Monday, July 4, 2016

"အမေ့ထံသို့ ပေးစာများ-၁၁၄..."



သို့
ချစ်တဲ့အမေ
သားသတိရစွာဖြင့် စာရေးလိုက်ပါတယ်။

ရာသီတွေတစ်ခုပြီးတစ်ခုပြောင်းလဲနေတယ်။
ရာသီဥတုမှမဟုတ်ပါဘူးလေ။
အရာရာတိုင်းဟာ သိသိသာသာပြောင်းလဲတာနဲ့
မသိမသာပြောင်းလဲတာပဲ ကွာမယ်ထင်ပါတယ်။
အားလုံးကတော့ ပြောင်းလဲနေတာပဲ။
နွေဦးရာသီမှာတော့နေလို့ကောင်းတယ်။
ဆိုးဝါးပြင်းထန်တဲ့ဆောင်းရက်တွေကုန်သွားတာမို့နွေဦးရာသီဟာ နှစ်လိုဘွယ်ရာ
ကောင်းတယ်လို့ထင်မိတယ်။
ဆိုးဝါးတဲ့ဆောင်းရက်တွေကိုကျော်လွန်ပြီး သာယာလှပတဲ့နွေဦးဟာ နှစ်တိုင်းရောက်နေကျပါ။
ဒီနှစ်တော့ နွေဦးရာသီဟာ ပြီးခဲ့တဲ့နှစ်ကနဲ့မတူဘူး။
မိုးရက်တွေများနေတယ်။ ပိုပြီးပူလာသလိုပဲ။

+++++++++++++++++++++

ဒီနှစ်အီစတာပိတ်ရက်မှာတော့ ဗာဂျီးနီးယားသမုဒ္ဒရာကမ်းခြေကို သွားလည်ဖြစ်တယ်။
ဒါက ဒုတိယအကြိမ်ရောက်တာပါ။ ကျနော်တို့နေတဲ့နေရာနဲ့ လေးနာရီကျော်ကျော်လောက်ကားမောင်းရတယ်။
စိတ်ဝင်စားစရာကောင်းတာက သမုဒ္ဒရာကြမ်းခင်းအောက်က ဖေါက်ထားတဲ့ကားလမ်းပဲ။
ဆယ်မိနစ်ကျော်ကျော် ကားမောင်းရတယ်။
အမေရိကန်အင်ဂျင်နီယာတွေရဲ့စိတ်ကူးနဲ့လုပ်ဆောင်ချက်တွေကို
အံသြမိတယ်။
ပြီးခဲ့တဲ့နှစ်အီစတာပိတ်ရက်မှာတော့ ဗာဂျီးနီးယားတောင်ပိုင်းမှာ ရှိတဲ့ဆာဖါရီတိရိစ္ဆာန်ပန်းခြံကို
သွားလည်ဖြစ်တယ်။ သုံးနာရီကျော်ကျော်ကားမောင်းရတယ်။
နီးတဲ့ဟော်တယ်တစ်ခုမှာ တည်းပြီးနောက်နေ့ကျမှ သွားလည်ဖြစ်တယ်။
အဲဒီပန်းခြံက ဧက ၁၈၀ကျော် ကျယ်တယ်။
တိရိစ္ဆာန်မျိုးစုံတွေ့ရတယ်။ကားမောင်းပြီးတိရိစ္ဆာန်တွေကို အစာကျွေးရတယ်။
တစ်နာရီကျော်ကျော်မောင်းရတယ်။
လူငယ်တွေ တော်တော်သဘောကျမယ့်နေရာတစ်ခုပဲ။
ပြီးတော့ အမေရိကန်အခြေခံဥပဒေကို ရေးဆွဲသူထဲမှာ ပါဝင်တဲ့ဂျက်ဖာဆင်ရဲ့မွေးရပ်မြေနဲ့
ဂျက်ဖာဆင် ငယ်ငယ်က နေထိုင်ခဲ့တဲ့နေရာကိုလည်း ရောက်ဖြစ်တယ်။
ဂျက်ဖာဆင်လို စိတ်နှလုံးပြည့်ဝပြီး ပညာကို တန်ဖိုးထားတတ်သူတွေကြောင့် အမေရိကန်နိုင်ငံဟာ
ဖွံ့ဖြိုးတိုးတက်ပြီး ထိပ်တန်းနိုင်ငံတစ်နိုင်ငံအဖြစ်ကိုရောက်လာတာကို တွေးမိတယ်။
လွတ်လပ်ရေးရတာ နှစ်ပေါင်း ၂၄၀ တောင်ပြည့်တော့မယ်။
လွတ်လပ်ရေးရပြီး တစ်ခါမှ ကျွန်ပြန်မဖြစ်ခဲ့တာဟာ အမေရိကန်ရဲ့အခြေခံဥပဒေကိုရေးဆွဲသွားသူတွေရဲ့
ကျေးဇူးကြောင့်လို့ပြောနိုင်တယ်။ အဲဒီကျေးဇူးကို အမေရိကန်နိုင်ငံသားတွေက အသိအမှတ်ပြုထားတာတွေ
လည်း နေရာအနှံ့တွေ့ရတယ်။
ပိတ်ရက်ရတိုင်းလိုလို မရောက်ဖူးသေးတဲ့နေရာတစ်ခုခုကိုတော့ မဖြစ်မနေသွားဖြစ်ခဲ့တယ်။
အမေရိကန်နိုင်ငံမှာတော့ လည်ပတ်စရာတွေ အမြောက်အများရှိတယ်။
နေရာတိုင်းမှာလည်း သမိုင်းကြောင်းတွေရှိနေတယ်။ စိတ်ဝင်စားစရာကောင်းလှတယ်။

++++++++++++++++++++++++++

ကျနော့်ရဲ့ဒီနေ့အဖြစ်အပျက်ကိုပြောရဦးမယ်။
အလုပ်ကို ကားမောင်းထွက်လာခဲ့တယ်။
ကျနော်နေအိမ်နဲ့အလုပ်က ကားမောင်းသွားရင် ငါးမိနစ်လောက်ပဲ ကြာတယ်။
အလုပ်နဲ့အိမ်နဲ့နီးနေတာကြောင့် နေ့လည် ဆိုရင် အိမ်မှာပြန်စား၊ အိမ်မှာပြန်နားတတ်တယ်။
ဒီနေ့တော့ စားပြီး၊နားပြီးလို့အလုပ်ကိုပြန်သွားချိန်မှာ
အမြန်မောင်းလမ်းမကို ထွက်ဖို့ စောင့်နေတယ်။
ကျနော်တို့နေထိုင်တဲ့အပါ့မန့်(Apartment)
ကို ဝင်လာတဲ့ကားတစ်စီးက ကွယ်နေတာကြောင့် အခြားတစ်ဖက်က အရှိန်နဲ့မောင်းလာတဲ့ကားကို
မမြင်လိုက်ဘူး။မမြင်တော့ ကားမရှိတော့ဘူးဆိုပြီး ကျနော်က ထွက်လိုက်တယ်။
မမျှော်လင့်ပဲ ကားတစ်စီးကိုတွေ့လိုက်တော့ နောက်ကျသွားပြီအမေ။
သူကလည်း အရှိန်နဲ့မောင်းလာတယ်။ ကျနော်ကလည်း ထွက်လာတာ လမ်းမအလယ်ကိုရောက်နေပြီ။
အခြေအနေက အဆိုးဆုံးကို ရောက်ပြီ။
ပြောနေတာက ကြာဦးမယ်။ အခြေအနေက စက္ကန့်ပိုင်းအတွင်းလောက်ပဲကြာမယ်ထင်တယ်။
တစ်ဖက်ကားက ကျနော့်ထိုင်ခုံရှိတဲ့ဖက်ကိုတည့်တည့်မောင်းလာတာ။
ကျနော်ကလည်း အခြေအနေမကောင်းတာကြောင့် ဘရိတ်အုပ်လိုက်တာကြောင့် ကားက လမ်းလယ်ကောင်မှာ
ရပ်နေတယ်။
သူ့ရဲ့ရှေ့နဲ့ကျနော်ရဲ့ဘေးဖက်အနေအထား။
သူ့ရဲ့အရှိန်နဲ့ဘရိတ်အုပ်သံကို ကျနော်ကြားလိုက်တယ်။
ကျနော့်ကားနဲ့ကပ်ရက်မှာ သူ့ကားက ရပ်သွားတယ်။
နှစ်ဖက်စလုံး ကံကောင်းသွားတယ်။
တကယ်လို့ သူ့သာဘရိတ်မအုပ်နိုင်ခဲ့ရင်…
သူ့အခြေအနေထက် ကျနော့်ရဲ့အခြေအနေက ပိုဆိုးမယ်။
အဆိုးဆုံးအထိရောက်သွားနိုင်တယ်။
အမေပြောခဲ့တုန်းက သေခြင်းတရားဟာနီးနီးလေးဆိုတာ မမေ့နဲ့။ကုသိုလ်လုပ်ဖို့အမြဲသတိရပါ။
သေခြင်းတရားကို အတတ်နိုင်ဆုံး နှလုံးသွင်းဖို့ပြောပေမယ့် အပြည့်အဝခံစားလို့မရနိုင်။
အနီးကပ်တွေ့တော့ ထိပ်လန့်သွားတယ်။
တကယ် သေခြင်းတရားကို တကယ်အနီးကပ်တွေ့တော့မှ အပြည့်အဝခံစားလို့ရသွားခဲ့တယ်။
အော်…လူဆိုတာ အချိန်မရွေး သေနိုင်ပါလား ဆိုတာကိုလည်း ပိုပြီး နားလည်လာမိတယ်။
I can die anytime!

+++++++++++++++++++++++++++++

ဒီလတော့ ဒီလောက်ပါပဲ။
နောက်များမှ စာရေးပါအုန်းမယ်။
အမေ ကျန်းမာရေးကို ဂရုစိုက်ပါနော်။
ချစ်တဲ့သား
အောင်ဝင်းဟိန်း
အက်ရှ်ဗန်းမြို့၊
ဗာဂျီးနီးယားပြည်နယ်၊
အမေရိကန်ပြည်ထောင်စု။

Tuesday, February 2, 2016

"အမေ့ထံသို့ ပေးစာများ-၁၁၃..."





သို့
ချစ်တဲ့ အမေ
သတိရစွာဖြင့်စာရေးလိုက်ပါတယ်။
ဂျိုးနတ်စ်(Jonas) နှင်းမုန်းတိုင်ကတော့ နှစ်ရက်လောက် အားရပါးရကျပြီးတော့ ခုတော့ ပြီးသွားပြီ။
ဒါပေမယ့် နှင်းမုန်တိုင်းရဲ့နောက်ဆက်တွဲကတော့ ခုမှစတယ်။
နှင်းထုက ပေါင်လယ်ကျော်နေတယ်ဆိုတော့ တော်တော်ရှင်းရဦးမယ်။
နယူးယောက်မြို့မှာဆိုရင် လူတစ်ရပ်စာလောက်ကျတဲ့နေရာရှိတယ်လို့ကြားရတယ်။
ဆိုးဆိုးဝါးဝါးဖြစ်တဲ့မြို့တွေကတော့ ဝါရှင်တန်ဒီစီနဲ့ဘော်တီမိုးမြို့။
လူအသေအပျောက်ရှိတယ်။ သတင်းအရတော့ …..(၁၄)ယောက်ရှိသတဲ့။
အမေရိကန်သမိုင်းမှာတော့ အဆိုးဆုံးနှင်းမုန်တိုင်းလို့သိရတယ်။
မုန်တိုင်းဒဏ်ခံရတဲ့လူဦးရေဟာ ၈၅-သန်းတောင်ရှိတယ်လို့ဆိုပါလား။
အဲဒီလူတွေအားလုံးနီးပါးဟာ နှင်းရှင်းပွဲကို ဆက်လက်ဆင်နွဲရတော့မယ်။
လူကြီးတွေက နှင်းကို နည်းမျိုးစုံရှင်းချိန်မှာ ကလေးတွေကတော့ နှင်းပုံပေါ်မှာ ပျော်ရွှင်စွာ ဆော့ကစားကြတယ်။
ကျနော်ရဲ့ကားကတော့ ကားဂိုဒေါင်ထဲမှာဆိုတော့
ကားကိုတော့ မရှင်းရလို့ တော်သေးတာပေါ့လို့မပြောနိုင်ပါဘူး။
ကားဂိုဒေါင်တံခါးကိုဖွင့်လိုက်တာနဲ့ကားဘယ်လိုမှ သွားလို့မရအောင် နှင်းတွေက ပိတ်ဆို့နေတယ်။
အချို့ကတော့ နှင်းရပ်သွားတာနဲ့သူတို့ရဲ့ကားကို နှင်းထုထဲက ဖယ်ရှားနေတာကိုတွေ့ရတယ်။
ကျနော်ရဲ့ကားဂိုဒေါင်ရှေ့ကနှင်းထုကိုဖယ်ရှားတာ သုံးနာရီသာကြာသွားတယ်။
တစ်ဝက်လောက်ပဲ ရှင်းဖြစ်တယ်။ဒီလောက်အေးခဲချိန်မှာ ချွေးဒီးဒီးကျတယ်။
တကယ့်အားကစားလေ့ကျင့်ခန်းကိုလုပ်နေရတဲ့အတိုင်းပါလား။
လေ့ကျင့်ခန်းမလုပ်ဖြစ်တာကြာပြီဆိုတော့ တော်တော်ပင်ပန်းတယ်။
နောက်နေ့မှာ ကိုယ်လက်တွေနာနေတယ်။ခါးလည်းနာတယ်။
အိမ်နီးနားချင်းတွေအားလုံးက ကိုယ့်လိုပဲအားကိုးမာန်တက်လုပ်တာတွေ့တော့လည်း
မဖြစ်မနေလုပ်ရတော့တယ်။
ကားဝင်ထွက်ရရုံ နှင်းရှင်းထားတော့ ကားကို ကပ်သီးကပ်သပ်ဝင်ထွက်နေရတယ်။
ကားကကြီးတော့ အစဉ်မပြေပါ။
ဒါကြောင့် နှင်းကိုနောက်နေ့မှာ ရှင်းဖို့ဂေါ်ပြားကမဝယ်ရသေး။
အိမ်နီးနားချင်းဆီမှာလည်း ထပ်မငှားချင်လို့ ဂေါ်ပြားအဝယ်ထွက်တယ်။
တစ်မြို့လုံးမှာ နှင်းရှင်းဂေါ်ပြားလုံးဝကုန်နေတယ်။
သုံးရက်မြောက်နေ့မှ မြို့ပြင်တစ်နေရာက နှင်းရှင်းဂေါ်ပြားတစ်လက်ရတယ်။
အဲဒီနေ့မှာ အိမ်ရှေ့ကိုလုံးဝ ရှင်းဖြစ်တယ်။
မြင်မြင်သမျှကတော့ နှင်းတွေ။ နေရာတိုင်းမှာ ဖွေးဖွေးဖြူလို့။
နှင်းပင်လယ်လို့တောင်ပြောနိုင်တယ်။
++++++++++++++++++++
ကျနော်နေတဲ့အခန်းက ပထမထပ်ဖြစ်တော့ အိမ်ရှေ့က လျှောက်လမ်းမှာနှင်းနည်းနည်းပဲရှိတယ်။
ဒါပေမယ့် ဝါရံတာမှာတော့ နှင်းတွေက လက်မ-၂၀ကျော်ရှိတယ်။
အဲဒီဝါရံတာကိုလည်း အသုံးမပြုတာများတော့ မရှင်းတော့ပါ။
အချိန်တန်ရင် နေပူချိန်နဲ့ အရည်ပျော်သွားလိမ့်မယ်။
နှင်းကျပြီးဆက်တိုက်လိုလို နေပူတယ်။
အများသွားတဲ့လမ်းကြောင်းကို သက်ဆိုင်ရာက ချက်ချင်းရှင်းတဲ့အတွက်
ကားသွားရတာ အစဉ်ပြေလာပါတယ်။
သက်ဆိုင်ရာတာဝန်ရှိသူတွေက တာဝန်ခံကြတယ်။တာဝန်ယူပြီးနှင်းရှင်းကြတယ်။
မြင်ကွင်းကတော့ ဖါးကန့်အတိုင်းပါပဲ။
နေရာတိုင်းမှာ မြေစာပုံတွေရှိနေသလိုမျိုး နှင်းစာပုံကရှိနေတယ်။
ဒီမှာက ဖွက်မရှိဘူး။
အမေရိကန်မှာ အဆိုးဆုံးနှင်းမုန်တိုင်းနှစ်ရက်ဆက်တိုက်ဖြစ်သွားတာတောင်
လူအသေအပျောက်က ဆယ်ဂဏန်းလောက်ပဲရှိတယ်။
ဒါကိုတွေ့ကြုံရတော့ နာဂစ်မုန်တိုင်းကို သွားသတိရမိတယ်။
တကယ်လို့ နာဂစ်မုန်တိုင်းသာ အမေရိကန်မှာဖြစ်ခဲ့မယ်ဆိုရင်
လူအသေအပျောက်ရာဂဏန်းထက်ပိုမှာမဟုတ်ဘူးလို့တွေးမိတယ်။
ဘာတွေက ကွာခြားနေသလဲ။
ဒီမှာက အုပ်ချုပ်သူတွေက တာဝန်ခံတယ်။ တာဝန်ယူတယ်။
ပြီးတော့ နည်းပညာတိုးတက်အောင်ကြိုးစားတယ်။
မုန်တိုင်းလာမယ်ဆိုတာ တစ်ပတ်ကျော်လောက်ကတည်းက ကြိုသိနေတယ်။
တစ်နေ့ထက်တစ်နေ့ ပိုသိအောင် သတင်းကို အချိန်မီထုတ်ပြန်ပေးတယ်။
အစိုးရက တိကျတဲ့ကြိုတင်ကာကွယ်မှုတွေကို လုပ်နေတာကိုတွေ့ရတယ်။
ပြည်သူတွေကိုလည်း ပူးပေါင်းပါဝင်အောင် စွမ်းဆောင်နိုင်တယ်။
ပြည်သူတွေကလည်း တာဝန်သိသိနဲ့ပူးပေါင်းလုပ်ဆောင်ကြတယ်။
ဒါကြောင့်လူအသေအပျောက်နည်းတယ်လို့ပြောနိုင်တယ်။
+++++++++++++++++
ကျနော်တို့လည်း အမေရိကန်နိုင်ငံရဲ့သမိုင်းမှာ အဆိုးဆုံးလို့နာမည်ကြီးတဲ့နှင်းမုန်တိုင်းကို
တွေ့ကြုံဖူးသွားတာက အမြတ်တစ်ခုလို့မှတ်ယူပါတယ်။
ကောင်းကောင်းနားရတဲ့ ပိတ်ရက်နှစ်ရက်ရတာလည်း အမြတ်ပါပဲ။
အဆိုးထဲက အကောင်းလို့ပြောရမှာပဲ။

ဒါပါပဲအမေ။
အမေကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
အက်ရှ်ဗန်းမြို့၊
ဗာဂျီးနီးယားပြည်နယ်၊
အမေရိကန်ပြည်ထောင်စု။



လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com