Thursday, March 4, 2010

“ နောက်ထပ် ပန်းတိုင်က ဘာလဲ?...”



ကျနော်အသက်က ၁၂-နှစ်သာရှိသေးချိန်။

ကျနော်ဝါသနာက သေနတ်ပစ်အားကစား။

ဒီကာလမှာ ကျနော်ရဲ့ရည်မှန်းချက်က တစ်ခုတည်းပဲဖြစ်တယ်။

ရိုင်ဖယ်သေနတ်ပစ်သမားကောင်းတွေထွက်တဲ့နာမည်ကြီးလှတဲ့

ကျနော်တို့ကျောင်းမှာ အကောင်းဆုံးသေနတ်ပစ်သမားတစ်ဦးဖြစ်ဖို့။

ကျနော်ရဲ့အဖေထံကို စာတစ်စောင်ရေးပို့ခဲ့တယ်။

အမှတ်ပေါင်း၂၁၀ထိအမြင့်ဆုံးရနိုင်တဲ့ပွဲစဉ်မှာ

ကျနော်လေ့ကျင့်စဉ်ကအများဆုံး ၂၀၅-မှတ်အထိရခဲ့ကြောင်း၊

တကယ်ပြိုင်ပွဲမှာ ဒီအတိုင်းပစ်နိုင်ပါက ဗိုလ်စွဲမှာ သေချာကြောင်းဆိုပြီးစာရေးလိုက်ပါတယ်။

အဖေ့ထံမှ စာတစ်စောင်ပြန်ရေးလာပါတယ်။

အဖေ့စာက

“၂၀၅-မှတ်ကိုဘာလို့ထပ်ပစ်နေမှာလဲ?။

၂၁၀-မှတ်ရအောင်ပစ်ပါ။

သားအမြဲမှတ်ထား၊

ဘယ်လုပ်ငန်းပဲလုပ်လုပ် ရပြီးတဲ့အောင်မြင်မှုသရဖူနဲ့ကျေနပ်မနေနဲ့။

ပန်းတိုင်တစ်ခုရောက်ပြီးပြီဆိုရင်

နောက်ထပ်ဒီထက်မြင့်တဲ့ရည်မှန်းချက်ပန်းတိုင်တစ်ခုထပ်ချရမယ်။”


အဖေ့စကားအတိုင်း အမှတ် ၂၁၀-မှတ်ရအောင်ကျနော်ကြိုးစားခဲ့တယ်။

ပြိုင်ပွဲကျင်းပတဲ့အခါ ကျနော် ၂၀၈-မှတ်ရတယ်။

ကျနော်တို့ကျောင်းအတွက် စံချိန်သစ်ဖြစ်တယ်။ ဒီစံချိန်ကို ဒီနေ့အထိ ချိုးနိုင်သူမပေါ်သေး။

အဖေ့စကားမှန်တယ်။ အဖေ့ဟာပြောတဲ့အတိုင်းလုပ်သူလည်းဖြစ်တယ်။

အဖေဟာ ၁၉၃၁-ခုနှစ်မှာ ဆာဘွဲ့ချီးမြှင့်ခြင်းခံရတယ်။

တစ်မိနစ်ကို ၄-မိုင်နှုန်းထက်ကျော်လွန်ပြီး မော်တော်ကားကို မောင်းနှင်နိုင်တဲ့

ပထမဆုံးလူသားဖြစ်တယ်။

အဖေဟာကုန်းရော၊ရေပြင်မှာပါ အမြန်ဆုံးစံချိန်ရှင်တစ်ဦးဖြစ်တယ်။

ကျနော်ဟာအဖေတူသားဖြစ်ချင်တယ်။

ဒါကြောင့်ကျနော်တို့ရဲ့ကြိုးစားအားထုတ်မှုတွေကို ရပ်ဆိုင်းပစ်လို့မဖြစ်ပါ။


ကြိုးစားအားထုတ်မှုတွေကို ရပ်ဆိုင်းလိုက်တာနဲ့ တပြိုင်နက်

ကျနော်တို့ရဲ့တိုးတက်ဖွံ့ဖြိုးမှုတွေရပ်ဆိုင်းသွားမှာ သေချာတယ်။


[ Ref: The Best Advice I Ever Had…..by Donald Campbell ]

“ အကောင်းလေးလည်း ရှိအုန်းမှ...”



ဆေးပညာမှာ ပါရဂူမြောက်တဲ့ ဆရာဇီဝကဟာ

ဘုရားရှင်ရဲ့ ကျန်းမာရေးကိစ္စအဝဝကို

စောင့်ရှောက် ကုသပေးနေတဲ့ သောတာပန် အရိယာကျောင်းဒကာတစ်ဦး ဖြစ်တယ်။

ဒီ့ပြင် ဗိမ္ဗိသာရမင်းကြီးရဲ့နန်းတွင်းသမားတော်ကြီးလည်းဖြစ်ပါတယ်။

ဆရာဇီဝကဟာ အဇာတသတ်မင်းသားက ခမည်းတော်ကြီးကိုဖယ်ရှားပြီး

ထီးနန်းစည်းစိမ်ကို သိမ်းပိုက်တဲ့အခါကျတော့လည်း

နန်းတွင်းသမားတော်တာဝန်ကို ဆက်လက်ထမ်းဆောင် နေရပါတယ်။

ရှင်ဘုရင်ကတာဝန်ပေးလို့သာ အမှုတော်ထမ်းနေရပေမယ့်

ဆရာဇီဝကရဲ့စိတ်ထဲမှာ

အဇာတသတ်ဟာ အလွန်ကျေးဇူးကန်းတယ်၊

ခမည်းတော်အရင်းကို ဖယ်ရှားပြီး အချိန်မကျသေးဘဲနဲ့

ထီးနန်းအာဏာကို မတရားသိမ်းပိုက်ထားတဲ့ မင်းဖြစ်တယ်။

ဆိုတဲ့ စိတ်ထားနဲ့ အဇာတသတ်မင်းအပေါ်မှာ အမြင်မကြည်လင်ပါဘူး၊

စကားတောင်မှမေးပြော ခေါ်ထူးသဘောမျိုးနဲ့နေခဲ့ပါတယ်။

တစ်နေ့တော့ အဇာတသတ်မင်းကြီးက ရာဇဂြိုဟ်မြို့ထဲမှာ မီးလောင်မှုခဏခဏဖြစ်လွန်းလို့

မီးလောင်မှုဖြစ်ပွားသူ ဘယ်သူမဆို မြို့ပြင်ထွက်နေရမယ်

လို့အမိန့်ထုတ်ပြန်လိုက်ပါတယ်။

မကြာခင်မှာပဲ အဇာတသတ်မင်းရဲ့နန်းတော်ဝင်းထဲမှာ မီးလောင်မှုဖြစ်တဲ့အခါ

အဇာတသတ်မင်းကြီးက

ငါထုတ်ပြန်ထားတဲ့အမိန့်အရ ငါ့နန်းတော်ကိုမြို့ပြင်ထုတ်စေ

လို့ဆုံးဖြတ်ပြီး

မြို့သစ်ကိုတည်စေခဲ့တယ်။

အဇာတသတ်မင်းရဲ့ဆုံးဖြတ်ချက်ကိုလဲ ကြားလိုက်ရော

ဆရာဇီဝကစိတ်ထဲမှာ

ဒီမင်းသားဟာ ဖခင်အရင်းခေါက်ခေါက်ကြီးကိုသတ်မိတဲ့အထိ မိုက်လုံးကြီးခဲ့ပေမယ့်

သူ့အမိန့်သူတော့ လေးစားနာခံဖော်ရပေသားပဲ၊

ဒီလိုဆိုရင်တော့လည်း မဆိုးလှပါဘူး။

ပြုပြင်လို့ရနိုင်တဲ့ စိတ်ဓါတ်ကောင်းတော့ ရှိပေသားပဲ

လို့တွေးပြီး

အဇာတသတ်မင်းအပေါ် အမြင်ပြန်ကြည်သွားပါတယ်။

ဒါကြောင့်အဇာတသတ်မင်းကို ဘုရားရှင်ထံရောက်အောင်

ဆရာဇီဝကကိုယ်တိုင် စီစဉ်ပေးတာဖြစ်ပါတယ်။

ဘုရားရှင်နဲ့တွေ့ပြီးလို့ သာသနာတော်ရဲ့ကျေးဇူးကို သိခွင့်ရပြီးချိန်မှာတော့

အဇာတသတ်မင်းဟာ အပြစ်တွေ ပြေရာပြေကြောင်းအတွက် အများကြီးကျိုးစားခဲ့ပါတယ်။

ပထမဦးဆုံး သံဂါယနာတင်ပွဲကြီးအောင်မြင် ပြီးမြောက်အောင် တာဝန်ယူခဲ့ပါတယ်။


ဒါပေမယ့်...အဆိုးက အဆိုးပါဘဲ။

အကောင်းကလည်း အကောင်းပါဘဲ။

အကျိုးပေးတော့လည်း သတ်သတ်စီပါ။

တစ်ဘဝ စံစားရဖို့အတွက်

သံသရာနဲ့ချီပြီး ဘဝပေါင်းများစွာ ခံလိုက်ရတာကတော့

မတန်ပါဘူး။

သင်ခန်းစာယူတတ်မယ်ဆိုရင်

ယူစရာပါဘဲ။