Friday, November 12, 2010

“ ဖယောင်းတိုင်ရဲ့ အလင်းစွမ်းအား…”




ဖယောင်းတိုင်ဟာ နည်းလမ်းအသွယ်သွယ်ဖြင့် ဘာသာရေးနဲ့ နှီးနွှယ်နေတဲ့

လုပ်ရပ်များကို ကိုယ်စားပြုတဲ့ သင်္ကေတတစ်ခုဖြစ်ပါတယ်။

ဖယောင်း ဟာ လူ့ကိုယ်ခန္ဓာနဲ့တူပါတယ်။

လုပ်သားပျားမတို့ရဲ့မနားမနေ အလုပ်လုပ်မှုကြောင့် ဖယောင်းရလာပါတယ်။

ဖယောင်းဟာ ပျားဘုရင်မက ထုတ်လုပ်ခြင်းမဟုတ်သလို

အပျင်းထူတဲ့ ပျားထီးမျးက ထုတ်လုပ်ခြင်းလည်း မဟုတ်ပါ။

လုပ်သားပျားမတို့ဟာ ပန်းတစ်ပွင့်မှ တစ်ပွင့်သို့ လူးလာခေါက်တုံ့ပျံရင်း

စုဆောင်းထားရခြင်းဖြစ်ပါတယ်။

သဘာဝအလှမှ ရသာချိုမွှေးကို နည်းနည်းခြင်း မနားမနေ ဝီရိယထုတ်ပြီး

ရယူစုဆောင်းထားခြင်း ဖြစ်ပါတယ်။

အလင်းရောင်မှာလူရဲ့အသက်နဲ့ လူသားရဲ့စွမ်းအားကျက်သရေကို

ရည်ညွှန်းကိုယ်စားပြုနေပါတယ်။

ဖယောင်းနဲ့တူတဲ့ကိုယ်ခန္ဓာကို အသုံးပြုပါတယ်။

ကိုယ်ခန္ဓာကို အသုံးပြုရင်း၊ အသက်ရှင်သန်ဖို့နဲ့

အလင်းဆိုတဲ့စွမ်းအားကျက်သရေ အမြဲရှင်သန်နေဖို့ ဆောင်ရွက်ပါတယ်။

မိမိပတ်ဝန်းကျင်ကို အလင်းပေးရင်း ဖယောင်းတိုင်ဟာ

တဖြည်းဖြည်း လျှော့ပါးကုန်ဆုံးလာရပါတယ်။

အလင်းဟာ အမြဲတမ်းအထက်ကို တက်တဲ့ပုံစံနဲ့သာ ရှင်သန်ပါတယ်။

ဖယောင်းတိုင်ကို ဘယ်လိုပုံစံမှာပင် ထားထား၊

အလင်းမှာ အထက်ကိုသာတက်ပြီး ရှင်သန်ပါတယ်။

အလင်းဟာ ငြိမ်သက်စွာ အလုပ်လုပ်ပါတယ်။

အမြဲရှင်သန်တက်ကြွတဲ့သဘော ရှိပါတယ်။

ပတ်ဝန်ကျင်ကို လင်းစေပြီး အနွေးဓာတ်ကိုလည်း ပေးပါတယ်။

ဖယောင်းတိုင်း မီးတောက်သာ ပျောက်ကွယ်ရင် ပျောက်ကွယ်ပါမယ်။

မီးတောက်မှထွက်တဲ့ အလင်းဟာ ဘယ်တော့မှ မသေပါ။

အဲဒီအလင်းဟာ လဟာပြင်ထဲကို ဖြန့်ကြက်ရောက်သွားပါတယ်။

အလင်းတန်းများဟာ ဘယ်တော့မှ ရပ်တန့်မသွားပါ။

အလားတူပင် လူသားတို့ရဲ့လုပ်ရပ်ဟာလည်း အလင်းတန်းနဲ့

သဘာဝအားဖြင့် တူပါတယ်။

လူသားတို့ရဲ့လုပ်ရပ်ဟာလည်း…

ဘယ်တော့မှ မပျောက်ကွယ်ပါ။

ဘယ်တော့မှ မသေဆုံးပါ။

ဘယ်တော့မှ ရပ်တန့်မသွားပါ။

“ ထိလျက်နဲ့ မသိ…”



တစ်ခါတုန်းက ငါးတွေ အားလုံးဟာ အစည်းအဝေးတစ်ခုပြုလုပ်ဖို့အတွက်

မြစ်ကို ဆန်တက်ကူးခတ်သွားကြပါတယ်။

သူတို့တစ်တွေဟာ စိတ်ပျက်ဒေါသထွက်နေကြပါတယ်။

ဒေါသထွက်ရ၊ စိတ်ပျက်ရတဲ့အကြောင်းရင်း ရှိနေပါတယ်။


“ သူတို့ရဲ့ဘဝဟာ လုံးလုံးလျားလျား ရေပေါ်မှာ တည်နေရတယ်။

ရေမရှိရင် ငါးတွေ မရှိနိုင်၊

အသက်မရှင်နိုင်ဘူး ”

လို့ တစ်စုံတစ်ယောက်က ပြောလိုက်တဲ့စကားကြောင့် ဖြစ်ပါတယ်။

သူတို့အချင်းချင်းကြည့်ပြီး

“ တို့ထဲမှာ ဘယ်ငါးက ရေမြင်ဖူးသလဲ ”

လို့ မေးကြပါတယ်။

“ ရေဆိုတာ ဘယ်လိုဟာမျိုးလဲဆိုတာကော သိရဲ့လား ”

လို့အချင်းချင်းမေးခွန်းတွေအမျိုးမျိုး ထုတ်နေကြပြန်တယ်။

အမျိုးမျိုးဆွေးနွေးကြ၊ ငြင်းခုံပြီးတဲ့အခါ အသက်ကြီးတဲ့ ငါးတစ်ကောင်က

အောက်ပါအတိုင်း အကြံပေးပါတယ်။

“ ပင်လယ်ထဲမှာ အလွန်ပညာဉာဏ်ကြီးတဲ့ ငါးကြီးတစ်ကောင်ရှိတယ်၊

အဲဒီငါးကြီးက အစစရာရာကိုသိတယ်။

သဘာဝရဲ့ လျှို့ဝှက်ဆန်းကြယ်တာတွေကိုလည်း သိတယ်။

တို့တစ်တွေ သူ့ထံသွားပြီး မေးရရင် မကောင်းဘူးလား၊

ရေကိုပြပေးဖို ပြောရင် မကောင်းဘူးလား ”

လို့ အကြံပေးပါတယ်။

အဲဒီအကြံကို ကောင်းတယ်လို့ အားလုံးက လက်ခံတဲ့အတွက် ငါးတွေဟာ

ရေကိုစုန်ပြီး ပင်လယ်ဘက်ကို ကူးသွားကြပါတယ်။

ပင်လယ်ကိုရောက်ကြပြီး ရက်ပေါင်းတော်တော်ကြာအောင် ရေကူးလိုက်တဲ့အခါ

ပညာရှိ ငါးကြီးထံ ရောက်သွားပါတယ်။

ငါးကြီးအား သူတို့တွေရဲ့ ပြဿနာကို တင်ပြကြပါတယ်။


အဲဒီအခါ ပညာရှိငါးကြီးက သူဆီရောက်လာတဲ့ ငါးတွေကို ကြည့်ပြီး

“ မင်းတို့တစ်တွေ ကြည့်ရတာ တော်တော်စဉ်းစားဉာဏ်ကင်းမဲတဲ့ပုံပေါက်တယ်။

မင်းတို့အားလုံး ဥကနေ အကောင်ပေါက်တဲ့အချိန်ကစပြီး

မင်းတို့တစ်တွေရေထဲမှာ နေလာကြတာ

မင်းတို့ မသိကြဘူးလား၊

မင်းတို့ပတ်ပတ်လည်မှာ ရေတွေပဲပေါ့။

အဲဒီလို အနေအထားမှာ ရေကို

မသိဘူးဆိုတာ ဘာကို ဆိုချင်တာလဲ။

မင်းတို တစ်ချိန်လုံး နေ နေတာ ရေထဲမှာပဲပေါ့။

မင်းတို့နဲ့ ထိနေတာ မင်းတို့ မသိဘူးလား။

တကယ်လို့သာ ရေမရှိဘူးဆိုရင်

တို့ငါးတွေ အားလုံး တစ်ကောင်မှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး ”

လို့ ပညာရှိ ငါးကြီးက ရှင်းပြပါတယ်။


အဲဒီတော့မှ ငါးတွေအားလုံးဟာ ပညာရှိ ငါးကြီးရဲ့ ရှင်းလင်းချက်ကို သဘောကျပြီး

သူတို့နေထိုင်ရာ နေရာကို ပြန်ကူးခတ်သွားကြပါတယ်။

သူတို့ပတ်လည်တွင် အမြဲရေတွေ ရှိနေတာကို သိပြီး

ပျော်ရွှင်ချမ်းမြေ့စွာ ရေထဲမှာ အသက်ရှင်နေထိုင်သွားကြပါတယ်။

“ ဘယ်လိုစစ်မှာလဲ…”



သမီးဖြစ်သူ ယုံယုံက

သူ့ရဲ့အမေဖြစ်သူ ဒေါ်ဝင်းရွှေထိုက်ကိုပြောတယ်။


“ အမေ၊

အိပ်ရင်ဟောက်တတ်တဲ့လူကို သမီးသိပ်မုန်းတာပဲ။

သမီးတော့ အဲဒီလိုအိပ်ရင် ဟောက်တတ်တဲ့ယောက်ျားကို

ဘယ်တော့မှ အိမ်ထောင်မပြုဘူး။”


ဒေါ်ဝင်းရွှေထိုက်က


“ သမီးပြောတာမှန်ပါတယ်၊

ဒါပေမယ့် တစ်ခုရှိတယ်ကွယ့်၊

သမီးရဲ့ယောက်ျားလောင်းတွေကို

ဟောက်၊ မဟောက်

သမီးဘယ်လို စစ်ဆေးမလဲ ”

“ ကြာကြာမနေစေချင်ဘူး…”



တာချီလိတ်မှာနေတဲ့ မိန်းမဖြစ်သူ မနီနီဦးက

ယောက်ျားဖြစ်သူကိုထွန်းရွှေ ကို မေးတယ်။


“ မောင်ရေ၊

မောင်ဝယ်ထားတဲ့

‘ အသက်တစ်ရာပြည့်အောင်နေနည်း ‘

စာအုပ်ကို

ကျမ ဘယ်လိုမှ ရှာမတွေ့ပါလား၊

ဘယ်မှာ ထားထားသလဲဟင် ”


ကိုထွန်းရွှေက

“ ငါ လွှင့်ပစ်လိုက်တယ်ဟေ့ ”


မနီနီဦးက

“ ဘာဖြစ်လို့လဲ ”


ကိုထွန်းရွှေက

“ မင်းအမေ စဖတ်နေတာကိုတွေ့လို့ပေါ့ ”

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com