Thursday, April 21, 2011

" မကိုက်ဘူး၊ ရှုံးတယ်တဲ့ဗျာ..."


ကျနော် ကော့သောင်မြို့မှာ ဆေးခန်းဖွင့်စဉ်တုန်းက
အဖြစ်အပျက်တစ်ခုပါ။
တစ်နေ့မှာ လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ကိုမြသီက
မကျေမနပ်နဲ့ဆေးခန်းကိုရောက်လာပါတယ်။
သူကိုကြည့်ရသည်မှာ ဒေါသထွက်နေတယ်။
မျက်နှာကလည်း နီရဲနေတယ်။
သွေးပေါင်ချိန်ကြည့်တော့
ကြောက်ခမန်းလိလိ သွေးတိုးနေတာကိုတွေ့ရတယ်။
သွေးတိုးရောဂါရှိနေသူမို့ အငန်တွေလျော့စားဖို့လည်း
အကြိမ်ကြိမ်သတိပေးထားပါရက်နဲ့
ဘာကြောင့်များသွေးတွေတိုးနေပါလိမ့်။
သွေးကျဆေးလည်း ပုံမှန်ပေးထားတယ်။
ဆေးများမသောက်တာလား။

" ကဲ...ကိုမြသီ ခင်ဗျားဘာဖြစ်လာတာလဲ"

" မပြောချင်ပါဘူးဆရာရယ်"

" မပြောချင်လို့မရဘူးလေ၊
အခုခင်ဗျားသွေးတွေအရမ်းတက်နေတယ်။
ဒီလိုသာ သွေးတက်နေရင်
ခင်ဗျားအချိန်မရွေးလေဖြတ်သွားနိုင်တယ်၊ သိလား"

'' ဒီလိုဗျာ၊
ကျနော့်စက်လှေအတွက် အဖွဲ့အစည်းကငွေတောင်းတယ်ဆရာ၊
ကျပ်-သိန်းတစ်ရာတဲ့ဗျာ၊

ကျနော်က သိန်းငါးဆယ်ကျပ်သာတတ်နိုင်တဲ့အကြောင်းပြောတော့

သိန်းငါးဆယ်ဆိုရင် မကိုက်ဘူးတဲ့၊
အဲဒီလောက်သာဆိုရင် သူတို့ရှုံးတယ်တဲ့ဗျာ၊
ဘာတွေရင်းနှီးထားလို့ရှုံးတယ်
ဆိုတာကျနော်စဉ်းစားလို့မရဘူး၊

စဉ်းစားရင်း၊
စဉ်းစားရင်းနဲ့
ဒေါသကထွက်လာပြီး
သွေးတက်သွားတာလားမသိဘူးဆရာ"

တဲ့။

" အဖိုးအတန်ဆုံးပိုင်ဆိုင်မှုဆိုတာ..."




" ကျွန်ုပ်တို့စိတ်ဟာ

လက်ငင်းလက်တွေ့ဘဝကိုသာအာရုံပြုထားနိုင်မယ်ဆိုရင်

ကြောက်စိတ်တို့ကို ဖယ်ရှားနိုင်လိမ့်မယ်။

ကြောက်စိတ်ဆိုတာ မဖြစ်သေးသောကိစ္စကို ပူပန်ကြောင့်ကြခြင်းဖြစ်တယ်။

ကြောက်စိတ်ကို ရင်ဆိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ

မျက်မှောက်ကိစ္စကို အာရုံပြုရန်ဖြစ်ပါတယ်။

ကျနော်ဘဝမှာ ကြောက်ရွံ့ဆိုးဝါးစရာတွေနဲ့ ဖြတ်သန်းခဲ့ရတယ်။

အဲဒီအထဲက တချို့ပဲ တကယ်ဖြစ်ခဲ့တယ် "

လို့အမေရိကန်စာရေးဆရာ မတ်တိန်း ကပြောခဲ့ဖူးပါတယ်။

+++++

ကျနော်တို့က ဘာလုပ်ပေးခဲ့တယ်

ဆိုတဲ့ကိစ္စက အရေးမကြီးပါဘူး။

တစ်ချိန်ချိန်မှာ

တစ်ယောက်ယောက်ကို

တစ်ခုခုလုပ်ပေးနိုင်တယ်

ဆိုတဲ့စိတ်ဓာတ်က အရေးကြီးပါတယ်။

+++++

အကြင်နာစိတ်ထား၊

ပွားများနိုင်ကြပါစေ။

+++++

" လူတစ်ယောက်ရဲ့အဖိုးအတန်ဆုံးပိုင်ဆိုင်မှုဆိုတာ သူ့ရဲ့သတ္တိပါပဲ။

သတ္တိသာရှိခဲ့မယ်ဆိုရင် အခြေအနေတွေ ဘယ်လောက်ပဲ မဲမှောင်နေပါစေ၊

အမှောင်ကိုခွင်းနိုင်ပါတယ် "

အဲဒီစကားတွေကို

အမေက စိတ်ဓာတ်ကျလာတဲ့အခါတိုင်းမှာ

ပြောခဲ့ပါတယ်။

အမေပြောတဲ့အခါတိုင်းမှာလည်း

စိတ်ဓာတ်တွေပြန်တက်လာစမြဲပါပဲ။

" အနီးကိုလည်း အာရုံစိုက်ပါအုန်း..."


တစ်ခါတုန်းက

နက္ခဗေဒပညာရှင်တစ်ဦးရှိပါတယ်။

သူ့ရဲ့နာမည်ကတော့ မင်းအောင်ဟိန်းလို့ခေါ်ပါတယ်။

သူဟာ ကောင်းကင်ရှိ ကြယ်တွေ၊ဂြိုလ်နက္ခတ်တွေကို

ကြည့်ရှု့လေ့လာဖို့ ညတိုင်းလမ်းလျှောက်တတ်ပါတယ်။

တစ်ညမှာတော့ ကောင်းကင်ရှိ ကြယ်တွေ၊ဂြိုလ်နက္ခတ်တွေကို

ငေးကြည့်ရင်း ရေတွင်းတစ်ခုထဲကို ကျသွားပါတော့တယ်။

အော်ပြီးအကူအညီတောင်းသံကို အိမ်နီးချင်းတစ်ယောက်

ဖြစ်တဲ့ ကိုအောင်တင်ဝင်း ကကြားပြီး

ရေတွင်းဆီကို ပြေးလာပါတယ်။

ကိုအောင်တင်ဝင်းက

“ ဟေ့ သူငယ်ချင်း ဘာဖြစ်တာလဲ ”


မင်းအောင်ဟိန်းက

“ ဟာ မပြောချင်ပါဘူး၊

ကောင်းကင်ကိုမော့ကြည့်ရင်း

ရေတွင်းထဲ ပြုတ်ကျသွားတာပါပဲ”


အကြောင်းသိနေတဲ့ သူငယ်ချင်းဖြစ်သူ ကိုအောင်တင်ဝင်း

က တဟားဟားရယ်မောပါတယ်။

ပြီးတော့ ပြောလိုက်တာက

“ မင်းက

မင်းခြေမရဲ့ရှေ့ဖက် တစ်လက္မလောက်ကိုတောင်

မမြင်နိုင်ဘဲ

ဟိုးအဝေးကြီးကအကြောင်းအရာကို

အာရုံစိုက်လွန်းတာကိုးကွ”

တဲ့။

Wednesday, April 20, 2011

“ အသက်ရှည်ချင်ပါသလား?…”


သက်တော်(၁၀၂)နှစ်

နေသွားရတဲ့ စစ်ကိုင်းရွှေဟင်္သာတောရဆရာတော်ကြီးကို

အသက်ရှည်အောင်နည်း ခဏခဏမေးမြန်းလွန်းလို့

ဆရာတော်က

သက်ရှည်၊ကျန်းမာခြင်းရဲ့ အဓိက အချက်သုံးချက်ကို ဟောပြောခဲ့ပါတယ်။


“နည်းနည်းစား၊

များများလျှောက်၊

ခေါင်းကြည်အောင်ထား၊ ”

လို့ ဟောပြောခဲ့ပါတယ်။


ခေါင်းကြည်အောင်ထားဆိုတာက

စိတ်ချမ်းသာစရာ၊

ကုသိုလ်ဖြစ်စရာကိုသာတွေးပါ။

စိတ်ဆင်းရဲစရာ၊

အကုသိုလ်ဖြစ်စရာကို မတွေးနဲ့လို့ပြောလိုရင်းပါပဲ။

“နှိုးစက်…”


ကိုအေးရွှေက သူရဲ့မိတ်ဆွေကို ပြောတယ်။

“ ကျနော် ဒီနေ့ အချိန်မီ နိုးတယ်ဗျ ”

“ ခင်ဗျားပြောတော့ ခင်ဗျားရဲ့ နှိုးစက်နာရီ

အသံမမြည်ဘူးဆို ”

“ မိန်းမက

အဲဒီနာရီနဲ့ ကျနော့်ခေါင်းကို ထုလိုက်တယ်လေ ”

“ အဆိုးကို ကောင်းအောင်ဘယ်လိုလုပ်မလဲ…”


အိမ်စာအဖြစ်

လှေကားတစ်စင်းကို ရေးဆွဲဖို့

ကျနော်တာဝန်ကျပါတယ်။

ကျနော် ကြိုးစားပြီး ရေးဆွဲရာ

လှေကားပြီးစီးသွားပါတယ်။

အားလုံးပြီးစီးသွားတဲ့အတွက်

စိတ်ပေါ့ပါးပြီး

အသုံးပြုတဲ့မင်အိုးကိုသိမ်းလိုက်ရာ

မင်စက်တစ်စက်ဟာ

အချောသတ်ရေးဆွဲပြီးတဲ့

လှေကားပေါ်ကိုကျသွားပါတယ်။


နောက်တစ်ခုပြန်ဆွဲဖို့မှာ

အချိန်နောက်ကျသွားပါပြီ။

အဲဒါကြောင့်

ကျနော်အကြီးအကျယ် စိတ်ပျက်ပြီး

မျက်ရည်များပင် ကျမိခဲ့ပါတယ်။


ကျနော်ကြုံတွေ့ရတဲ့ ဒုက္ခကို

ဖေဖေကိုပြောပြဖြစ်ပါတယ်။


ဖေဖေက

ညင်ညင်သာသာဖြင့်


“ သားရယ် ဘာမှ စိတ်မပူပါနဲ့၊

အခုကျသွားတဲ့ မင်အမဲကွက်က

တယ်ရီယာခွေးလေးမှာတွေ့ရတတ်တဲ့

အကွက်လေးနဲ့ သိပ်တူတာပဲ၊

အဲဒါကြောင့်

သားလုပ်ရမှာက အဲဒီအမဲစက်လေးပါတဲ့

ခွေးလေးတစ်ကောင်ဆွဲပေးဖို့ပဲ၊

လွယ်လွယ်နဲ့ စိတ်မပျက်စမ်းပါနဲ့သားရယ်၊

အဆိုးဖြစ်လာရင်

အဲဒီအဆိုးကို

အကောင်းဖြစ်အောင်လုပ်ဖို့အတွက်

စိတ်ကူးနည်းနည်းစဉ်းစားဖို့လိုတယ်၊

အချို့ဟာတွေက

အစပိုင်းမှာ

မျှော်လင့်စရာမရှိတော့ဘူးလို့ထင်ရတယ်၊

တကယ်တော့ အဲဒီလို မဟုတ်ဘူး၊

အဲဒါကို သားမှတ်ထားပါ ”


လို့

ဖေဖေက

စိတ်ရှည်ရှည်ရှင်းပြပါတယ်။


အဖေပြောတဲ့အတိုင်း

ကျနော်ဟာ

မင်အမဲစက်ကျသွားတဲ့နေရာမှာ

တယ်ရီယာခွေးလေးတစ်ကောင်

ရေးဆွဲလိုက်ပါတယ်၊

နောက်နေ့မှာတော့

ကျနော်ရေးဆွဲတဲ့ခွေးရုပ်လေးပါတဲ့

လှေကားပုံဟာ

အကောင်းဆုံးပုံအဖြစ် အရွေးခံရပါတယ်။

စိတ်ကူးဥာဏ်နည်းနည်းထည့်လိုက်ရင်

ဘယ်လောက်တောင်ကောင်းသွားတယ်ဆိုတာ

ဒါ သက်သေပါပဲ။


“ ဒီပုံမှာ

တယ်ရီယာခွေးလေးထည့်လိုက်တဲ့

စိတ်ကူးဥာဏ်ကြောင့်

ပုံဟာ ပြည့်စုံသွားပါတယ် ”

လို့

ဆရာက

တစ်တန်းလုံးကို ရှင်းပြလိုက်ပါတယ်။


အဲဒီအချိန်စပြီး

တစ်ခုခုမှားမှားယွင်းယွင်းဖြစ်သွားတဲ့အခါတိုင်း

အမဲစက်ပါတဲ့ တယ်ရီယာခွေးလေးကို

ပြေးပြေးပြီး

မြင်ယောင်မိပါတော့တယ်။

Tuesday, April 19, 2011

" တကယ်မြင်နိုင်လို့လား..."


တစ်နေ့တုန်းက
အမေရိကားမှာ ရှိနေတဲ့မိတ်ဆွေတစ်ယောက်က
မုန့်ဟင်းခါးစားဖိတ်ပါတယ်။
သူ့နာမည်က ကိုစိုးမိုးနိုင်ပါ။
သူဟာ ကျနော်ရဲ့မိတ်ဆွေမဟုတ်ပါဘူး။
ကျနော်ရဲ့သူငယ်ချင်းရဲ့မိတ်ဆွေပါ။

ရန်ကုန်က မိတ်ဆွေတွေ
ရောက်လာကြောင်းကြားသိရတဲ့အတွက်
ဝမ်းသာအားရနဲ့အလှူတစ်ခုလုပ်ပြီး
ဖိတ်လိုက်ခြင်းဖြစ်ဟန်တူပါတယ်။

ရန်ကုန်တိုင်း၊
လှိုင်မြို့နယ်မှာ

နေတာချင်းတူတာကို
စိတ်ဝင်စားပုံလည်းရဟန်တူပါတယ်။
တစ်ရပ်တစ်ကျေးရောက်လာတာမို့
ဝမ်းသာရပါတယ်။

မုန့်ဟင်းခါးကလက်ရာကောင်းလှပါတယ်။
အရသာကောင်းလှတဲ့မုန့်ဟင်းခါးစားရတော့
မြန်မာပြည်ကိုလွမ်းမိပါတယ်။
ကျနော့်မိတ်ဆွေကို
သူဝယ်ထားတဲ့ကား
တန်မတန်ပြနေတာကိုတွေ့ရတယ်။
တစ်နှစ်ကျော်ကျော်အတွင်းမှာ
ကားဝယ်ထားတဲ့အတွက်
သူဟာ ကြိုးစားသူဖြစ်ကြောင်းကို
အသိအမှတ်ပြုရမယ်ထင်တယ်။
ကျနော်တို့
မုန့်ဟင်းခါးစားနေတုန်းမှာ
အနားမှာဧည့်ခံစကားပြောနေပါတယ်။

" မိဘတွေဆီကို
အိမ်ပြင်မယ်ဆိုလို့
ငွေတွေကို ပို့ထားတာကြာပြီ၊

အခုထိအိမ်မပြင်သေးဘူးဗျာ."

မိတ်ဆွေကိုလှဦးက

" အိမ်ပြင်၊မပြင်
ခင်ဗျားဘယ်လိုလုပ်သိသလဲ "

ကိုစိုးမိုးနိုင်က

" ဂူဂယ်မတ်ပ်ထဲကကြည့်တာပေါ့ဗျာ
ဂူဂယ်မတ်ပ်ထဲမှာ ဘာမှမပြောင်းလဲဘူးလေ၊
အဲဒါကြောင့်
အိမ်ကိုဖုန်းဆက်ပြီး

ညီမလေးကို ခဏခဏဆူရတယ်၊
သူတို့ကတော့
အိမ်ပြင်ပြီးပြီလို့ချည်းငြင်းနေတယ်။

ကျနော်ကို ဘာမှမသိဘူးလို့ထင်နေတယ်လေ၊
ကျနော်က
အင်တာနက်ကနေကြည့်နေတာ

သူတို့မသိကြဘူးလေ"

တဲ့



" အသက်ပေးပြီးကာကွယ်မယ်..."


တစ်ခါတုန်းက

ဟိုင်မင်တတ်စ်တောင်ရှိ ပျားအုံတစ်အုံမှ

ပျားဘုရင်မတစ်ကောင်ဟာ

အိုလံပတ်စ်တောင်ကို ဆင်းလာခဲ့တယ်။

အိုလံပတ်စ်တောင်ရှိ ဂျူပီတာဆီကို

ပျားရည်လက်ဆောင်ပေးဖို့လာခဲ့တာဖြစ်တယ်။


ပျားရည်လက်ဆောင်ရတဲ့အတွက်

ဂျူပီတာက အလွန်အားရကျေနပ်ပါတယ်။

အဲဒါ ကြောင့် ပျားဘုရင်မကို လိုရာပြောပါ၊

ပြည့်ဝစေရမယ်လို့ ကတိစကားပြောပါတယ်။


အဲဒီအခါ ပျားဘုရင်မက

“ ကျမရဲ့စုဆောင်းထားတဲ့ ပျားရည်တွေကို

လာရောက်ယူကြတဲ့

သက်ရှိတွေကို ထိုးသတ်နိုင်ဖို့ အဆိပ်ပေးပါ”

လို့

တောင်းဆိုပါတယ်။


အဲဒီတောင်းဆိုချက် ကြားရတော့

ဂျူပီတာက စိတ်မကောင်းဖြစ်ရပါတယ်။

ဘာကြောင့်ဆိုတော့

ဂျူပီတာဟာ လူသားတွေကို

အရမ်းချစ်တဲ့အတွက်ကြောင့်ဖြစ်တယ်။

ဒါပေမယ့်

ပေးထားတဲ့ကတိစကားကရှိနေတဲ့အတွက်

ပျားဘုရင်မရဲ့

တောင်းဆိုမှုကို မပယ်ဖျက်နိုင်ပါ။


အဲဒါကြောင့်

ဂျူပီတာကပျားဘုရင်မကို

“ ခင်ဗျားတောင်းဆိုတဲ့အတိုင်း ပြည့်ဝစေရပါမယ်၊

ဒါပေမယ့်

အဲဒီအဆိပ်ကို သုံးလိုက်တာနဲ့တပြိုင်နက်

ခင်ဗျားရဲ့အသက်အန္တရာယ်

ထိခိုက်ပါလိမ့်မယ်၊

ခင်ဗျားက တစ်ယောက်ယောက်၊

တစ်ကောင်ကောင်ကို အဆိပ်နဲ့ထိုးလိုက်ရင်

ခင်ဗျားထိုးလိုက်တဲ့ ဒဏ်ရာထဲမှာပဲ

အဆိပ်တွေက ကျန်ခဲ့လိမ့်မယ်၊

အဲဒီအဆိပ်တွေ ဆုံးရှုံးတာနဲ့တပြိုင်နက်

ခင်ဗျားလည်း သေဆုံးပါလိမ့်မယ် ”

လို့

ဂျူပီတာ ရှင်းပြလိုက်ပါတယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com