ်သာငှားခွင့်ရပါတယ်။

ပြန်အပ်ရမယ့်ရက်နီးကပ်လာပါက အီးမေးလ်ပေးထားပါက

အီးမေးလ်နဲ့အကြောင်းကြားပေးပါတယ်။

အပ်ရမယ့်ရက်နီးကြောင်းနဲ့ နောက်ထပ်ငှားချင်ရင် အီးမေးလ်ကတစ်ဆင့်

ရက်တိုးငှားနိုင်ကြောင်း အကြောင်းကြားပါတယ်။

ဒါကြောင့်မေ့လျော့ပြီး ရက်တိုးကြေးပေးစရာမလိုတော့ပါ။

ရက်တိုးကြေးကတော့ စာအုပ်တစ်မျိုးအတွက်

ဆင့်ငါးဆယ်(မြန်မာငွေပြားငါးဆယ်သဘောဖြစ်ပါတယ်)ဖြစ်ပါတယ်။

အများဆုံးဒဏ်ကြေးကတော့ ဒေါ်လာ၂၀ဖြစ်ပြီး

စာအုပ်ပျောက်ဆုံးပါက ဒေါ်လာ-၂၀အပြင်

ပျောက်ဆုံးတဲ့စာအုပ်တန်ဖိုးကိုပေးလျှော်ဖို့ကြိုတင်အသိပေးထားပါတယ်။

စာကြည့်တိုက်ထဲတွင် ဆိတ်ငြိမ်အခန်း (Quite room)ရှိတယ်။

လုံးဝတိတ်ဆိတ်တဲ့အခန်းဖြစ်တယ်။

အခန်းက အလင်းလုံလောက်စွာရရှိတယ်။

လေအေးပေးစက်ရှိတယ်။

ထိုင်ခုံကတော့ ဆယ်ယောက်ကျော်ကျော်လေ့လာဖို့ထိုင်ခုံများစီစဉ်ထားပါတယ်။

ကွန်ပျူတာများကိုယ်စီနဲ့လေ့လာနေတာမို့ ကွန်ပျူတာများအတွက်

လျှပ်စစ်ပလတ်ပေါက်လည်း လုံလောက်အောင်စီစဉ်ထားပေးတယ်။

စာကြည့်တိုက်ထဲတွင် အင်တာနက်နဲ့လည်း ဆက်သွယ်နိုင်ပါတယ်။

နောက်တစ်ခုကတော့

အုပ်စုလိုက်လေ့လာနိုင်တဲ့အခန်း(Group Study Room) ဖြစ်တယ်။

စာသင်ကြားမှုကို မကြာခဏတွေ့ရပါတယ်။

အုပ်စုလိုက်ဆွေးနွေးနေတာကိုလည်းတွေ့ရပါတယ်။

အဲဒီအခန်းနဲ့ကပ်ရက်အခန်းကတော့

ဆယ်ကျော်သက်များအတွက်အခန်း(Teens room)ဖြစ်ပါတယ်။

အခန်းက ပိုကျယ်တယ်။

အထဲတွင် ကွန်ပျူတာ သုံးလုံးကိုလည်းထားပေးတဲ့အပြင်

TV တစ်လုံးလည်း အမြဲဖွင့်ပေးထားပါတယ်။

နားနားနေနေစာဖတ်နိုင်အောင်လည်း စီစဉ်ထားပေးပါတယ်။

အဲဒီအခန်းနဲ့ကပ်ရက်အခန်းကတော့ စာသင်ခန်းတစ်ခန်း(Program Room)ဖြစ်ပါတယ်။

အင်္ဂလိပ်စာဖတ်ပွဲ၊စာတမ်းဖတ်ပွဲ၊ထူးခြားတဲ့အခြားအစီအစဉ်များကို

ပြုလုပ်တဲ့အခန်းဖြစ်ပါတယ်။

စာသင်ခန်းတစ်ခန်းလောက်ကျယ်ဝန်းပါတယ်။

စာသင်ခန်းတစ်ခန်း(Program Room)ရဲ့ရှေ့ဖက်မှာတော့

စာကြည့်တိုက်ဝန်ထမ်းများရဲ့ကောင်တာရှိပါတယ်။

လိုအပ်တဲ့မေးမြန်းစုံစမ်းမှုများကို ဖြေကြားပေးတဲ့ကောင်တာဖြစ်ပါတယ်။

ကောင်တာရဲ့ကျောချင်းကပ်ရက်အခန်းကတော့

ကွန်ပျူတာအခန်း(Tech Computer Room) ဖြစ်ပါတယ်။

စာသင်ခန်းတစ်ခန်း(Program Room) နဲ့ကပ်ရက်အခန်းကျယ်ကတော့

ကလေးများရဲ့စာကြည့်တိုက်(Children Library) ဖြစ်ပါတယ်။

ကလေးများဖတ်ဖို့ ကလေးစာအုပ်များ မြောက်များစွာကို ကလေးများမီနိုင်တဲ့စင်လေးတွေနဲ့

စီစဉ်ထားပါတယ်။

စာအုပ်စင်ရဲ့ဘေးတိုက်များတော့ ကွန်ပျူတာများထားပေးထားတယ်။

ကလေးများစွာဟာ

အဲဒီကွန်ပျူတာများမှာ ဂိမ်းဆော့ကစားနေတာကိုတွေ့ရပါတယ်။

အချို့ကလေးများကတော့ စာအုပ်စင်များရှေ့တွင်စာအုပ်ရှာသူကရှာ၊

အချို့ကတော့ စာအုပ်ကိုယူပြီး စားပွဲများတွင် အေးအေးဆေးဆေး

ထိုင်ဖတ်နေတာကိုတွေ့ရပါတယ်။

ကျေနပ်စရာကောင်းတဲ့မြင်ကွင်းမျိုးဖြစ်ပါတယ်။

နောက်တစ်ခန်းကတော့

သတင်းစာ၊ဂျာနယ်၊မဂ္ဂဇင်းများထားတဲ့အခန်းဖြစ်ပါတယ်။

အေးအေးဆေးဆေးဖတ်နိုင်ဖို့(easy chairs) များစီစဉ်ပေးထားပါတယ်။

ခန်းမကျယ်ရဲ့အလယ်မှာတော့ စာအုပ်အမျိုးမျိုးကို ဆိုင်းပိုဒ်အမျိုးမျိုးနဲ့

စံနစ်တကျစီစဉ်ထားပေးပါတယ်။

ဘာသာတွေကတော့ အင်္ဂလိပ်၊ အိန္ဒိယ၊ တရုပ် ဘာသာနဲ့စာအုပ်များ၊

DVD&VCDများကိုတွေ့ရပါတယ်။

အဝင်အထွက်အပေါက်ဝနားမှာတော့

DVD&VCDတွေကို စံနစ်တကျ စင်တွေနဲ့စီထားတယ်။

အဲဒီနားမှာတော့ ငှားတဲ့စာအုပ်၊DVD&VCDတွေကို ကွန်ပျူတာနဲ့စာရင်းသွင်းတဲ့နေရာဖြစ်ပါတယ်။

စာအုပ်တွေ၊DVD&VCDတွေကို လွယ်လွယ်ကူကူရှာနိုင်ဖို့အတွက်

ကွန်ပျူတာတွေကိုတော့ နေရာအနှံ့အပြားမှာ ထားပေးပါတယ်

ကလေးတွေကို အများအပြားတွေ့ရပေမယ့် ဆူဆူညံညံလုပ်တာကို

မတွေ့ရပါ။

တစ်ရံတစ်ခါတွင် အလွန်ငယ်တဲ့ကလေးတွေ ဆူညံနေတာကိုတွေ့ရပေမယ့်

ဟန့်တားခြင်း၊အပြစ်တင်ခြင်းကို မတွေ့ရပါ။

ဒါဟာ

အလ်မာဒန်စာကြည့်တိုက်

(Almaden Branch Library)ရဲ့

မြင်ကွင်းပဲဖြစ်ပါတယ်။

စာကြည့်တိုက်သွားတိုင်း အလွန်စိတ်ချမ်းသာရပါတယ်။

ကျနော်တို့နိုင်ငံမှာလည်း ဒီလိုစာကြည့်တိုက်အမြောက်အများရှိရင်

ဘယ်လောက်ကောင်းလိုက်လေမလဲလို့တွေးမိပါတယ်။

+++++++++++++++++++++

စာဖတ်တဲ့လူမျိုးတိုင်းဟာ အလွန်တိုးတက်ကြပါတယ်။

ဆရာတစ်ယောက်ပြောခဲ့တဲ့စကားရှိပါတယ်။

“စာဖတ်တဲ့လူတိုင်းတော့ သန်းကြွယ်သူဌေးမဖြစ်ကြပါဘူး။

ဒါပေမယ့်

သန်းကြွယ်သူဌေးတိုင်းတော့ စာဖတ်ကြပါတယ်”တဲ့။

လူတိုင်းလူတိုင်း စာဖတ်ပြီးတိုးတက်ကြပါစေ။


“ “ဦးနှောက်မဲ့…”


တာချီလိတ်မြို့တွင်
ဖွင့်လှစ်ထားတဲ့ဟိန်းဆေးခန်းတွင်

မောင်စိုးသိန်းဆိုတဲ့လူနာတစ်ယောက်က
လူနာများချိန်တွင် မေးတယ်။

“ ဒေါက်တာ၊
လူတစ်ယောက်ဟာ ဦးနှောက်မရှိဘဲ
အသက်ရှင်နိုင်သလား ဟင်... ”

ဆရာဟိန်းက
" ရှင်နိုင်ပါတယ်"

မောင်စိုးသိန်းကဆက်မေးတယ်။
"ဘယ်လောက်ကြာကြာ ရှင်နိုင်သလဲ ဒေါက်တာ"

ဒေါက်တာဟိန်းက
“ မသေမချင်း ”

Tuesday, August 23, 2011

“ ငါ လိုချင်တာရဖို့ တန်ရာတန်ကြေးကိုပေးမယ် …"


အတွင်းစိတ်ဓာတ်အင်အား…”


ကိုယ့်အင်အားဟာ ကိုယ့်အတွင်းကနေထွက်လာပြီဆိုရင်

အဲဒီအင်အားဟာ တမျှင်းမျှင်းနဲ့ထွက်နေအုံးမယ်။

ခမ်းမသွားဘူး။

+++++++++++++++++++++++++++++++

ကုသိုလ်ထဲမှာ သမ္မာဒိဋ္ဌိက အားအကြီးဆုံးပဲ။

မှန်ကန်တဲ့အမြင်ဟာ စိတ်ရဲ့အဆင့်အတန်းကို

ပိုပြီးမြင့်စေတယ်။

စိတ်ဓာတ်အင်အားကို ပိုပြီးကြီးစေတယ်။

ဒါကြောင့် မှန်ကန်တဲ့အမြင်ရှိတဲ့သူဟာ

အင်အားကြီးတဲ့သူလို့ ဆိုရမယ်။

တရားအားထုတ်တာဟာ

မှန်ကန်တဲ့အမြင်ကို ရဖို့အားထုတ်တာပါ။

တရားအားထုတ်လို့ ဖြစ်လာတဲ့အသိဉာဏ်က ပိုပြီးတော့

စိတ်ဓာတ်ရဲ့စွမ်းအားကို ကြီးအောင် လုပ်ပေးနိုင်တယ်။

+++++++++++++++++++++++++++++++

ကိုယ့်အားကိုယ့်ကိုးနိုင်တဲ့သူမှ သာ

လူ့အသိုင်းအဝိုင်းကို တကယ် အကျိုးပြုနိုင်တယ်။

+++++++++++++++++++++++++++++++

အတွင်းလောက…”


ပစ္စည်းဥစ္စာတို့၊

ရာထူးတို့ဆိုတာ

အပြင်လောက ဖြစ်တယ်။

စိတ်အေးချမ်းမှု၊

အသိဉာဏ်ဆိုတာ

အတွင်းလောက ဖြစ်တယ်။

အပြင်လောကဆိုတာ သူများနဲ့ဆိုင်တယ်။

ကိုယ့်တစ်ဦးထဲ ပိုင်မဟုတ်ဘူး။

အချိန်မရွေးသူများလက်ထဲ ရောက်သွားနိုင်တယ်။

အသိဉာဏ် နှင့် စိတ်အေးချမ်းမှုဟာ အများပိုင်မဟုတ်ဘူး။

ဘယ်သူမှ ယူသွားလို့မရဘူး။

ဒါကြောင့် ကိုယ့်ရဲ့ အတွင်းလောကပြည့်စုံဖို့ကို

အလေးထားရမယ်။

+++++++++++++++++++++++++++++++

တရားမျှတမှု…”


တရားမျှတမှုဆိုတာ လူတိုင်းရထိုက်တဲ့အရာ ဖြစ်တယ်။

+++++++++++++++++++++++++++++++

ကိုယ့်ကိုယ်ကို ကိုယ်တကယ်လေးစားတဲ့သူ၊

တန်ဖိုးထားတဲသူ၊

ယုံကြည်တဲ့သူတွေဟာ

ဘာကိုမှ အလကားမလိုချင်ဘူး။

တန်ရာတန်ကြေးပေးပြီးမှ လိုချင်တယ်။

+++++++++++++++++++++++++++++++

ငါ လိုချင်တာရဖို့ တန်ရာတန်ကြေးကိုပေးမယ်

ဆိုတဲ့စိတ်ကို

ပီပီပြင်ပြင်၊ ပြတ်ပြတ်သားသားဆုံးဖြတ်ပါ။

အဲဒီလို ဆုံးဖြတ်လိုက်တာနဲ့စိတ်မှာ

သတ္တိတစ်မျိုး ဖြစ်လာမယ်။

စွမ်းအားတစ်မျိုး ဖြစ်လာမယ်။

+++++++++++++++++++++++++++++++

ကိုယ့်ဂုဏ်သိက္ခာကို ဘယ်တော့မှ ရောင်းမစားပါဘူး

လို့ဆုံးဖြတ်လိုက်ပါ။

အဲဒီလို ဆုံးဖြတ်လိုက်ရင် အဲဒီစိတ်ဓာတ်က

ကိုယ်လိုချင်တာရအောင်ကောင်းတဲ့နည်းကို

ပေးပါလိမ့်မယ်။

+++++++++++++++++++++++++++++++

ကိုယ်လိုချင်တာရအောင် ကိုယ့်ကိုလုပ်ပေးနိုင်တာ

ကိုယ့်စိတ်ဓာတ်နဲ့ကိုယ့်အရည်အချင်ပါပဲ။

ဒီစိတ်ဓာတ်ဟာ လွတ်လပ်တဲ့သူရဲ့စိတ်ဓာတ်ပဲ။

+++++++++++++++++++++++++++++++

(ဆရာတော်ဦးဇောတိက)

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com